(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 

 (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ နှစ်ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်  မတ် ၂၆ 

    (၇၉)နှစ်မြောက်  တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ၏ နှစ်ထပ်ကုသဆောင်သစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊     ဌာနဆိုင်ရာ အသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တပ်မတော်အရာရှိကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပဲခူးတိုင်းဒေသကြီး ကုသရေးဦးစီး ဌာနမှူး၊ ကျန်းမာရေးဝန်ထမ်းများနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က နှစ်ထပ်ကုသဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းသည်။

ထို့နောက်   ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် တာဝန်ရှိသူများနှင့် အတူ နှစ်ထပ်ကုသဆောင်သစ် မြေညီထပ် တွင်ရှိသည့် ပြင်ပလူနာဌာန၊ ဆေးပေးခန်း၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်း၊ သွားနှင့်ခံတွင်း ပြင်ပလူနာဌာန၊ ဆေးသိုလှောင်ခန်းသို့ လည်းကောင်း၊ ပထမထပ်ရှိ ခွဲစိတ်ခန်းများနှင့်    သံဃာတော်များ အခန်းသို့လည်းကောင်း   လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးသည်။

ဆက်လက်၍ နှစ်ထပ်ကုသဆောင်သစ်ရှေ့ရှိ ယာယီမဏ္ဍပ်တွင် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကောင်းမွန်စေရေး အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များကလည်း ဆေးရုံများဥပဓိရုပ်ကောင်းမွန်ရေး အပါအဝင် အနီးကပ်ပံ့ပိုးပေးလျက်ရှိပြီး ယခုနတ်တလင်းမြို့ ပြည်သူ့ဆေးရုံအဆောက်အအုံကိုလည်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် အထူးကျေးဇူးတင်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၌ ခုတင်-၅၀၀ဆံ့ ဆေးရုံကြီးနှစ်ရုံ၊ ခုတင်-၂၀၀ဆံ့ ဆေးရုံကြီးတစ်ရုံ ဖွင့်လှစ်ထားရှိပြီး အထူးကုဘာသာရပ်များ စုံလင်စွာ  ဖွင့်လှစ်ကုသမှုပေးလျက်ရှိကြောင်း၊ ဓာတ်မှန်ရိုက်ခြင်းများ၊ ဓာတ်ခွဲစစ်ဆေးခြင်းများကို    မြို့နယ်ဆေးရုံများသာမက တိုက်နယ်ဆေးရုံများအထိ ပိုမိုတိုးတက်စွာ ဆောင်ရွက်လျက်ရှိပြီး လူနာများ ဆေးကုသမှု ကုန်ကျစရိတ် လျော့နည်းစေရေးအတွက်  ရန်ပုံငွေများ ခွဲဝေချထားပေးခြင်း တို့ကို   စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကျေးလက်နေ လူထုက ပိုမိုများပြား၍ ကုသရေးလုပ်ငန်းများတွင်လည်း  မြို့နယ်နှင့် တိုက်နယ်ဆေးရုံများသည် ပြည်သူများ ရှေးဦးစွာ လာရောက်ကုသမှု ဆောင်ရွက်သည့် အနီးဆုံးနေရာများတွင် တည်ရှိသောကြောင့်  မြန်မာနိုင်ငံ၏ လူဦးရေ အများအပြားကို လွှမ်းခြုံ၍ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  ယခုကဲ့သို့ အရည်အသွေး   ကောင်းမွန်ကျယ်ဝန်းသည့် နှစ်ထပ်ကုသဆောင်သစ်ကို ဖွင့်လှစ်နိုင်ခြင်းကြောင့်   နတ်တလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထုသာမက အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များမှလူနာများပါ  စိတ်ချမ်းသာစွာ   ဆေးကုသမှု ခံယူနိုင်ကြမည်ဖြစ်ကြောင်း၊    ယခုအဆောက်အအုံသစ် အောင်မြင်စွာ တည်ဆောက်ပြီးစီးစေရေး ပံ့ပိုးကူညီခဲ့ကြသည့်  တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း၊ ယခုအဆောက်အအုံကို ရေရှည်တည်တံ့ ခိုင်မြဲအောင်   ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန်၊ ပြည်သူများ၏  ကျန်းမာရေး စောင့်ရှောက်မှုများကို ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က နှစ်ထပ်ကုသဆောင်သစ် ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးတိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာသီဟက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများကို နေရာအရောက် ပေးအပ်သည်။

နတ်တလင်းမြို့ပြည်သူ့ဆေးရုံ၏ နှစ်ထပ် ကုသဆောင်သစ်သည် ပေ၂၃၀၊  ပေ ၅၀ အကျယ်အဝန်းရှိပြီး  ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ အထူးအဖွဲ့(၁)အား လုပ်ငန်းအပ်နှံကာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လတွင် လုပ်ငန်းများ ပြီးစီးခဲ့ကြောင်း၊ စီမံကိန်းတန်ဖိုးငွေကျပ်သန်း ၁၈၂၉ ဒသမ ၉၇  သန်း ကုန်ကျခဲ့ပြီး မြေညီထပ်တွင် အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ ဆေးမှတ်တမ်းအခန်း၊ ဆေးပေးခန်း၊ သွားနှင့်ခံတွင်းပြင်ပလူနာဌာန၊   ပထမထပ်တွင် ခွဲစိတ်ခန်းသုံးခန်း၊  သံဃာတော်များ အခန်းနှင့် အထူးခန်းလေးခန်း ပါဝင်ကြောင်း သိရသည်။