ယူကရိန်းက အမေရိကန်ထုတ် ဓာတုလက်နက်များ အသုံးပြုနေဟု ရုရှားပြော
ယူကရိန်းစစ်ဘက်က အမေရိကန်နိုင်ငံထုတ် ဓာတုလက်နက်များကို အသုံးပြုနေကြောင်း ရုရှားသံအမတ်ကြီး တစ်ဦး ကပြောသည်။
ယခုကဲ့သို့ ဓာတုလက်နက်များကို အသုံးပြုနေခြင်းသည် နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း နယ်သာလန်နိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီးနှင့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့မှ ရုရှားနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဗလာဒီမာတာရာဘရင်က ပြောသည်။
“စစ်ဆင်ရေးကာလ တစ်လျှောက်လုံးမှာ ယူကရိန်း တပ်မတော်အနေနဲ့ အမေရိကန်နိုင်ငံထုတ် ဓာတုလက်နက်များကို အသုံးပြုခဲ့တာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့မှာ မှတ်တမ်းတွေရှိပါတယ်” ဟု တာရာဘရင်က တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင်ပြောသည်။
အဆိုပါ ဓာတုလက်နက်များကိုလည်း အမေရိကန်နိုင်ငံက ယူကရိန်းနိုင်ငံသို့ ပေးပို့နေခြင်းဖြစ်ကြောင်းနှင့် ယူကရိန်း စစ်ဘက်က ထိုကဲ့သို့ ဥပဒေ ချိုးဖောက်နေခြင်းကို အမေရိကန်နိုင်ငံကလည်း ထောက်ခံပေးနေကြောင်း ၎င်းကဆက်ပြောသည်။
ဓာတုလက်နက်တားမြစ်ရေး အဖွဲ့က ကမကထပြုကြီးမှူးသည့် ဓာတုလက်နက်အသုံးပြုမှု ထိန်းချုပ်ရေး သဘောတူစာချုပ်ကို ၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင် ပြဋ္ဌာန်းပြီးနောက် လေးနှစ်အကြာတွင် စတင်အသက်ဝင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၂ ခုနှစ် သြဂုတ်လအထိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံက သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကာ ယူကရိန်းနိုင်ငံသည်လည်း စာချုပ်ကို အသိအမှတ်ပြုပြီး စာချုပ်ပါအချက်အလက်များကို လိုက်နာရန် သဘောတူ လက်ခံထားသည်။
အဆိုပါသဘောတူစာချုပ်အရ စာချုပ်ပါ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဓာတုလက်နက်များ ထုတ်လုပ်မှု၊ ရယူမှု၊ သိုလှောင်ထားမှုကိုသာမက ထိုလက်နက်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ လွှဲပြောင်းပေးပို့ခြင်း ပြုလုပ်ခွင့်မရှိသည့်အပြင် ထိုကဲ့သို့သော လက်နက်မျိုးကိုလည်း အသုံးပြုခွင့် မရှိကြောင်း သိရသည်။