ဇာနည်စိတ်သွေး ပက်ဖျန်းလေတဲ့ သမိုင်းတွင်တဲ့ . . .နွေ

 

ဇာနည်စိတ်သွေး ပက်ဖျန်းလေတဲ့ သမိုင်းတွင်တဲ့ . . .နွေ

 

((၇၉)နှစ်မြောက် တပ်မတော်နေ့ဂုဏ်ပြုဆောင်းပါး)

    မိုးစက်လည်းဖြိုင်  လေပြည်ယိုင်မှ  ပွင့်လန်းမြိုင်ဆိုင် ပွင့်သစ်လှိုင်တဲ့ ဤသို့ သောပန်းတို့ မဖူးရဲမပွင့်ရဲသည့်အချိန်တွင် လက်ပံတို့ကား ရော်ရွက်တို့ခြွေ လေပြည်သွေးကြား ရဲနီဝံ့ချီလှိုင်လှိုင်ပွင့်ဖူးလေ၏။

ထိုသည်ကား  နွေလယ်ကြားက သူတို့ရဲရင့်မှုပင်။ သဘာဝပမာ ရဲရင့်တည်စွာ  ဖြစ်တည်ခဲ့ဖူး သမိုင်းဦးကား တပ်မတော်။ ထိုနွေထိုအခါ ပြည်ချစ်ဇာနည် စုစည်းခိုင်မာ  ရဲမာန်ဝံ့စွာ   လွတ်လပ်ရေးကို ခူးဆွတ်နိုင်ရေး ကြိုးပမ်းခဲ့တာတပ်မတော်။ နိုးထပွင့်လန်း တစ်တိုင်းတစ်ပြည်လုံးရဲ့ ဇာနည်သွေးနဲ့ ပက်ဖျန်းခဲ့တာကြောင့် ထိုနွေထိုအခါဟာ ယနေ့အတွက်တော့ သမိုင်းတွင်တဲ့ နွေတစ်နွေဖြစ်ခဲ့ရပြီပေါ့။ ယင်းသို့အကြောင်း ဤဆောင်းပါးအား “ဇာနည်စိတ်သွေး ပက်ဖျန်းလေတဲ့ သမိုင်းတွင်တဲ့...နွေ”ဟု ကင်ပွန်းတပ်၍ အစချီ လိုက်ပါရစေ။

“ကမ္မယောနိ” ကံသာလျှင် အကြောင်းရှိသည်ဟု မြတ်စွာဘုရားက  “အဘိဏှသုတ်တော်”တွင် ဟောကြားခဲ့တယ်။ ကံသာလျှင် အကြောင်းရှိသည်ဆိုသည့်အတိုင်း ကိုယ့်ထီးကိုယ့်နန်းနှင့်နေခဲ့သော မိမိတို့မြန်မာတစ်မျိုးသားလုံး နှစ်ပေါင်းတစ်ရာကျော်တိုင်  ကိုလိုနီနှင့်ဖက်ဆစ်တို့၏ လက်အောက်သို့ လုံးလုံးလျားလျား ကျရောက်ခဲ့ဖူးသည်ပင်။  လူတို့ကား တိုင်းတစ်ပါးအောက်  ရောက်နေသော်လည်း တစ်မျိုးသားလုံး၏ စိတ်ဓာတ်များမှာ တိုင်းတစ်ပါးအောက် မရောက်ခဲ့ပါ။

ခေတ်ကာလများအလိုက်  ထိုဘဝက ရုန်းထနိုင်ရန် ကြိုးစားခဲ့ကြတယ်။ သို့ငြား  စုစည်းကျစ်လျစ်ခိုင်မာတဲ့ ကာကွယ်ရေး အင်အားစုတစ်ရပ် မဖြစ်တည်နိုင်သေးသမျှ လွတ်လပ်ရေးဟူသည်ကား အိပ်မက်ပမာပင်ဖြစ်ခဲ့ကြရတယ်။ လွတ်လပ်ရေးဆုံးရှုံးသည့်  အမှောင်ဖုံးခဲ့သောကာလများကို မြန်မာတစ်မျိုးသားလုံး “အံကြိတ်”၊ “တောက်ခေါက်”ရင်း  ကာလများစွာ  ကျော်ဖြတ်ခဲ့ရပြီး တစ်နေ့သောအခါဝယ် မြန်မာတစ်မျိုးသားလုံးအတွက် ကံသာလျှင်  အကြောင်းရှိချိန် တန်ခဲ့ပြန်ပါပြီ။

ထိုတစ်နေ့ကား လွတ်လပ်ရေးကို ဆွတ်ခူးနိုင်ခြင်း၏ အစပထမခြေလှမ်းဖြစ်သည့် ကာကွယ်ရေး အင်အားစုတစ်ရပ်ဖြစ်တည်ခွင့်ရှိခဲ့သော ကာလတစ်ခုတိုင်ခဲ့ခြင်းပင်။ 

ထိုအချိန်ထိုနေ့ရက်ကား  ကံသာလျှင်အကြောင်း ရှိလာသည်ဟု ဆိုရပါမယ်။ လွတ်လပ်ရေးနှင့်အတူ မြန်မာဟူသော အမိမြေအတွက် သမိုင်းတွင်မယ့်...နွေ တစ်နေ့၏နိဒါန်းအစ ကနဦးပင်။

အမိမြန်မာနိုင်ငံတော်တွင် လွတ်လပ်ရေးနှင့်အတူ မွေးဖွားခဲ့သော  မြန်မာ့တပ်မတော်သည် တမင်ဖွဲ့စည်းယူထားသော တပ်မတော်မျိုးမဟုတ်။ နိုင်ငံနှင့်လူမျိုးအတွက် စွန့်စားလိုမှုသက်သက်ဖြင့် မြန်မာမျိုးချစ် လူငယ်တစ်စု၏ ကြိုးပမ်းမှုကြောင့် ပေါ်ပေါက်ခဲ့ခြင်းပင်။ တပ်မတော်၏ သန္ဓေတည်ရာသည်ကား  ရဲဘော်သုံးကျိပ်ဟုဆိုရပါမယ်။ ရဲဘော်သုံးကျိပ်၏ အဓိကရည်မှန်းချက်မှာ နယ်ချဲ့ဆန့်ကျင်ရေး သက်သက်ဖြစ်ပြီး အခြေခံတူညီချက်သည်  မျိုးချစ်စိတ်ဓာတ်ဖြစ်ပါတယ်။ BIA ၊  BIA မှသည် BDA ၊ BDA မှသည် BNA ဟု   အဆင့်ဆင့်ပြောင်းလဲ ဖွဲ့စည်းကာ မြန်မာ့တပ်မတော်သည် ပြည်သူကြားမှ မွေးဖွားလာခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှ ၃၁ ရက်အတွင်း ဗမာ့လွတ်လပ်ရေး တပ်မတော်(BIA)ကို ဖွဲ့စည်းခဲ့တယ်။ စတင်ဖွဲ့စည်းပြီး ခြောက်လအတွင်း အင်အားမှာ ၅၀၀၀၀ ခန့်ရှိလာခဲ့တယ်။ ထိုမှသည် ၁၉၄၂ ခုနှစ် ဇူလိုင်လ  ၂၇ ရက်နေ့တွင်   BIA ကိုဖျက်သိမ်းပြီး ဗမာ့ကာကွယ်ရေး တပ်မတော် BDA ကို ပြောင်းလဲဖွဲ့စည်းခဲ့တယ်။

ဗိုလ်ချုပ်အောင်ဆန်း  ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့  မျိုးစေ့ချပေးခဲ့သော မြန်မာ့တပ်မတော်သည် တစ်စတစ်စ ပီပြင်လာခဲ့ပြီး  နိုင်ငံ့လွတ်လပ်ရေး အတွက် အသင့်ဖြစ်လာခဲ့ပေပြီ။  ဖက်ဆစ်တို့ လက်အောက်တွင်  ဗမာ့ကာကွယ်ရေး တပ်မတော်(BDA)အား “ဗမာ့အမျိုးသားတပ်မတော်” (BNA)အဖြစ်  အမည်ပြောင်းခဲ့ဖူးပါတယ်။ အမျိုးသား တပ်မတော်ဆိုသည်ကား  နိုင်ငံကိုကိုယ်စားပြုသော တပ်မတော်ပင်။

မြန်မာ့တပ်မတော်သည် BIA ခေတ်တွင်  စနစ်တကျ မဖွဲ့စည်းရသေးသည့်အပြင် အင်အားဖောင်းပွမှုများကလည်း ရှိနေခဲ့ပါတယ်။ BDA ဖွဲ့စည်းပြီးချိန်တွင် တပ်မတော်အတွင်း ဖွဲ့စည်းပုံမှာ  တိတိကျကျရှိလာတယ်။ စနစ်တကျ စစ်သားစုဆောင်းမှုတွေ၊ လေ့ကျင့်မှုတွေ ရှိလာခဲ့တဲ့အပြင် တပ်ဟာလည်း  စည်းကမ်းပိုမိုကောင်းမွန်လာခဲ့တယ်။  BIA ထက် BDA ဟာ ပိုမိုကျစ်လျစ် ခိုင်မာလာခဲ့တယ်လို့ ဆိုရမည်ပင်။ သို့သော် BIA ပင်ဖြစ်ဖြစ် BDA ပင်ဖြစ်ဖြစ် ဖက်ဆစ်အောက်တွင်သာ ရှင်သန်နေရမြဲပေါ့။ ၁၉၄၃ ခုနှစ်တွင် ဖက်ဆစ်ကိုတော်လှန်ဖို့  စတင်ပြင်ဆင်ခဲ့ကြတယ်။ ထိုခေတ်ထိုအခါက နိုင်ငံရေး အင်အားစုများဟာ  စုစည်းဖို့ အခက်အခဲရှိနေတယ်။ ကွန်မြူနစ်ပါတီနဲ့ ပြည်သူ့အရေးတော်ပုံပါတီ(ခ) ဆိုရှယ်လစ်ပါတီတို့ကလည်း ဂိုဏ်းဂဏတွေကွဲပြီး မသင့်မတင့်ဖြစ်ကြ၊ ဒါတွေကို တပ်မတော်ကပဲစေ့စပ်ပြီး ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး(ဖဆပလ)ကို ဖွဲ့ပေးခဲ့ရတယ်။ ထိုသည်ကား  တပ်မတော်၏ စစ်ရေးသာမက နိုင်ငံရေး၊ စည်းရုံးရေး ဟူသည့် ကဏ္ဍများကို တွဲဖက်ဆောင်ရွက်ခဲ့ရသည့် သမိုင်းဦး သက်သေတစ်ခုပင်။

တပ်မတော်ဟာ  မဟာမိတ်တို့နဲ့ လျှို့ဝှက်စွာပဲ အဆက်အသွယ်တွေ ရလာခဲ့တယ်။ ဖက်ဆစ်တော်လှန်ရေးနဲ့အတူ တပ်မတော်သည် ပြည်သူလူထုနှင့် တစ်သားတည်း ဖြစ်သွားခဲ့တယ်။   ပြည်သူရဲ့ထောက်ခံမှုကို အပြည့်အဝရရှိခဲ့ပြီး ပြည်သူ့တပ်မတော်ဖြစ်လာခဲ့တယ်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တို့ကို တစ်တိုင်းတစ်ပြည်လုံး  တစ်ချိန်တည်း တိုက်ခိုက်တော်လှန်ခဲ့ကြတယ်။  ထိုနေ့ထိုအချိန်တွင် တပ်မတော်ကား ဖက်ဆစ်ကို တော်လှန်ပြီးဖြစ်၍    ဖက်ဆစ်လက်အောက်လည်း မဟုတ်သလို အင်္ဂလိပ်လက်အောက်သို့လည်း ခိုဝင်ခဲ့ခြင်းမရှိပေ။ အင်္ဂလိပ်ကသာ လိုက်လံသိမ်းသွင်းနေခဲ့ပါတယ်။ အင်္ဂလိပ်တို့ မြန်မာ့တပ်မတော်အား သိမ်းသွင်းခဲ့သည့် အထောက်အထားအချို့ကိုလည်း ရေးဖွဲ့ပြလိုပါသေးတယ်။

ဖက်ဆစ်တော်လှန်ရေးကာလတွင် မဟာမိတ်တို့က မြန်မာ့တပ်မတော်ကို မျိုးချစ်ဗမာ့တပ်မတော်(PBF)ဟု ကင်ပွန်းတပ်ကာ  အသိအမှတ်ပြု ပေးခဲ့ကြသေးတယ်။ တစ်ဖက်ကလည်း ပြည်သူနှင့်တစ်သားတည်း ဖြစ်တည်ပုံပေါ်လာတဲ့ အခြေအနေများကြောင့် ပြည်သူ့တပ်မတော် ဆိုသည့်အသံများကား နေရာအနှံ့ပဲ့တင်ခတ်နေမည်သာ။  ပြည်သူ့တပ်မတော်ဆိုသည်နှင့် အင်္ဂလိပ်အပါအဝင် အနောက်အုပ်စုများ မျက်မှောင်ကြုတ်၊ နှာခေါင်းရှုံ့သွားကြတယ်။ ယနေ့မျက်မှောက်အထိဟု ဆိုရပါမယ်။ စေ့စပ်စွာကြည့်လျှင် အင်္ဂလိပ်တို့ရဲ့မီးစာတစ်ဖက် ရေမှုတ်တစ်ဖက်လုပ်ပုံကို   အထင်အရှား တွေ့မြင်ရပါတယ်။

ဒီနေရာတွင် စာရေးသူ လေ့လာမိသည့် တစ်ခုရှိပါသေးတယ်။ “မျိုးချစ်”ဟူသော အသုံးအနှုန်းပင်။  “မျိုးချစ်”ကို မြန်မာတို့က “မြင့်မြတ်”တယ်လို့  ခံစားယူဆပေမယ့် အင်္ဂလိပ်တို့က “မျိုးချစ်တပ်မတော်”ဆိုရာဝယ်  အမြဲတမ်းစစ်တပ်မဟုတ် ပြောက်ကျားတပ်သာဖြစ်တယ်ဆိုတဲ့ အယူအဆကို အင်္ဂလိပ်တို့က အခြေခံထားခဲ့ကြတယ်။

မဟာမိတ်တို့သည် ဖက်ဆစ်တော်လှန်ရေးအတွက် မြန်မာ့မြေထဲဝင်သည့်အချိန်တွင်ပင် တိုင်းရင်းသား လက်နက်ကိုင်တပ်များကို စုစည်း၍ Burma Army ကို သူတို့နည်း သူတို့ဟန်နဲ့ ဖွဲ့စည်းခဲ့တယ်။

ဒုတိယကမ္ဘာစစ်အတွင်း၌ပင် အင်္ဂလိပ်တို့က အမှတ်(၁၃၆)တပ်ဖွဲ့၊ ခြင်္သေ့တပ်၊  ရိန်းဂျားတပ်ဟူ၍ တပ်ရင်း ၁၁ ရင်းကို ဖွဲ့စည်းခဲ့တယ်။ ဒီတပ်တွေမှာ မြန်မာတွေအမှုထမ်းကြတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အင်္ဂလိပ်တပ်တွေ ပြန်ဝင်လာပြီး “မင်းတို့မျိုးချစ်တပ်တွေ ဖျက်လိုက်တော့၊ တို့မှာ Burma Army (တိုင်းရင်းသားတပ်)တွေ ရှိနေပြီဟုဆိုကာ   မြန်မာ့တပ်မတော်ကို ဖျက်သိမ်းဖို့ကြိုးစားခဲ့ကြတယ်။ ထို ၁၁ ရင်းကား တိုင်းရင်းသား တပ်များဖြင့် ဖွဲ့စည်းထားသော Burma Army   ပင်။  သူတို့ရည်ရွယ်ချက်ကား ပြည်သူနှင့် တစ်သားတည်းဖြစ်နေသော မြန်မာ့တပ်မတော်ကို ဖျက်သိမ်းပြီး သူတို့၏ စစ်သားစုဆောင်းရေးမူဝါဒနှင့်   ကိုက်ညီသည့်သူများကို  Burma   Army သို့ တစ်ဦးချင်းသွင်းရန် ပြင်ဆင်ကြံစည်ကြခြင်းပင်။

ထို့ကြောင့် မြန်မာ့တပ်မတော်ဟူသည်ကား ဖက်ဆစ်တော်လှန်ရေး ပြီးကတည်းက ဖက်ဆစ်လက်အောက်ခံ မဖြစ်ခဲ့သလို မည်သို့ပင် အင်္ဂလိပ်တို့ကြံစည် ဖျက်သိမ်းရန် ကြိုးစားခဲ့ပါသော်လည်း    မြန်မာ့တပ်မတော်ကား မတုန်မလှုပ်၊ မပဲ့ကြွေခဲ့ပေ။ မြန်မာ့တပ်မတော်သည်  မျိုးချစ်စိတ်ဓာတ်ကို အခြေခံထားပြီး ပြည်သူနှင့်တစ်သားတည်း ဟူသည့် နှောင်ဖွဲ့ရစ်ပတ်မှုများဖြင့်  နိုင်ငံကိုယ်စားပြုသည့်  ပြည်သူချစ်သော တပ်မတော်ဖြစ်တည်ခဲ့သည်ဟု အလျဉ်းသင့်လို့ အမှာပါးချင်ပါသေးတယ်။ မျိုးချစ်စိတ်ဓာတ်ကို အခြေခံ၊  ဖက်ဆစ်ဆန့်ကျင်ရေးသည်သာ အဓိက၊ ကိုယ့်မြေကိုယ့်ရေ   ကိုယ့်အချုပ်အခြာ အာဏာ ကိုယ့်ထီးကိုယ့်နန်းဟူသည့်   အိပ်မက်စိတ်ကူး၊ မျှော်လင့်ချက်များကို  တစ်မျိုးသားလုံးအတွက် ကိုယ်ကျိုးစွန့်၍ နှင်းဆပ်ခဲ့သည်မှာ မြန်မာပြည်သူတို့နှလုံးသားထဲမှမွေးဖွားလာသည့်   မြန်မာ့တပ်မတော်ပင်။

ကြားဖြတ်၍ တပ်မတော်နေ့ သတ်မှတ် ဖြစ်တည်ခဲ့ပုံကိုလည်း မျှဝေပေးချင်ပါသေးတယ်။ ၁၉၄၅  ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖက်ဆစ်ကိုတော်လှန်ခဲ့သည့်နေ့ကို တပ်မတော်နေ့အဖြစ် အားလုံးသိထားကြပါလိမ့်မယ်။ တပ်မတော်နေ့ သတ်မှတ်ခဲ့ပုံနှင့် ထိုစဉ်ထိုအခါက မေးခွန်းများစွာရှိခဲ့ပါတယ်။ BIA ကိုတည်ထောင်တဲ့ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် သို့မဟုတ် ၂၇ ရက်ကို ဘာလို့မသတ်မှတ်ခဲ့တာလဲ၊ တပ်မတော်ဆိုသည်ကား တော်လှန်ရေးကာလမတိုင်မီကတည်းက ပေါ်နေသည်မှာလည်း အထင်အရှား။

ဖက်ဆစ်တော်လှန်ရေးကြီးပြီးတော့ တော်လှန်ရေးကို ဗကပ၊ အလံနီကွန်မြူနစ်တို့က သူတို့ဦးဆောင်သည်ဟု ဆိုတယ်။

ဖက်ဆစ်တော်လှန်ရေး ဆိုသည်ကား တပ်မတော်သည် ပြည်သူတစ်ရပ်လုံးနှင့် ဆင်နွှဲခဲ့သည့်   သမိုင်းဝင်သည့် တော်လှန်ရေးတစ်ခုပင်။  မည်သူမျှ  စောဒကမတက်ကြသော်လည်း ဗကပတို့က ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်နေ့ဟု သတ်မှတ်ခြင်းအပေါ် သဘောမတူ။ BIA ကိုတည်ထောင်ခဲ့သောနေ့ကို တပ်မတော်နေ့အဖြစ် မသတ်မှတ်ခဲ့ကြ။ မည်သို့ဆိုသော် BIA သည်  ဖက်ဆစ်လက်အောက်ခံ တပ်သာသာပင်ဖြစ်ခဲ့တယ်။ ထို့အတူ BDA သည်လည်း ဖက်ဆစ်လက်အောက်ခံ ဘဝပင်။ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ကား မြန်မာတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်များနဲ့ ဖက်ဆစ်တို့ကို တရားဝင် စစ်ကြေညာပြီး တော်လှန်ရေးကို ဆင်နွှဲခဲ့သည့်နေ့၊ အမျိုးသား တပ်မတော်ရဲ့  ဂုဏ်အင်္ဂါရပ်များနဲ့ ပြည့်စုံသွားတဲ့နေ့ ထိုနေ့ဟာ တပ်မတော်နေ့အဖြစ် မွေးဖွားလာခဲ့သည်မှာ သမိုင်းများက သက်သေပင်။   ထိုသို့သတ်မှတ်ခဲ့သည့်အပေါ် ထိုစဉ်ထိုကာလတွင်သာမက ၁၉၈၈  ခုနှစ် အရေးအခင်းကြီးတွင် နိုင်ငံရေးသမားကြီးများက လိုရာဆွဲပြီး ထိုခေတ်ပြည်သူများအပေါ် သွေးထိုး စည်းရုံးခဲ့ဖူးသေးပါတယ်။

ဖက်ဆစ်ပြေးတော့  နယ်ချဲ့ကထုံးစံအတိုင်း မင်းမူခဲ့ကြပြန်တယ်။ တပ်မတော်ကို ဖျက်သိမ်းဖို့ကြံပြီး သူတို့အလိုကျ ဖွဲ့စည်းထားသည့် Burma  Army ဟူသည့် တိုင်းရင်းသားတပ်များနှင့် အမိမြန်မာပြည်ကို အရောင်ဆိုး ချုပ်ကိုင်လာခဲ့ကြတယ်။ ဒါကို ဖဆပလက အပြင်းအထန်ကန့်ကွက်ခဲ့ပြီး နေသူရိန်လူထု အစည်းအဝေးကြီးကလည်းမြန်မာ့တပ်မတော်ကို တစ်ခဲနက်ထောက်ခံကြတယ်။  နောက်ဆုံး  ကန္ဒီစာချုပ်အရ ပြန်လည်ဖွဲ့စည်းထားသော မြန်မာ့တပ်မတော်အား  ပုံသဏ္ဌာန်မပျက်ဘဲ Burma Army နှင့် ပူးပေါင်းခွင့်ပေးခဲ့ပြီး လွတ်လပ်ရေးပါ ပေးခဲ့ရပါတော့တယ်။ နေသူရိန်လူထု အစည်းအဝေးကဲ့သို့သော ပြည်သူလူထု၏ တစ်ခဲနက်ပါဝင်မှု များကား တပ်မတော်နှင့်ပြည်သူတို့၏ နိုင်ငံရေးတိုက်ပွဲများသာ။ နိုင်ငံရေးတိုက်ပွဲ မအောင်လျှင် တပ်မတော်က အင်္ဂလိပ်ကိုလည်း  ဖက်ဆစ်ကဲ့သို့တိုက်ခိုက်ရန်   အစီအစဉ် ရှိခဲ့ပါသေးတယ်။   ဒီနေရာတွင်မြင်ရမည်မှာ ဖက်ဆစ်တော်လှန်ရေးသည် တပ်မတော်နှင့်ပြည်သူတို့၏ လွတ်လပ်ရေး ဥဒါန်းအတွက် တိုက်ခဲ့သော စစ်ရေးဆိုင်ရာ တော်လှန်ရေးတိုက်ပွဲဖြစ်ပြီး အင်္ဂလိပ်တို့ထံမှ  လွတ်လပ်ရေးရယူခဲ့သည့်တိုက်ပွဲသည်  တပ်မတော်နှင့်ပြည်သူတို့၏ လက်တွဲညီသော လွတ်လပ်ရေးမည်ခဲ့သည့် နိုင်ငံရေး တိုက်ပွဲပင်ဖြစ်သည်။ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့  နံနက် ၄ နာရီတွင် အင်္ဂလိပ်တို့၏ အလံကိုဖြုတ်ချပြီး မြန်မာ့အလံကိုလွှင့်တင်နိုင်ခဲ့သည်။ လွတ်လပ်ရေးနှင့်အတူ ပေးဆပ်သူများက ပေးဆပ်ပြီး လွတ်လပ်ရေးကို မစံစားခဲ့ရသလို ပေးဆပ်ခဲ့ပြီး လွတ်လပ်ရေးအရသာကို စံစားထိုက်သူများက စံစားခဲ့ကြရပါတယ်။ တပ်မတော်နှင့်ပြည်သူ တစ်ရပ်လုံး၏ လက်တွဲညီခဲ့သော ဖက်ဆစ်တော်လှန်ရေးကြောင့်သာ လွတ်လပ်ရေးဟူသည့် နေ့တစ်နေ့ဖြစ်လာခဲ့တယ်။ ဒီနွေတစ်ရက်ကြောင့် ဒီဆောင်းတစ်ရက်မှာ လွတ်လပ်ရေး မည်ခဲ့ခြင်းပင်။ “ကမ္မယောနိ”ကံသာလျှင်   အကြောင်းရှိခဲ့ပြန်ပါတယ်။

ပျော်နေချိန်မှာ စိတ်မကောင်းစရာတွေ မပြောကောင်းပေမယ့် ဤသည်လည်း သမိုင်းပေမို့ပြောရပါဦးမယ်။  လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် အမိမြန်မာပြည်တွင် နိုင်ငံ့အကျပ်အတည်းကြီးလေးခု ကြုံခဲ့ရပြန်တယ်။

ထိုအကျပ်အတည်းများကား ၁၉၄၈  ခုနှစ် လွတ်လပ်ရေးနှင့်အတူပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှု၊ ၁၉၅၈ ခုနှစ် ပြည်ပကျူးကျော်မှု၊ ၁၉၆၂ ခုနှစ်  ပြည်နယ်များက  ခွဲထွက်ဖို့ခြိမ်းခြောက်မှု၊ ၁၉၈၈ ခုနှစ် အဖျက်ပုံစံ အရောင်အသွေးစုံသည့် ပြည်တွင်းသောင်းကျန်းမှု အချို့နှင့် ပြည်တွင်းဆူပူအုံကြွမှုတို့ပင်။ ၁၉၄၈ ခုနှစ် အကျပ်အတည်းတွင် မြန်မာ့တပ်မတော်ဟာ စစ်ရေး၊ နိုင်ငံရေး၊ ၁၉၅၈ ခုနှစ်အကျပ်အတည်းတွင် ပြည်ပကျူးကျော်မှုကြောင့် နိုင်ငံရေး၊ စစ်ရေး၊ ၁၉၆၂ ခုနှစ် ပြည်နယ်များခွဲထွက်ရန် ခြိမ်းခြောက်မှု အကျပ်အတည်းတွင်  အမျိုးသားပြန်လည် သင့်မြတ်ရေး၊ နိုင်ငံရေး၊ စစ်ရေး၊ ၁၉၈၈ ခုနှစ် ဆူပူအုံကြွမှုအကျပ်အတည်းတွင်  နိုင်ငံရေး၊

စစ်ရေးအပြင် တရားဥပဒေစိုးမိုးရေးကိုလည်း တစိုက်မတ်မတ် ဆောင်ရွက်ခဲ့ရပြန်တယ်။ ဒါတင်မကပေ။ တပ်မတော်သည်ပင်လျှင် စစ်ရေးအရ ပြန်တိုက်ခံတာရှိသလို နိုင်ငံရေးအရ တိုက်ခိုက်ခံရသည်များလည်း ရှိသည်။ စစ်ရေးနှင့် နိုင်ငံရေးကို မြန်မာ့တပ်မတော်သည် တိုက်စစ်သက်သက် သာမဟုတ် ခံစစ်အနေနှင့်လည်း  ခုခံခဲ့ရပါတယ်။

စစ်ရေးတွင် မြန်မာ့တပ်မတော် မည်မျှကြုံခဲ့ရပါသလဲ။ သောင်းကျန်းသူတွေ  သံချပ်ကာ  ကားကြီးတွေစီးပြီး  မိတ္ထီလာမှရန်ကုန်ဆီသို့ ချီတက်လာသည်အထိကြုံခဲ့ရပါတယ်။ နိုင်ငံရေး တွင်မည်မျှကြုံခဲ့ပါသလဲ။ ပြည်နယ်များခွဲထွက်မှု၊ ပြည်တွင်းဆူပူအုံကြွ မှုများကြောင့် ၁၉၄၇  ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပြင်၊ ၁၉၇၄  ခုနှစ်   ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ရေးဆွဲ၊ ၁၉၇၄ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေက တစ်ခါပြန်ဆိတ်သုဉ်းသည်အထိပင်။ အခြေခံဥပဒေဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ Mother Law  ဖြစ်ပြီး ဒီ Mother  Law  ကြီးတွေပြင်ပြီး ထိန်းကျောင်းရသည်ဆိုသော် နိုင်ငံ့အကျပ်အတည်းသည် မည်မျှကြီးမားပါသလဲ။ မြန်မာ့တပ်မတော် ကြုံခဲ့ရသော  နိုင်ငံရေးအကျပ်အတည်းကား တော်တန်ရုံမဟုတ်ဟု  အဖြေထွက်ပါလိမ့်မယ်။ နိုင်ငံ့တာဝန်တွေကို ဦးလည်မသုန် ကြိုးပမ်းထမ်းဆောင်ရင်း မြန်မာ့မြေပေါ်ဝယ် ဒီမိုကရေစီစနစ်ကြီး တစ်ခုမွေးဖွားနိုင်သည်အထိ   ဦးဆောင်ဦးရွက်ပြုနိုင်ခဲ့ခြင်းဟာ တပ်မတော်ရဲ့ Powerသာဖြစ်ပါတယ်။

ထို့ကြောင့်ပင်လျှင် မြန်မာ့တပ်မတော်ကား စစ်ရေးအတွေ့အကြုံများသာမက  နိုင်ငံရေး အတွေ့အကြုံများပါ အလိုလိုရရှိလာခြင်းပင်။ ခေတ်အဆက်ဆက်  နိုင်ငံတော်၏နိုင်ငံရေးအကျပ်အတည်းများ၊ စစ်ရေးအကျပ်အတည်းများ၊ စီးပွားရေး အကျပ်အတည်းများ၊ ပြိုကွဲလုလု တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးဆိုင်ရာများ၊ ပြည်သူများ ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲစုံတို့အား  ကြိုးပမ်းထမ်းရွက်ခဲ့သည်။

ထိုသည်ကို တပ်မတော်က “အမျိုးသားနိုင်ငံရေး ဦးဆောင်မှု”ဟု သုံးနှုန်းလိုက်လျှင် ဘယ်သမိုင်းမှာမှ အရာမထင်တဲ့ နိုင်ငံရေးသမား အချို့က ယခုအချိန်ထိ မျက်ထောင့်နီများနှင့် ကြည့်နေကြစမြဲပင်။ “ကမ္မယောနိ”ကံသာလျှင် အကြောင်းရှိ၍ သမိုင်းကြမ္မာ၏ကြိုးဆွဲရာ ယိမ်းနွဲ့ရင်း ဖြစ်တည်လာတဲ့ အခြေအနေ အရပ်ရပ်အတွက် သမိုင်းအသိအတိုင်း   နားလည်စေချင်ပါတယ်။

ပြန်တွေးကြည့်ရင် ယနေ့တပ်မတော်ဆိုတာ ဖက်ဆစ်ဆန့်ကျင်ရေးအတွက်  မျိုးချစ်စိတ် တစ်ခုတည်းကို အခြေခံခဲ့တဲ့  လူငယ်တစ်စု သို့တည်းမဟုတ် ရဲဘော်သုံးကျိပ်က စတင်ခဲ့တယ်။  လွတ်လပ်ရေးဟူသော  သန္နိဋ္ဌာန်စိတ်ကြောင့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်ဆိုတဲ့ နွေကာလတစ်ရက်ဟာ ဖက်ဆစ်တော်လှန်ရေး ဆိုတဲ့  လွတ်လပ်ရေး ဥဒါန်းပမာဖြစ်ခဲ့ရတယ်။ ထိုနေ့မှစ၍ မြန်မာ့တပ်မတော်ဟာလည်း တပ်မတော်တစ်ရပ်ရဲ့ ဂုဏ်အင်္ဂါရပ်များနဲ့ စတင်ရစ်သိုင်းလွှမ်းခြုံရင်း ပြည်သူ့တပ်မတော်အဖြစ် ကင်ပွန်းတပ်ခံခဲ့ရတယ်။ ဒါ့ကြောင့် မျိုးချစ်စိတ် ဇာနည်သွေးတွေပက်ဖျန်းလေတဲ့ ဤသို့သော နွေတစ်ရက်ဟာ ယနေ့အတွက်တော့ သမိုင်းတွင်တဲ့ ...နွေ ဖြစ်ခဲ့ရပါကြောင်း (၇၉)နှစ်မြောက်တပ်မတော်နေ့အား ဂုဏ်ပြုစာစီခြယ်မှုန်း လိုက်ရပါတော့တယ်။   ။

ထာဝရငြိမ်းချမ်းကြပါစေ ...