KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ အတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစည်းအဝေး ကျင်းပ

 

 

KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်သူများ အတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေး အစည်းအဝေး ကျင်းပ

 

နေပြည်တော်  မတ် ၂၈

KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်သင်တန်း အသီးသီးတွင် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်း ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊    ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး     ဗိုလ်ချုပ်ကိုကိုလွင်၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးမှ အဆင့်မြင့် အရာရှိကြီးများ၊   ပြည်ထောင်စုဝန်ကြီး(ငြိမ်း) ပါမောက္ခဒေါက်တာဖေသက်ခင်၊ မြန်မာနိုင်ငံဆေးကောင်စီ၊  မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၊  မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကောင်စီနှင့် မြန်မာ နိုင်ငံ  သူနာပြုနှင့်သားဖွား ကောင်စီတို့မှ ဥက္ကဋ္ဌများ၊ ကျန်းမာရေးလူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဆေးတက္ကသိုလ်များနှင့် ဆေးပညာ  နှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ပါမောက္ခ   ဒေါက်တာသက်ခိုင်ဝင်းက KG+12  ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲများ စစ်ဆေးပြီးဖြစ်ပါသဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မည့်သူများကို ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် လက်ခံသင်ကြား ရတော့မည်ဖြစ်ကြောင်း၊ KG+12  ပညာရေးစနစ်သစ်သည် နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသော    IGCSE ''A'' Level နှင့်ကိုက်ညီမှုရှိကြောင်း၊    သင်ကြားမည့် သင်တန်းကာလနှင့်  သင်ရိုးညွှန်းတမ်းများသည် အာဆီယံဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာရှိ တက္ကသိုလ်များတွင် သင်ကြားနေမှုနှင့်  ကိုက်ညီရန် လိုအပ်သည့်အပြင် သက်ဆိုင်ရာနိုင်ငံတကာ “စံ” သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရန် လိုအပ်ကြောင်း၊ သတ်မှတ်မည့်   သင်တန်းကာလသည် နိုင်ငံတော်၏ လိုအပ်ချက်၊  ကျန်းမာရေး ဝန်ကြီးဌာန၏  လိုအပ်ချက်ကို အခြေခံပြီး မွေးထုတ်မည့်  ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်များ၏ အရည်အသွေးပြည့်မီစေရေးကို အဓိကထား၍  ကျောင်းသား/ကျောင်းသူများနှင့် မိဘများအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးကိုပါ ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ အထွေထွေ ဆေးကုသခွင့်လိုင်စင်၊  သွားနှင့်ခံတွင်းဆိုင်ရာ ဆေးကုသ ခွင့်လိုင်စင်၊ သူနာပြုသားဖွား လိုင်စင်များကို ထုတ်ပေးလျက်ရှိသည့် သက်ဆိုင်ရာကောင်စီများမှ သတ်မှတ်မည့်  သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်း အရည်အသွေး ပြည့်မီစေရေးအတွက် ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်းနှင့်  တက်ရောက်လာကြသူများကလည်း  ဘက်ပေါင်းစုံ စဉ်းစားပြီး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

 ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက  မြန်မာနိုင်ငံရှိ ဆေးတက္ကသိုလ်များတွင်   သင်ကြားခဲ့သည့် သင်တန်းကာလများနှင့် စပ်လျဉ်း၍ ဆွေးနွေး ပြောကြားပြီး ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးက သင်တန်းကာလနှင့် ပတ်သက်ပြီး  အစည်း အဝေးမှ   သဘောတူညီသည့်အတိုင်း သင်ရိုးညွှန်းတမ်းများကို  အချိန်မီကြိုတင်ရေးဆွဲနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားကာ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အစည်းအဝေး ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး Integrated Curriculum ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၊ တွဲဖက်အတွင်းရေးမှူးက ဆေးတက္ကသိုလ်များတွင် လက်ရှိသင်ကြားလျက်ရှိသော Outcome Based Integrated Curriculum နှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးသည်။

ယင်းနောက် တက္ကသိုလ်ပါမောက္ခချုပ်များမှ သက်ဆိုင်ရာ တက္ကသိုလ်အချင်းချင်း ညှိနှိုင်းဆွေးနွေးထားသည့် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းဆိုင်ရာ ကိစ္စရပ် များကို  တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို  ပြန်လည် မှာကြားကြောင်း သိရသည်။