နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

 

နေပြည်တော် မတ် ၂၆

    နေပြည်တော်ကို  ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို    ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌  ကျင်းပသည်။ 

အစည်းအဝေးသို့ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊   နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများ၊ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကဥက္ကဋ္ဌများ၊ Pioneer Airodrome Services Co., Ltd.  နှင့်လေကြောင်းလိုင်းများ၊ ဟိုတယ်များ၊ ခရီးသွားကုမ္ပဏီများ၊  အမှတ်တရပစ္စည်း အရောင်းဆိုင်များမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက အွန်လိုင်းမှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ပြည်ထောင်စု နယ်မြေနေပြည်တော်သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်ဖြစ်ပြီး   ပြည်တွင်း၊ပြည်ပ ခရီးသွားများအတွက် ကားလမ်းခရီး၊ ရထားလမ်းခရီးသာမက လေကြောင်းခရီးဖြင့်ပါ လွယ်ကူစွာသွားလာ လည်ပတ်နိုင်သည့် ခရီးစဉ်ဒေသ တစ်ခုဖြစ်ကြောင်း၊ နိုင်ငံတကာ အစည်းအဝေးများ၊ ညီလာခံများနှင့် ကုန်စည်ပြပွဲများ ကျင်းပရန် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာများ၊ နိုင်ငံတကာ အဆင့်မီ ဟိုတယ်ကြီးများနှင့် တည်းခိုရိပ်သာများရှိသော နေပြည်တော်ကို MICE(Meetings, Incentives, Conferences, Exhibitions) ခရီးစဉ်ဒေသ တစ်ခုအဖြစ်  ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အပါအဝင် ဘုရားပုထိုးစေတီများ၊   သဘာဝရှုမျှော်ခင်းများ၊ အပန်းဖြေဥယျာဉ်များနှင့် ပြတိုက်များ စသဖြင့် ခရီးသွား ဆွဲဆောင်ရာနေရာ ၃၈ ခုရှိကြောင်း။

ထိုကဲ့သို့ အခြေခံကောင်းများစွာရှိသည့် နေပြည်တော်ကို ပြည်တွင်း၊ ပြည်ပခရီး သွားများ ပိုမိုလာရောက်လည်ပတ်စေရန် ဈေးကွက်ရှာဖွေ မြှင့်တင်ရေးကို ထိထိရောက်ရောက်   ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဆွဲဆောင်မှု ပိုမိုကောင်းမွန်သော ဦးစားပေးနေရာများ ရွေးချယ်၍ ခရီးစဉ်လမ်းကြောင်းများ ရေးဆွဲခြင်း၊ Promotion Campaign အစီအစဉ်များ ရေးဆွဲခြင်းတို့ကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန် ယနေ့အစည်းအဝေးတွင် ဆွေးနွေးမည်ဖြစ်ကြောင်း၊ တက်ရောက်လာကြသူများ အနေဖြင့် နေပြည်တော်၏ ခရီးသွားမြှင့်တင်ရေး အစီအစဉ်နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု  ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန  ဒုတိယညွှန်ကြားရေးမှူးချုပ်က နေပြည်တော်ကို ခရီးစဉ်ဒေသတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်မည့်   အစီအစဉ်များ၊ ခရီးသွားဆွဲဆောင်ရာ နေရာများ၊ Promo-tion Campaign အစီအစဉ်တို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် တက်ရောက်လာသူများက နေပြည်တော်၏  ခရီးသွားမြှင့်တင်ရေး အစီအစဉ်နှင့် ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြကြရာ   ပြည်ထောင်စုဝန်ကြီးကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကြောင်း သိရသည်။