မြစ်ကြီးနားမြို့နှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

မြစ်ကြီးနားမြို့နှင့် လှည်းကူးမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၈

         ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မြစ်ကြီးနားမြို့ရှိ ပဋိပတ္တိမာမက ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

         ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ သံဃာတော် ၄၁ ပါးတို့အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နယ်မြေခံ တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး သံဃာတော်များအား လှူဖွယ် ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

         အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကြာအင်းအရှေ့ ကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အဆိုပါကျေးရွာရှိ    ကြာအင်းအရှေ့ရွာ ကျောင်းကြီးကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

         ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုးအကြော ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဒေသခံပြည်သူ ၁၅၃ ဦးတို့ကို လိုအပ်သည့် ရောဂါရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။

         ယင်းသို့ ဆောင်ရွက်နေမှုများကို အင်းတိုင်တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။