တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၂၅

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့် အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  မတ်လ ၂၃ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့်   တာဝန်ကျအကောက်ခွန် အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊  လေဆိပ်(သွင်းကုန်)၌   ဝန်စည်(၁)ခုအတွင်းမှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် GEPRC Drone(ဘက်ထရီမပါ) (၁)စုံ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀) ကို လည်းကောင်း၊    ထီးတန်းဆိပ်ကမ်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်လိုင်စင်  တင်ပြနိုင်ခြင်း မရှိသည့် တရုတ်နိုင်ငံထုတ်  Air Dryer (၁) ခု  အပါအဝင် ကုန်ပစ္စည်း(၆)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀၀)  ကို လည်းကောင်း၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ်  ၆၂၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန်လုပ်ထုံး လုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ  ဆောင်ရွက်ခဲ့ရာ မတ်လ ၂၃ ရက်တွင် လက်ပန်လှ-စဉ့်ကူး ယာယီစစ်ဆေးရေး စခန်း၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် တရုတ်နိုင်ငံထွက် ပန်းသီး(၈၅၀၀)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့်  Hino Ranger (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀)ကို လည်းကောင်း၊ ချမ်းမြ သာစည်မြို့နယ်၊ ၆၄(ဗ)လမ်း၊ ၁၁၂ လမ်းနှင့် ၁၁၂(A)လမ်းကြား၊ ရွှေဌေးဂိုဒေါင်၌ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် မလေးရှားနိုင်ငံထုတ် Oriental Prown Crackers မုန့်(၁၇၄၀)ထုပ်၊ တရုတ်နိုင်ငံထုတ် Pressure Cookerဟင်းချက်အိုး (၁၈၄)လုံး၊ ခြင်ဖမ်းစက် (၆၅၀)ခု အပါအဝင် ကုန်ပစ္စည်းအမျိုး (၂၀)(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၄၀၀၀၀)ကို လည်းကောင်း၊ မတ်လ ၂၄  ရက်တွင် မန္တလေး-မတ္တရာလမ်း၊ ကြာနီကန်တိုးဂိတ်အကျော်၊ BOC ဆီဆိုင်အနီး၌ မော်တော်ယာဉ် (၂)စီးပေါ်မှ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (၆၀၀၀)ဂါလန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၄၁၂၅၀၀၀၀) နှင့် အဆိုပါစက်သုံးဆီများ တင်ဆောင်လာသည့် Nissan Diesel Truck (၂)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၈၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၅၅၉၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ  မတ်လ၂၃ ရက်တွင်  ညောင်ခါးရှည် X-Ray  စက် စစ်ဆေးရေးဂိတ်၌ မော်လမြိုင်မြို့မှ နေပြည်တော်သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီး၊ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးနှင့် ဘားအံမြို့မှ တောင်ငူမြို့သို့မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး တို့ပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်  ပုစွန်နှစ်ကောင် စားအုန်းဆီ  (၁)လီတာပါဘူး  (၃၆၀)၊ အဝတ်လျှော်စက်(Used)အလုံး (၁၀)၊ ပြောက်ကျား ယူနီဖောင်း (အင်္ကျီလက်ရှည်+ဘောင်းဘီအရှည်) (၁၀)စုံ အပါအဝင် ကုန်ပစ္စည်း(၉)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၂၄၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၂)စီးနှင့် Scania Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ မတ်လ ၂၄ ရက်တွင် တောင်ငူခရိုင်အတွင်း၌   တရားမဝင်အခြားသစ် (၃ ဒသမ ၄၈၇)တန်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၇၉၁၈) ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၆၁၂၉၁၈) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၂၄ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့  Toyota   Crown မော်တော်ယာဉ် (၁)စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၅၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၂၄ ရက်တွင်  ရန်ကုန်တိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ဒဂုံဧရာအဝေးပြေး ကားဝင်းအနီး၌ လိုင်စင်မဲ့ Toyota   Succeed   မော်တော်ယာဉ်(၁)စီး     (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀)ကို   ပို့ကုန်သွင်းကုန် ဥပဒေအရ လည်းကောင်း၊   တိုက်ကြီးမြို့နယ်၌ တရားမဝင်အခြားသစ် (၂ ဒသမ ၈၈)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၁၅၉၅၀)ကို သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၁၅၉၅၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၂၁)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၁၄၅၁၈၈၆၈)ဖြစ်ကြောင်း  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ  သိရသည်။