ခမ်းနားထည်ဝါဂုဏ်တင့်ပါသည် . . .(၇၉)နှစ်မြောက် တပ်မတော်နေ့ဆီ

 

 

ခမ်းနားထည်ဝါဂုဏ်တင့်ပါသည် . . .(၇၉)နှစ်မြောက် တပ်မတော်နေ့ဆီ

 

(၇၉) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြုဆောင်းပါး)

    ဆောင်းနှောင်းနွေဦး   ပုရစ်ဖူးသည့် တပေါင်းအကူး နှောင်းတန်ခူးကာလသည် နေ့ပူလို့ညချမ်း   တပေါင်းလသရမ်းဟု အဆိုရှိခဲ့ကြသည်။  ရွက်ညှာကြွေသည့် တပေါင်းနွေသည်    မြန်မာ့သမိုင်းတွင် တစ်ပိုင်းတစ်ကဏ္ဍအဖြစ် အရေးပါခဲ့သည်။ တပေါင်းလသည် မြန်မာ့သမိုင်းနှင့် ဆက်စပ်ပြီးကြည့်လျှင်   ထင်ရှားသော မှတ်တိုင်တစ်ခုဟု ဆိုနိုင်သည်။  တပေါင်းနွေတွင် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူးနိုင်ရန် ကြိုးပမ်း တည်ဆောက်ခဲ့သူများမှာ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော မြန်မာ့တပ်မတော်၏ ဦးဆောင်မှုနှင့်အတူ ပြည်သူတစ်ရပ်လုံး၏   စည်းလုံးညီညွတ်မှုဖြင့် ဖက်ဆစ်တို့ကို      မြန်မာ့မြေပေါ်မှ မောင်းထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဖက်ဆစ်ဂျပန်များကို   ကျူပင်ခုတ်ကျူငုတ်မကျန် တော်လှန် တိုက်ထုတ်နိုင်ခဲ့သော လတပေါင်း၏ မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နေ့ပင်ဖြစ်သည်။

မြန်မာ့တပ်မတော်သည်    စွမ်းရည်သုံးရပ်နှင့် ပြည့်စုံပြီး တစ်ဦးချင်း ကိုယ်ကျိုးထက် အများအကျိုးကို ဦးစားပေးဆောင်ရွက်နေသည်မှာ   ပြည်သူများအားလုံး အသိပင်ဖြစ်သည်။  တပ်မတော်သားများသည် ပြည်သူလူထုအတွင်းမှ ပေါက်ဖွားလာသော သူများဖြစ်ပြီး   နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ်   သစ္စာစောင့်သိ ရိုသေကြသူများဖြစ်သည်။  တပ်မတော်သားများသည်  နိုင်ငံတော်၏ ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်နှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများကိုလည်း  တစိုက်မတ်မတ် ထမ်းဆောင်နေကြသူများ   ဖြစ်သည်။  တပ်မတော်၏ အခန်းကဏ္ဍ အရေးကြီးပုံကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်   ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပုဒ်မ ၃၃၇ တွင် “တပ်မတော်သည် နိုင်ငံတော်အတွက် အဓိက အကျဆုံးသော လက်နက်ကိုင် တပ်ဖွဲ့ဖြစ်သည်”ဟု ပြဋ္ဌာန်းထားသည်။ မွန်မြတ်လှသော စိတ်ဓာတ်နှင့် တပ်မတော်တွင် တာဝန်ထမ်းဆောင်နေကြသော တပ်မတော်သားများ အားလုံးအတွက်  နှစ်စဉ် မတ်လ ၂၇ ရက်နေ့သို့ ရောက်တိုင်း   တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားများကို ခမ်းနားထည်ဝါစွာ ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၉)နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံသည် ကိုလိုနီလက်အောက်ကို ကျရောက်ခဲ့သည့်အချိန်မှ စ၍ လွတ်လပ်ရေး ရသည့်အချိန်အထိ မြန်မာတိုင်းရင်းသား အပေါင်း၏အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ လွတ်လပ်ရေးအတွက် ရင်းနှီးပေးဆပ်ခဲ့ရသည်။ လွတ်လပ်ရေးအတွက် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး   ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေတ်အဆက်ဆက် တပ်မတော် အကြီးအကဲများသည် မိမိတို့နိုင်ငံတွင် ခေတ်မီမျိုးချစ် တပ်မတော်ရှိရန် လိုအပ်နေပြီဖြစ်ကြောင်း  သမိုင်းပေး သင်ခန်းစာများမှ တစ်ဆင့် သိရှိခဲ့သည်။မြန်မာနိုင်ငံသည်  ယနေ့ကမ္ဘာပေါ်တွင် ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံအဖြစ်  ရပ်တည်နေဆဲဖြစ်သည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုနှင့်အတူ နိုင်ငံ၏ပြည်တွင်းရန်၊ ပြည်ပရန်အန္တရာယ်အသီးသီးကို      ကာကွယ်စောင့်ရှောက်ရန်     ခေတ်မီတပ်မတော်ဖြစ်ရန် လိုအပ်လှသည်။ ထို့ကြောင့် မြန်မာ့တပ်မတော်၏ အကြီးအကဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခေတ်မီတပ်မတော်တစ်ရပ် ဖြစ်ပေါ်လာရေးကို အစဉ်တစိုက်ကြိုးစား တည်ဆောက်နေခြင်းပင်ဖြစ်သည်။

ယနေ့ကျင်းပသည့် (၇၉) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို  ရာသီဥတု ပွင့်လင်းသာယာသည့်  နွေကြိုပန်းတို့၏ သင်းရနံ့မွှေးပျံ့သော  လတပေါင်းတွင် မြန်မာ့တပ်မတော်သားတို့၏ ဂုဏ်ယူဖွယ်ရာဖြစ်သော   တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကြီးကို စည်စည်ကားကား ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ကျင်းပနေသည်ကို   တီဗွီဖန်သားပြင်မှတစ်ဆင့်  ဂုဏ်ယူဖွယ်ရာ တွေ့လိုက်ရသည်။

မြန်မာ့တပ်မတော်၏ အလေးအမြတ် ဂုဏ်ပြုရသည့် ၂၀၂၄ ခုနှစ် (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးကို ညနေ ၅ နာရီ ၁၅ မိနစ် အချိန်မှစတင်၍  တိုက်ရိုက်ထုတ်လွှင့် တင်ဆက်လျက်ရှိပေရာ ပင်လောင်းလမ်းဆုံ တစ်လျှောက်နှင့် စစ်ရေးပြကွင်းကြီး အတွင်း၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ     အရာရှိ၊စစ်သည် မိသားစုဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ    အရာရှိ၊ စစ်သည် မိသားစုဝင်များ၊ ရုပ်ရှင်အနုပညာရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကလည်း စစ်ရေးပြစစ်ကြောင်းကြီးများအား   ဂုဏ်ပြုပန်းကုံးများဖြင့်ကြိုဆိုရန်    ဆောလျင်စွာ ရောက်ရှိစောင့်ဆိုင်း နေကြသည်ကို    တွေ့ရသည်။

စစ်ရေးပြမှူးကြီး၏ တပ်ပေါင်းဟူသော အမိန့်သံအဆုံးတွင်   တပ်မတော်နေ့အခမ်းအနားတွင် ပါဝင်စစ်ရေးပြကြမည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်းနှင့် အောင်ဆန်းစစ်ကြောင်းတို့က အမိန့်စဉ်အတိုင်း ပါဝင်ချီတက်ရန် ဟန်ပြင်ထားကြပြီးဖြစ်သည်။ စစ်ရေးပြစစ်ကြောင်းကြီးတွင် ပါဝင်ကြသည့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်များ၊ တပ်မတော်(ကြည်း) အမျိုး သမီး စစ်ရေးပြတပ်ခွဲ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အမျိုးသမီး စစ်ရေးပြ တပ်ခွဲများ၏ အသွင်သဏ္ဌာန်မှာတည်ကြည်ခံ့ညားသည်။ မာန်ရှိလှသည်။ ရဲစိတ်ရဲမာန်နှင့်စိတ်ဓာတ် ခွန်အားအပြည့်ရှိလှသည်။ စစ်ရေးပြ အခမ်းအနားအတွက် ချပ်ဝတ်တန်ဆာ ယူနီဖောင်းများကို သပ်ရပ်စွာ စနစ်တကျ ဝတ်ဆင်ထားသည်ကိုလည်း တွေ့ရသည်။ ဇာတိသွေး၊ ဇာတိမာန်ကို တက်ကြွစေသည့်    စစ်သီချင်းများကို အားပါပါဖြင့်    သံပြိုင်ညီညာသီဆိုကြပြီး တက်တက်ကြွကြွနှင့်  ညီညာသွက်လက်သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးတွင်   ပါဝင်ဆင်နွှဲရသည်ကို  ဂုဏ်ယူဝမ်းမြောက်ကြောင်း   ပေါ်လွင်နေပေသည်။

ထို့ပြင် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို  ဂုဏ်ပြုသောအားဖြင့် ရန်ကုန်-မန္တလေးကားလမ်းမနှင့် ပင်လောင်းလမ်းဆုံတွင်  မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ပြီး ဇာတိသွေး၊ ဇာတိမာန်တက်ကြွလာစေရန် ကြည်း၊ ရေ၊ လေ စစ်သည်များ၏ လှုပ်ရှားမှု ပုံရိပ်များကို ဖော်ကျူးထားသည့် ပိုစတာကြီးများကိုလည်း    လမ်းတစ်လျှောက် တွေ့မြင်ရသည်။ ပင်လောင်းလမ်းတစ်လျှောက်၏ လမ်းဘေးဝဲ၊  ယာတွင်လည်း သဘာဝပတ်ဝန်းကျင်နှင့်  လိုက်ဖက်စွာ သစ်ပင်ပန်းပင်များကို စိုက်ပျိုးထားပြီး ယင်းသစ်ပင်ပန်းပင်များတွင် အလှမီးပန်း၊ မီးဆိုင်းများဖြင့်   အလှဆင်ထားသည့်အပြင် လမ်းတစ်လျှောက် ရောင်စုံမီးအလှများဖြင့်  လှပစွာ ထွန်းညှိထားသည်ကို တွေ့ရသည်။ စစ်ရေးပြ အခမ်းအနားကြီးနှင့် လိုက်ဖက်ညီစွာ အခမ်းအနား အပြင်အဆင် အသေးစိတ်ကအစ စနစ်တကျ ဆောင်ရွက်ထားသည်ကိုလည်း တွေ့ရသည်။  အခမ်းအနားကျင်းပရာ လမ်းတစ်လျှောက်နှင့် စစ်ရေးပြကွင်းတစ်ခုလုံးကို လျှပ်စစ်မီးများ

ဖြင့် လင်းထိန်နေအောင် အလှဆင်ထားသဖြင့်    ညအမှောင်ဖြစ်သော်လည်း နေ့အချိန်တွင်  ကျင်းပရသောပွဲကဲ့သို့ လင်းထိန်လျက်ရှိသည်။

ထိုမျှမကသေး စစ်ရေးပြကွင်းကြီးဆီသို့ ချီတက်ရာ လမ်းတစ်လျှောက်တွင်  တပ်မတော်၏ ဆောင်ပုဒ်များကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ဆိုင်းဘုတ်များ စိုက်ထူကာပြသထားသည်။ စာတန်းများချိတ်ဆွဲရာတွင်လည်း ရဲစွမ်းသတ္တိကို ပြသရာရောက်သည့်အနီရောင်ကို အောက်ခံအရောင်အဖြစ် အသုံးပြုထားပြီး ယင်းအနီရောင်အပေါ်တွင် ရွှင်လန်းတက်ကြွမှု၊ ချစ်ခင်ရင်းနှီးမှုနှင့်  ရုပ်ပိုင်းဆိုင်ရာ စွမ်းအင်ကို ခံစားရရှိနိုင်စေရန် အဝါရောင်စာလုံးကြီးများဖြင့် ထင်ထင်ရှားရှား ပုံဖော်ကာ ယနေ့ကျရောက်သော (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုလျက်ရှိနေသော ပုံရိပ်အငွေ့အသက်များ ဖြစ်ပေါ်လာအောင် ပြသထားသည်ကို တွေ့မြင်ရသည်။

စစ်ရေးပြကွင်းကြီး၏အဝင်တွင် မုခ်ဦးကြီးကိုလည်း ခမ်းနားထည်ဝါစွာ တွေ့မြင်ရသည်။ လျှပ်စစ်မီးများဖြင့်အလှဆင်ထားပြီး ဆလိုက်မီးကြီးထိုးထားသဖြင့် မုခ်ဦးကြီး၏ ခမ်းနားထည်ဝါပုံကို    ခံ့ခံ့ညားညားမြင်တွေ့ရသည်။    မုခ်ဦးအတွင်းတွင်လည်း ပုံဖော်ထားသော   ပန်းအလှများအပြင် မီးရောင်စုံခြယ်သ စီခြယ်ထားသည်ကိုလည်း တွေ့ရသည်။  

ယနေ့ကျင်းပသည့် (၇၉) နှစ်မြောက် စစ်ရေးပြ အခမ်းအနားတွင်လည်း တပ်မတော်နေ့ စစ်ရေးပြ   ဘင်ခရာတီးဝိုင်း၏ စစ်သီချင်းတီးမှုတ်ပုံများ၊  စစ်ရေးပြစစ်ကြောင်းကြီးများတွင် ပါဝင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ အရာရှိ၊ စစ်သည်များ၊ အမျိုးသမီး တပ်ဖွဲ့ဝင်များ၏ ဇာတိသွေး၊ ဇာတိမာန်အပြည့် စစ်ချီတေးသီချင်း သီဆိုမှုများမှာ နားထောင်ရသူ ပရိသတ်များနားထဲတွင် ရဲစိတ်ရဲမာန် တက်ကြွလာပြီး   မျိုးချစ်စိတ်ဓာတ် တက်ကြွလာစေသည်။ စစ်သား၊ စစ်သမီးတို့၏  ဝင့်ကြွားစွာနဲ့ ချီတက်စစ်ရေးပြကြသည့် ပုံရိပ်များ၊ တပ်မတော်စစ်တီးဝိုင်း တပ်ဖွဲ့၏ သံစုံတီးဝိုင်းနဲ့အတူ စစ်သီချင်းသံများမှာ တိမ်ယံကို ထွင်းဖောက် မိုးကောင်းကင်ထိပင် ပျံ့နှံ့ရောက်ရှိသွားစေသည်။

စစ်ရေးပြစစ်ကြောင်းကြီးများ ချီတက်လာချိန်တွင်     လမ်းတစ်လျှောက်၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိ၊စစ်သည် မိသားစုဝင်များ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ   အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ ရုပ်ရှင်အနုပညာရှင်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကလည်း   စစ်ကြောင်းကြီးများကို  သောင်းသောင်းဖြဖြ ကြိုဆိုကြကာ  ဂုဏ်ပြုပန်းကုံးများဖြင့် ကြိုဆိုတာကိုလည်း   ကြည်နူးဖွယ်ရာ တွေ့မြင်ရသည်။

စစ်ရေးပြကွင်းအတွင်း စစ်ရေးပြမှူးကြီး ဦးဆောင်သော  စစ်ကြောင်းများက သတ်မှတ်နေရာတွင်  ဝင်ရောက်နေရာယူပုံ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား  စစ်ကြောင်းများက အလေးပြုပုံ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်ကိုစစ်ဆေးပုံ၊  မိန့်ခွန်းပြောကြားပုံ၊ မိန့်ခွန်းပြောကြား အပြီးတွင် စစ်ရေးပြမှူးကြီး ဦးဆောင်သော  စစ်ကြောင်းများက စစ်ကြောင်းပုံဖြင့်  ချီတက်အလေးပြုပုံ၊  တစ်ချိန်တည်းမှာပင်  တပ်မတော်(လေ)မှ လေယာဉ်၊ ရဟတ်ယာဉ်များကလည်း ကောင်းကင်ယံမှ သရုပ်ပြပျံသန်းပြီး အလေးပြုပုံ၊ စစ်ရေးပြကွင်း အတွင်းမှ ပြန်လည်ထွက်ခွာပုံစသည့်  စစ်ရေးပြအခမ်းအနား အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်သွားသည်ကို တွေ့ရသည်။ အခမ်းအနားကြီးတစ်ခုလုံးကို     ပြီးပြည့်စုံအောင်လုပ်ဆောင်ရာတွင်  ပါဝင်ဆောင်ရွက်သူ စစ်သည်၊ စစ်သမီးများ၏ သစ္စာစောင့်သိမှု၊ အမိန့်နာခံတတ်မှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် ဇွဲသတ္တိပြည့်ဝမှု၊ စစ်စည်းကမ်းကောင်းမွန်မှု၊  လေ့ကျင့်သားပြည့်ဝမှု၊ တိုက်ရည်ခိုက်ရည်ပြည့်ဝမှု၊    ကျန်းမာကြံ့ခိုင်မှု၊ အချင်းချင်းရဲဘော်စိတ်ထားရှိမှု၊   စွန့်လွှတ်စွန့်စားမှု၊ သန္နိဋ္ဌာန်စိတ်ဖြင့် ရည်မှန်းချက်ပြီးမြောက်အောင် ဆောင်ရွက်နိုင်မှုတို့ကြောင့် ယခုကဲ့သို့ အောင်မြင်အောင် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။

ထို့ပြင် ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ SMTX - 1 A လေယာဉ် ၁ စင်းနှင့်  PT-6လေယာဉ် ၂ စင်းတို့က  (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသော အားဖြင့် 79 Logo Formation ပုံစံအား မီးအလှများ တပ်ဆင်၍လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက Trail Formation ပုံစံဖြင့်   လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ Trail Formation  ပုံစံဖြင့်  လည်းကောင်း၊ Eurocopter ၂ စင်းက Trail Formationပုံစံဖြင့် လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စင်းက Echelon Formation ပုံစံဖြင့် လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၂ စင်းက Echelon Formation ပုံစံဖြင့်  လည်းကောင်း၊ Eurocopter ၂ စင်းက   Echelon Formation   ပုံစံဖြင့် လည်းကောင်း၊ BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စင်းက ရှုရပ်၏ အရှေ့ဘက် ၄၅ ဒီဂရီမြင်ကွင်းမှ ၂၉၅ ဒီဂရီ လမ်းကြောင်းအတိုင်း  ပျံသန်း၍ လည်းကောင်း၊ BEECH1900 Dအမျိုးအစား သယ်ယူပို့ဆောင်ရေး လေယာဉ် ၁ စင်းက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီမြင်ကွင်းမှ ၂၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍ လည်းကောင်း။

Su-30 SME စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး   အကြီးစား တိုက်လေယာဉ် ၂ စင်းက Echelon Formation ပုံစံဖြင့် ၂ ကြိမ်ပျံသန်း၍ လည်းကောင်း၊ MiG-29 ဘက်စုံသုံး တိုက်လေယာဉ် ၁ စင်းက ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များ ထုတ်လွှတ်၍ လည်းကောင်း အသီးသီးသရုပ်ပြ ပျံသန်းကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အား အလေးပြုကြသည်။ ယခုနှစ် စစ်ရေးပြ အခမ်းအနားတွင်  လေယာဉ်၊  ရဟတ်ယာဉ်များ၏  ညဘက် စွမ်းရည်ပြသမှုကို ထူးခြားစွာ မြင်တွေ့ရပါသည်။ ကြည့်ရှုရသူပရိသတ်များအဖို့ ရင်သပ်ရှုမော အံ့သြဖွယ်ဖြစ်စေသည်။

ထို့ပြင် (၇၉)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြကျင်းပသော နေပြည်တော် စစ်ရေးပြ ကွင်းကြီးတွင် ခံ့ညားစွာစိုက်ထူထားသည့် ပထမ၊ ဒုတိယနှင့်တတိယမြန်မာနိုင်ငံတော် တို့ကိုတည်ထောင်ခဲ့ကြသော မင်းသုံးပါးတို့၏ ကြေးရုပ်တုကြီးများကို လည်းကောင်း၊ တပ်မတော်နေ့ မီးရှူးတိုင်နှင့် (၇၉)နှစ်မြောက်   တပ်မတော်နေ့ အထိမ်းအမှတ် တံဆိပ်ကြီးကို လည်းကောင်း ဝင့်ထည်စွာတွေ့မြင်နိုင်သည့်အပြင် ဗမာ့လွတ်လပ်ရေး တပ်မတော်အလံ၊   ဗမာ့ကာကွယ်ရေး တပ်မတော်အလံ၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) အလံများ၊  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)   ညွှန်ကြားရေးမှူးရုံး အလံများ၊  တိုင်းစစ်ဌာနချုပ်၊ တပ်မဌာနချုပ် အသီးသီးနှင့် တပ်ရင်းတပ်ဖွဲ့များ၏ အမှတ်တံဆိပ်ပါရောင်စုံအလံများ တလွင့်လွင့်လွှင့်ထူ ထားကြသည်ကိုလည်း တွေ့မြင်နိုင်သည်။

ယခုနှစ်တွင်  အခြားနှစ်များနှင့်မတူဘဲ ထူးခြားချက်အနေဖြင့် စစ်ကြောင်းကြီးများ ချီတက်ရာ လမ်းကြောင်းတစ်လျှောက်၌ စစ်ကြောင်းများ၏ ကိုယ်စားပြုအရောင် အလှမီးများ၊ မီးအလှထွန်းသည့် Truss Beam များ၊ မီးဆိုင်းများ၊ Light Box များ၊ LEDStrip Lightများဖြင့် လည်းကောင်း၊ စစ်ရေးပြကွင်းကြီး၏ အဝင်မုခ်ဦးတွင် LEDStrip Light များ အသုံးပြု၍ စစ်ကြောင်းကြီးများ၏ ကိုယ်စားပြု အရောင်များအတိုင်းပြောင်းလဲအလှဆင်၍ လည်းကောင်း၊ လမ်းဘေးဝဲ/ယာတစ်လျှောက်၌လည်း မိုးစက်မီးများ၊ Up Light rsm; ၊ ProgramLED Strip Lightများ၊ ရောင်စုံအလှမီးများဖြင့် ဆင်ယင်ထားပြီး စစ်ကြောင်းကြီးများအား ဂုဏ်ပြုကြိုဆိုပါ၏ စာတန်းများ၊ နိုင်ငံတော်အလံနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ) အလံများကို Lighting Effect မီးအလှများဖြင့် ပုံဖော်၍လည်းကောင်း၊ စစ်ရေးပြကွင်းအတွင်း အလေးပြုခံစင်မြင့် မျက်နှာမူရာရှိ    သစ်ပင်များ၌လည်း Handmade အလှမီးများဖြင့် လည်းကောင်း၊ မင်းကြီးသုံးပါး ရုပ်တုအောက်ခံ၌ တပ်မတော်အလံ ပုံဖော်ထားသည့် ကြယ်တံဆိပ်နှစ်ခု

အား LED Strip Light များဖြင့် လည်းကောင်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် ပြန်လည်ထွက်ခွာမည့် လမ်းတစ်လျှောက်တွင်လည်း Flag Light Box rsm; ၊ LED Strip Light များဖြင့် အသီးသီး ပုံဖော် အလှဆင်ထားသည်ကို    တွေ့မြင်နိုင်ပါသည်။

ယနေ့    စစ်ရေးပြ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊  တပ်မတော်မှ အဆင့်မြင့်အရာရှိကြီးများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရဲဘော်သုံးကျိပ်ဝင် မိသားစုဝင်များ၊  အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ အငြိမ်းစား တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိကြီးများ၊ လွတ်လပ်ရေး မော်ကွန်းဝင်  ပထမအဆင့်၊ ဒုတိယအဆင့်နှင့်  တတိယအဆင့် မော်ကွန်းဝင်ပုဂ္ဂိုလ်များ၊  NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အောင်ဆန်းသူရိယဘွဲ့ရရှိသူများ၏ မိသားစုဝင်များ၊ သီဟသူရဘွဲ့၊ သူရဘွဲ့နှင့် တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့၊ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ် ရရှိခဲ့ကြသည့်အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ စသည်ဖြင့် စစ်ဘက်နယ်ဘက် ဆိုင်ရာတို့မှ တာဝန်ရှိသူများနှင့် ပြည်တွင်းပြည်ပမီဒီယာများ     အင်ပြည့်အားပြည့် တက်ရောက်လာကြသည်ကိုလည်း တွေ့ရသည်။

အချုပ်ဆိုရသော်   လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ  သန္ဓေတည်ပေါက်ဖွားလာခဲ့သော တပ်မတော်သည် စည်းလုံးခြင်းသည် အင်အား  တပ်မတော်၏ စွမ်းပကားဖြင့် ရှေ့သို့ချီတက်ကာ ခေတ်မီတပ်မတော် တစ်ရပ်ဖြစ်စေရေး ဆောင်ရွက်နေဦးမည်ဖြစ်သည်။ ဘယ်သူခွဲခွဲ တို့မကွဲ အမြဲစည်းလုံးမည်ဟူသော တပ်မတော်၏ ဆောင်ပုဒ်အတိုင်း တပ်မတော်နေ့စစ်ရေး ပြမြင်ကွင်းမှ တစ်ဆင့် တပ်မတော်သားများ၏ စည်းလုံးညီညွတ်မှုနှင့်  တပ်မတော်သားတို့၏ စွမ်းအားကို မြင်တွေ့ခွင့်ရခဲ့သည်။ စစ်ကြောင်းကြီးများ အလိုက် တရွေ့ရွေ့ချီတက် လာသည့်မြင်ကွင်းမှာ  ကြည့်ရှုသူအပေါင်း အားရကျေနပ်ဖွယ်ရှိလှသည်။ (၇၉)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားကြီးသည် ခမ်းနားထည်ဝါ ဂုဏ်တင့်လှပြီး   တပ်မတော်သားတို့၏ စည်းလုံးညီညွတ်မှုကို ကမ္ဘာကိုသိအောင်ပြသသော အခမ်းအနားကြီးဖြစ်ပါကြောင်း  ချီးကျူးဖော်ညွှန်း မော်ကွန်းရေးထိုး ဂုဏ်ပြု ရေးသားလိုက်ရပါသည်။    ။

ဝေဟင်နန်းဖြူ(မြန်မာစာ)