(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆု ရရှိသူစာပေ ပညာရှင်များအား  မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိ စကားသံများ

 

(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာနှင့်ဝတ္ထုစာမူဆု ရရှိသူစာပေ ပညာရှင်များအား  မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ဝမ်းသာပီတိ စကားသံများ

 

(၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊  ကဗျာနှင့်ဝတ္ထုစာမူဆုရရှိသူ စာပေပညာရှင်များအား မှတ်တမ်းတင် ဂုဏ်ပြုလွှာပေးအပ်ခြင်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။ အဆိုပါအခမ်းအနားသို့ တက်ရောက်လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

မျိုးချစ်မောင်သောင်း  ကဗျာ(ဝါသနာရှင်) (ဒုတိယဆု)

    (၇၉)နှစ်မြောက် တပ်မတော်နေ့ စာပေဆုပြိုင်ပွဲမှာ ကဗျာ(ဝါသနာရှင်) ဒုတိယဆုကိုရရှိခဲ့တာဖြစ်ပါတယ်။ မျိုးချစ်မောင်သောင်း ကလောင်အမည်နဲ့ “အစဉ်အလာ၁၂ ပါး စောင့်ထိန်းထားသည့်   ပြည်သူ့သားကောင်း တပ်မတော်” ဆိုတဲ့ ကဗျာခေါင်းစဉ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

တပ်မတော်ရဲ့ ပြည်သူလူထုအပေါ်ထားတဲ့ စေတနာ၊ မေတ္တာတွေကို၊ တပ်မတော်ရဲ့ စွမ်းပကားတွေကို ပြည်သူပြည်သားတွေ သိစေချင်တယ်။ တပ်မတော်ကို   ချစ်ခင်ရင်းနှီးစွာဖြင့်   အတူတကွ တိုင်းပြည်ကို အတူလက်တွဲပြီးတော့ တည်ဆောက်စေချင်ပါတယ်။ အဲဒီလိုစိတ်စေတနာနဲ့ ပြိုင်ပွဲတွေကို ပြည်သူတွေ သိအောင် ဝင်ရောက်ယှဉ်ပြိုင် ရေးတာဖြစ်ပါတယ်။ ကိုယ့်ရင်ထဲမှာရှိတဲ့ ခံစားခဲ့ရတဲ့ခံစားချက်၊ ကိုယ်ဖြတ်သန်းလာရတဲ့ ဘဝအခြေအနေပေါ် မူတည်ပြီးတော့ ရေးသားလာခဲ့တာ ဖြစ်ပါတယ်။  တပ်မတော်ရဲ့ အစဉ်အလာတွေကို တကယ်လည်း ထိန်းသိမ်း စောင့်ရှောက်နေတာကို ဖော်ပြခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်မိပါတယ်။

ဒါရိုက်တာ အကယ်ဒမီတင်အောင်စိုး (ပန်းမြို့တော်)

    (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဇာတ်ကားအဖြစ် “သက်ရှိစည်းရိုး”ဆိုတဲ့  ဥကရစ်ထဖြစ်ရပ်မှန် တိုက်ပွဲကို အခြေခံထားတဲ့ ဇာတ်ကားရယ်၊ “တွဲလက်တူစုံ ချစ်ရိပ်မြုံ” စစ်အင်ဂျင်နီယာတပ်ဖွဲ့နဲ့ ဆက်သွယ်ရေး တပ်ဖွဲ့ကို အခြေခံထားတဲ့ ဇာတ်ကားနှစ်ကားဖြစ်ပါတယ်။ တပ်မတော်ရဲ့ မူဝါဒနဲ့အညီ   ဇာတ်မြူးလေးအနေနဲ့ ရိုက်ကူးဂုဏ်ပြုရိုက်ထားပါတယ်။ “သက်ရှိစည်းရိုး” ဇာတ်ကားကို မတ်လ ၂၄၊ ၂၅ ရက်နေ့မှာ ထုတ်လွှင့်ပြသပြီးသွားပါပြီ။ “တွဲလက် တူစုံချစ်ရိပ်မြုံ”  ဇာတ်ကားကို မတ်လ၂၆ ရက်နေ့မှာ တစ်ခါတည်း ထုတ်လွှင့်ပြသခဲ့ပါတယ်။    နှစ်တိုင်း တပ်မတော်နေ့ကို ဂုဏ်ပြုဇာတ်ကားများ ရိုက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဇာတ်ကားရိုက်တဲ့အခါ  ကိုယ့်ရဲ့အနုပညာတွေကို ချပြခွင့်၊ ဖန်တီးခွင့်ရတဲ့အတွက် အထူးဝမ်းသာမိပါတယ်။  ဇာတ်ကားတွေလည်း အောင်မြင်တဲ့အတွက်  အားလုံးကို ကျေးဇူးတင်ပါတယ်။

ရှိန်မြင့်ထက်(ဝါးကြီးအိုင့်) စစ်သည်တေးသီချင်း(ပထမဆု)၊ ကဗျာဝါသနာရှင် (အထူးဆု(၁))

    (၇၉)နှစ်မြောက်   တပ်မတော်နေ့ အထိမ်းအမှတ် စာမူပြိုင်ပွဲမှာ “ရပ် ရပ် စစ်ဆိုသည်ကား” စစ်သည်တေးသီချင်း ပထမဆုနှင့် “ညအမှောင်ခွင်း လမင်းသာပါစေနေ့အရုဏ်ကျင်း နေမင်းဖြာပါစေ’  ကဗျာ(ဝါသနာရှင်)အထူးဆု(၁)ကို ရရှိခဲ့တာဖြစ်ပါတယ်။   အဓိကသီချင်းကို ရေးသားဖြစ်တာက ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး ရေးထားတာဖြစ်ပါတယ်။ ကိုယ်ရဲ့ဆန္ဒကို ဒီသီချင်းထဲမှာ ထည့်ပြီး ပြောလို့ရအောင်ဆိုပြီး ငြိမ်းချမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးဖြစ်သွားတာပါ။ စည်းစည်းလုံးလုံးရှိမှ ငြိမ်းချမ်းမှာပါ။ မစည်းလုံးရင် ငြိမ်းချမ်းရေးက ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ တစ်နိုင်ငံလုံးမှာ ရှိတဲ့လူတွေအားလုံး သူ့တာဝန်၊ ကိုယ့်တာဝန်များရှိတယ်။ ငြိမ်းချမ်းချင်တဲ့ဆန္ဒ ရှိဖို့လိုတယ်။  အတူတူစုပေါင်းလုပ်ကြဖို့ လိုပါတယ်။  ဒီလိုအခမ်းအနားပွဲမျိုးကို ကျင်းပပေးတဲ့အတွက်    ကျွန်တော်တို့ တပ်မတော်သားတွေ အနေနဲ့ အများကြီး ကျေးဇူးတင်ပါတယ်။ ကိုယ်ဝါသနာပါတဲ့ စာပေညီနောင်သမားတွေကို  တွေ့ရတဲ့အတွက်  အများကြီး ဂုဏ်ယူဝမ်းသာပါတယ်။

တပ်ကြပ်လှိုင်ဝင်းထွန်း  စစ်ချီသီချင်း(ပထမဆု)

    (၇၉)နှစ်မြောက်  တပ်မတော်နေ့မှာ “ပေးဆပ်ဝံ့သည်ဘာမထီ”   စစ်ချီသီချင်း ဖြင့်   ပထမဆုကို ရရှိခဲ့တာဖြစ်ပါတယ်၊၊   ဒီလိုမျိုး အခမ်းအနားကို နောင်လည်းတက်ချင်တယ်။ ဒီလိုဆုမျိုးကိုရချင်တဲ့အတွက်လည်း နောက်ထပ်လည်း ကြိုးစားပါ့မယ်။ကြိုးစားတဲ့အတိုင်းလည်း အရာထင်တဲ့အတွက် ဂုဏ်ယူဝမ်းသာမိပါတယ်။ ဒီဆုရတာနဲ့ဆို လေးကြိမ်မြောက်ဖြစ်ပါတယ်။

ပထမနှစ်ကြိမ်၊  ဒုတိယတစ်ကြိမ်၊ ပဉ္စမတစ်ကြိမ်၊ စစ်သည်တေးရယ်၊ စစ်ချီတေးရယ် နှစ်ခုစလုံးဆုရဖူးပါတယ်။ ဆိုရှယ်မီဒီယာတွေက စကားတွေကို မယုံကြဖို့။   အများကြီး အားပေးနေတဲ့သူတွေရှိတယ်။ မျက်မြင်ကိုယ်တွေ့ ထောက်ခံတဲ့သူတွေရှိတယ်၊၊ ကျွန်တော်တို့တတ်စွမ်းတဲ့ ကလောင်နဲ့ တပ်မတော်သားတွေကိုလည်း အားပေးနေပါတယ်။ ကျွန်တော်တို့နိုင်ငံအတွက် ကြိုးစားနေတဲ့  တပ်မတော်သားတွေကိုစိတ်ဓာတ်ခွန်အားနဲ့ အများကြီးကြိုးစားပါလို့ ပြောချင်ပါတယ်။

ညိမ်းညို ဝတ္ထုရှည် (ဒုတိယဆု)၊ ကဗျာ(ဝါသနာရှင်) (တတိယဆု)

    (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်စာမူပြိုင်ပွဲမှာ ဝတ္ထုရှည်ဒုတိယဆုနဲ့ ကဗျာ(ဝါသနာရှင်အဆင့်)တတိယဆုရရှိခဲ့ပါတယ်။ ကျွန်တော်ကတော့ ဗိုလ်မှူး ရာဇာအောင်ဖြစ်ပါတယ်။ ညိမ်းညိုကလောင်အမည်နဲ့ “နိုင်ငံတော်သစ် တိုးတက်ဖြစ်တည်ရှေ့သို့ချီအံ့” ကဗျာနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ ကဗျာပါအကြောင်းအရာကတော့ အနာဂတ် နိုင်ငံတော်အတွက်   မျှော်မှန်းချက်များကို ရည်သန်ရေးဖွဲ့ ထားတာဖြစ်ပါတယ်။ တျာချင်းကဗျာ အမျိုးအစားဖြစ်ပါတယ်။ ဝတ္ထုရှည်အနေနဲ့   ရခိုင်ပြည်နယ် ကုလားတန်မြစ်ကြောင်း တစ်နေရာက  ဒေသခံပြည်သူလူထုနဲ့   မြန်မာ့တပ်မတော်က တာဝန်ကျ တပ်ခွဲတစ်ခွဲတို့ရဲ့ လူ့အဖွဲ့အစည်း နှစ်ရပ်အကြားမှာ တကယ့်စိတ်ရင်းစေတနာနဲ့ မေတ္တာတရားကို အခြေခံပြီး ယှက်နွှယ်ပေါင်းစည်း သွားတဲ့အကြောင်း ဖော်ညွှန်း ရေးဖွဲ့ထားတာဖြစ်ပါတယ်။  ကျွန်တော်ကိုယ်တိုင်က  တပ်မတော်သားတစ်ဦး ဖြစ်တာမို့ မြေပြင်က တကယ့်တပ်မတော်သားတွေရဲ့ သဘောသဘာဝနဲ့   စရိုက်လက္ခဏာတွေကို အတတ်နိုင်ဆုံး ထင်ဟပ်ပေါ်လွင်အောင်  ကြိုးစားရေးဖွဲ့ထားပါတယ်။   ကျွန်တော်တို့အားလုံး လိုလားတောင့်တနေတဲ့  လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့   ပြည်တွင်းငြိမ်းချမ်းရေးအတွက်  ကျွန်တော့်ရဲ့ ကလောင်စွမ်းအားလေးနဲ့  တတ်စွမ်းသမျှ ပါဝင်အားဖြည့်ခွင့် ရတယ်လို့ ခံစားရပါတယ်။   ဒီအတွက် လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြည်နူးမိပါတယ်ခင်ဗျာ။

ဘုန်းမောင်ဝင်း(ဖျာပုံ) ကဗျာအလွတ်တန်း(တတိယဆု)

    (၇၉)နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုစစ်ချီသီချင်း၊ စစ်သည်တေးသီချင်း၊ ကဗျာ နှင့်ဝတ္ထုစာမူပြိုင်ပွဲမှာ ကဗျာအလွတ်တန်းပြိုင်ပွဲမှာ  တတိယဆုကို ရရှိခဲ့တာဖြစ်ပါတယ်။   ဘုန်းမောင်ဝင်း(ဖျာပုံ)ကလောင်အမည်နဲ့   “နိုင်ငံ့ဂုဏ်ဆောင် အောင်တပ်မတော်” ကဗျာအမည်နဲ့ ဝင်ရောက်ယှဉ်ပြိုင် ရေးသားခဲ့တာဖြစ်တယ်။ ကဗျာထဲမှာ တပ်မတော်အကြောင်း ရေးဖွဲ့ယှဉ်ပြိုင်ရတာဖြစ်လို့ တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို အမြဲလေ့လာရပါတယ်။ တပ်မတော်သားတွေရဲ့   စိတ်ဓာတ်ကောင်းမွန်မှု၊ စည်းကမ်းလိုက်နာမှု၊ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှု၊   စည်းလုံးညီညွတ်မှုနဲ့ စစ်ရေးစွမ်းရည်၊   အုပ်ချုပ်ရေးစွမ်းရည်ဆိုတဲ့ စွမ်းရည်သုံးရပ် ပြည့်စုံမှုတွေလည်း ပါဝင်အောင် ရေးဖွဲ့ရပါတယ်။ အထူးခြားဆုံးကတော့ ကမ္ဘာပေါ်မှာရှိတဲ့ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားဆင်းတုတော်များအနက်    ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့  မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်း အကြောင်းလည်း ထည့်သွင်းရေးဖွဲ့ပါတယ်။ တပ်မတော်က အဓိကဦးဆောင် တည်ထားကိုးကွယ်ခဲ့တာမို့ တပ်မတော်ရဲ့ ထူးခြားတဲ့ဆောင်ရွက်ချက်ဖြစ်ပါတယ်။ နိုင်ငံတော် အတွက်လည်း အလွန့်အလွန် တန်ဖိုးကြီးမားလှတဲ့ သမိုင်းမှတ်တမ်းလည်း ဖြစ်ပါတယ်။  ကျွန်တော့်အနေနဲ့ အခုလိုမျိုး   ပြိုင်ပွဲမှာဆုရရှိတဲ့အတွက် အလွန်ပဲ ဝမ်းသာပီတိဖြစ်ရပါတယ်။   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးလည်း အစဉ်ထာဝရ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်သာယာပါစေလို့ ဆုတောင်းပေးပါတယ်ခင်ဗျာ။

ညွန့်ဝင်း(နတ်တလင်း) ကဗျာ(ဝါသနာရှင်) (အထူးဆု(၂))

    (၇၉)နှစ်မြောက် တပ်မတော်နေ့ ကဗျာဝါသနာရှင် အဆင့်ပြိုင်ပွဲမှာ အထူးဆုအနေနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ ကဗျာအမျိုးအစားကတော့ လင်္ကာကဗျာ အမျိုးအစားဖြစ်ပြီး “ပြည်ချစ်တပ်မတော် ပွဲတိုင်းကျော်” ကဗျာအမည်နဲ့ ဆုရရှိခဲ့တာဖြစ်ပါတယ်။ (၇၉)နှစ် မြောက် တပ်မတော်နေ့ဂုဏ်ပြု စာမူပြိုင်ပွဲမှာ ညွန့်ဝင်း(နတ်တလင်း)ဆိုတဲ့ ကလောင်ရှင်တစ်ယောက် အနေနဲ့ ပါဝင်ရေးသားခဲ့ပါတယ်၊၊  တပ်မတော်က  နိုင်ငံတော်အတွက်  ကျရာအခန်းကဏ္ဍကနေ ခေတ်အဆက်ဆက်မှာ   တာဝန်ယူဆောင်ရွက်ခဲ့တဲ့ အကြောင်းတွေကို  အလင်္ကာကဗျာဖွဲ့ပြီး ရေးသားခဲ့တာပါ။   တပ်မတော်ရဲ့  အခန်းကဏ္ဍ ဆောင်ရွက်တဲ့အခါမှာ ဒီလိုစာပေကဏ္ဍ အနေနဲ့ ထည့်သွင်းပြိုင်ပွဲ ကျင်းပပေးတဲ့အတွက်  ကောင်းပါတယ်။ ဆုတွေကိုလည်း တစ်တပ်တစ်အား ချီးမြှင့်နိုင်အောင်  ဆောင်ရွက်ပေးတဲ့အတွက် ကျွန်တော်တို့က ကျေးဇူးတင်ဝမ်းမြောက် မိပါတယ်။  လူငယ်လူရွယ်များ လက်ရှိနိုင်ငံတော် အကျိုးကို   ဆောင်ရွက်တဲ့အခါမှာ မှန်ကန်တဲ့ အတွေးအခေါ် အသိအမြင်လေးတွေကို ရရှိပြီး   နိုင်ငံတော်အပေါ်ကို တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။ အမိနိုင်ငံတော်အကျိုးကို တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သားတွေလည်း ဘေးရန်ကင်းရှင်းပြီး တာဝန်တွေကို ဆတက်ထမ်းပိုးပြီး ဆက်လက်ဆောင်ရွက် နိုင်ပါစေလို့ ကျွန်တော်ဆန္ဒပြုလိုက်ပါတယ်။