ကျောက်ကပ်အစားထိုးခြင်းဆိုတာ အင်ဂျင်အသစ်လဲသလိုမဟုတ်ပါ

 

ကျောက်ကပ်အစားထိုးခြင်းဆိုတာ အင်ဂျင်အသစ်လဲသလိုမဟုတ်ပါ

လူတစ်ဦးမှာ   ကျောက်ကပ်နှစ်ခုရှိပါတယ်။   ညာ ဘက်မှာတစ်ခု၊   ဘယ်ဘက်မှာတစ်ခုရှိပါတယ်။ ကျောက်ကပ်နှစ်ခုက စက္ကန့်တိုင်းမှာ အလုပ်လုပ်နေပြီး နှလုံး၊ အဆုတ်၊ အသည်း၊ ဦးနှောက်၊ အူ၊ ဝမ်းတွင်း ကလီစာတွေအားလုံး ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ လုံလုံလောက်လောက်ရဖို့အတွက် အလုပ်လုပ်ပေးပါတယ်။

လူတစ်ဦးက ကျောက်ကပ်တစ်ခုတည်းရှိရင်လည်း အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာသန်စွမ်း တဲ့လူတွေက သူတို့ရဲ့ကျောက်ကပ်တစ်ခုကို ကျောက် ကပ်လုံးဝနီးပါးအလုပ်မလုပ်တော့တဲ့ ဝေဒနာရှင်တွေကို လှူဒါန်းနိုင်တာပါ။ အခုနောက်ပိုင်းမှာ တပ်မတော်ဆေးရုံတွေမှာ  ကျောက်ကပ်အစားထိုးကုသခြင်းကို အတွဲပေါင်း  ၄၀၀ ကျော် အောင်မြင်စွာ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

ကျောက်ကပ်အစားထိုးကုသခြင်းက ကားအင်ဂျင် အဟောင်းကို အင်ဂျင်အသစ်လဲပြီး တပ်ဆင်လိုက်တာနဲ့ မူလကား အဟောင်းက အဆင်ပြေသွားတာမျိုးနဲ့ သဘောတရားမတူပါဘူး။ ကျွန်မတို့တွေ ဂျပန်ကားအဟောင်းတွေကို  အင်ဂျင် အသစ်လဲပြီး   စီးဖူးတဲ့ အတွေ့အကြုံတွေရှိကြတာမို့ ဒီဥပမာကိုပေးတာပါ။

အသစ်လဲတပ်ဆင်လိုက်တဲ့  အင်ဂျင်အသစ်ကို ဘေးမှာရှိတဲ့ တခြားပစ္စည်းတွေ (ဘက်ထရီ၊ ကာပရိုက် တာ၊ ကားတာယာ) အားလုံးကလက်ခံကြပါတယ်။ ဒီအချက်က လူ့အသက်နဲ့သက်ဆိုင်တဲ့ ကျောက်ကပ်နဲ့ သက်မဲ့အင်ဂျင်ရဲ့ အဓိကကွာခြား ချက်ပါပဲ။ ကျွန်မ တို့ခန္ဓာကိုယ်မှာ  မွေးကတည်းကပါလာတဲ့  ကိုယ်ပိုင် တပ်မတော်က   လူတိုင်းမှာရှိပါတယ်။   ဒီကိုယ်ပိုင် တပ်မတော်မှာပါဝင်တဲ့ စစ်သည်တော်တွေက ကိုယ်ခံ စွမ်းအား (Immunity) ကိုပေးပါတယ်။  ဒီစစ်သည်တော် တွေက ကျွန်မတို့ခန္ဓာကိုယ်ထဲ ကျူးကျော်လာတဲ့သူတွေအားလုံးကို ရန်သူလို့ပဲသတ်မှတ်ပြီး တိုက်ခိုက်ပါတယ်။ အဲဒီတော့ အစားထိုးပြီးထည့်လိုက်တဲ့ ကျောက်ကပ်အသစ်ကိုလည်း   ရန်သူလို့ပဲသဘောထားပြီး သတ်ဖြတ်ဖို့ကြိုးစားပါတယ်။

အဲဒါကြောင့် ကျောက်ကပ်အစားထိုးလက်ခံမယ့် သူတွေကို ဒီစစ်သည်တော်တွေ အားယုတ်သွားစေမယ့် (တစ်နည်း) ကိုယ်ခံအားကျစေမယ့်ဆေး (Imm-unosuppressants) တွေ ထိုးရ၊  တိုက်ရပါတယ်။

အဲဒီလို  ကိုယ်ခံအားကျစေမယ့်ဆေးတွေတိုက်ခြင်း၊ ထိုးခြင်းအားဖြင့်  အစားထိုးလိုက်တဲ့ ကျောက်ကပ်အသစ်ကို မထိခိုက်အောင်၊ မပွန်းပဲ့အောင် ကာကွယ် လိုက်တာပါ။ အဓိကဦးစားပေးတာက ကျောက်ကပ် အသစ်အတွက်ဆိုပေမယ့် ဆေးတွေရဲ့ ကျန်တဲ့ဘေး ထွက်ဆိုးကျိုးတွေ ပါလာတတ်ပါတယ်။

ကျွန်မတို့ရဲ့ခန္ဓာကိုယ်မှာ  ကိုယ်ခံစွမ်းအားကြောင့် ဗက်တီးရီးယားပိုးတွေက အနိုင်မရတဲ့သဘောတရား ရှိပါတယ်။ ဗက်တီးရီးယားပိုးဆိုတာ ခန္ဓာကိုယ်အတွင်း မှာလည်းရှိသလို  ခန္ဓာကိုယ်ပြင်ပ လေထု၊  ရေထု၊ မြေကြီးအမှုန်တွေနဲ့ အစားအသောက်တွေထဲမှာလည်း ရှိပါတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ မှို၊ ပရိုတိုဇိုးဝါး အားလုံးကို ဆိုလိုတာပါ။ ဗက်တီးရီးယားရောဂါပိုးမွှားတွေက ကျွန်မတို့ခန္ဓာကိုယ်ထဲမှာ အတူရှိနေတယ်ဆိုတော့ ကျွန်မတို့ခန္ဓာကိုယ်အတွင်းမှာ ရှိတဲ့ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ကပ်ပါးတွေက ကိုယ်ခံအားကောင်းနေတဲ့အချိန်မှာ ဒုက္ခမပေးကြပါဘူး။ ဒါပေမဲ့သူတို့က ကိုယ်ခံအားနည်းနေပြီဆိုရင်တော့ ဒုက္ခပေးကြပါတယ်။  ခန္ဓာကိုယ်ပြင်ပမှာရှိတဲ့  ရောဂါပိုးမွှားတွေက လည်း ဒီသဘောတရားပါပဲ။ ဒီလိုဆိုရင် ကျောက်ကပ်အသစ်ကိုဦးတည်ပြီးပေးတဲ့ ကိုယ်ခံအားကျစေတဲ့ဆေးက မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်လို့ တင်စားလို့ရပါတယ်။ ရေမှုတ်ကတော့ အစားထိုးလိုက်တဲ့ကျောက်ကပ်အတွက်ဖြစ်ပြီး မီးစကတော့  ကျွန်မတို့ကိုယ်ပိုင်တပ်မတော်မှာရှိတဲ့ စစ်သည်တော်တွေအတွက်ဖြစ်ပါတယ်။

စစ်သည်တော်တွေ အင်အားနည်းသွားရင် ကျွန်မတို့ခန္ဓာကိုယ်ကြီးက  အတွင်းရန်သူနဲ့   ပြင်ပရန်သူတွေကြောင့် ခန္ဓာကိုယ် အတွင်း စစ်ပွဲဖြစ်ပြီး အသက်ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့်  ကိုယ်ခံအားကျစေတဲ့ဆေးတွေကို လူနာရဲ့အသက်အရွယ်၊ ကိုယ်အလေးချိန်၊ အသည်းရဲ့ ကြံ့ခိုင်မှုပမာဏ၊   သွေးထဲမှာရှိတဲ့ဆေးပမာဏ၊ ရင်ဆိုင်နေရတဲ့  ရန်သူအင်အားပေါ် မူတည်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်အောင် ဆေးကိုချိန်ဆပေးရပါတယ်။ တစ်ချိန်တည်းမှာပဲ ပြင်ပက ရောဂါပိုးမွှားတွေ  ခန္ဓာကိုယ်ထဲမဝင်နိုင်အောင်  လုပ်ဆောင်ရပါတယ်။ နှာခေါင်းစည်းတပ်ခြင်းဖြင့် လေထဲမှာပါလာတဲ့ ရောဂါပိုးမွှားတွေကို ဟန့်တားရာရောက်ပါတယ်။ ရေကိုကျိုချက်သောက်ခြင်းဖြင့် ရေထဲမှာပါလာနိုင်တဲ့ ပိုးမွှားတွေကို သန့်စင်ပြီးဖြစ်စေပါတယ်။ ပူပူနွေးနွေး ချက်ပြုတ်ထားတဲ့အစားအစာတွေ၊   ယင်လုံအောင် ဖုံးအုပ်ထားတဲ့အစားအစာတွေ၊   ကောင်းမွန်စွာချက် ပြုတ်ထားတဲ့အစားအစာတွေကိုပဲ  စားခြင်းအားဖြင့် အစားအသောက်ကနေ ကူးစက်ပြန့်ပွားနိုင်တဲ့ ပိုးမွှားတွေကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အသီးအနှံတွေကိုလည်း  အခွံနွှာပြီးစားသင့်ပါတယ်။  ယင်နားထားရင်  ရောဂါပိုးတွေ  ပါလာတတ်ပါတယ်။  ရေနဲ့ ဆေးကြောလိုက်ရုံနဲ့ ရောဂါပိုးမကင်းစင်နိုင်ပါဘူး။

လူထူထပ်တဲ့နေရာတွေမှာဆိုရင် ပိုးမွှားတွေ ပိုပြီး များနိုင်ခြေရှိတဲ့အတွက် အဲဒီနေရာမျိုးတွေကို  ရှောင်သင့်ပါတယ်။ လက်ကို ဆပ်ပြာနဲ့သေချာစွာဆေးကြောဖို့လည်း အရေးကြီးပါတယ်။ ဒီလိုအသိနဲ့ အမြဲတမ်း လိုက်နာဆင်ခြင်ဖို့ အရေးကြီးပါတယ်။

ကိုယ်ခံအားကျတဲ့ဆေးမသောက်မီ   လအနည်း ငယ်တုန်းက  နှာစေးချောင်းဆိုး၊  တုပ်ကွေးဖြစ်ရင်  အစားအသောက် မပျက်ဘဲ  ပြန်ကောင်းဖူးပေမယ့် ကျောက်ကပ်အစားထိုးကုသပြီး ကိုယ်ခံအားကျနေတဲ့ အချိန်မှာ တုပ်ကွေးကြောင့် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့် ဒီဆောင်းပါးကိုဖတ်ပြီး ကိုယ်ခံအားကျ တဲ့ဆေးကြောင့်   ကိုယ်ခံအားနည်းသူတွေ၊  သူတို့ရဲ့မိသားစုဝင်တွေကလည်း  ဆင်ခြင်တုံတရားရှိစေဖို့ ရေးသားလိုက်ရပါတယ်။   

ပါမောက္ခဒေါက်တာခင်ဖြူပြာ