မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှု ဆောင်ရွက်

 

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှု ဆောင်ရွက်

 

နေပြည်တော်  မတ်   ၂၈

နတ်တလင်းမြို့ ပြည်သူ့ဆေးရုံ(၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီး၌ မတ်လ ၂၅ ရက်မှ ၂၇ ရက်အထိ ဆောင်ရွက်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့သည် တာဝန်ရှိသူများနှင့်အတူ မတ်လ ၂၆ ရက်တွင်  ပြည်မြို့ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ကာ   မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှု ဆောင်ရွက်နေမှု အခြေအနေကိုကြည့်ရှုအားပေး၍ ခွဲစိတ်ကုသမှုခံယူသည့်  ကလေးများကို အာဟာရပြည့် စားသောက်ဖွယ်ရာများနှင့် အရုပ်များ လက်ဆောင်ပေးအပ်ပြီး အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများကို တွေ့ဆုံနှုတ်ဆက် အားပေးသည်။

မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင်ဆောင်ရွက်ခဲ့ရာ စုစုပေါင်းလူနာ ၃၈ ဦးကိုခွဲစိတ်ကုသမှု ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ ခွဲစိတ်ကုသမှုကို   အားဖြည့် ဆောင်ရွက်လျက်ရှိရာ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့များသည် ပြည်ပပညာရှင်များနှင့် ပူးပေါင်း၍ တိုင်းဒေသကြီး/ပြည်နယ်များသို့ အလှည့်ကျသွားရောက် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၄ ခုနှစ်အတွင်း   နေပြည်တော်၊ မကွေး၊   ညောင်ဦး၊  မြစ်ကြီးနား၊  ပဲခူး၊ မော်လမြိုင်နှင့် ပြည်မြို့တို့၌ ဆောင်ရွက်ပြီးဖြစ်ကာ လူနာစုစုပေါင်း  ၁၈၇  ဦးကို အောင်မြင်စွာ ခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်းနှင့် ပြည်သူ့ဆေးရုံကြီးများ၌ ပုံမှန်ခွဲစိတ်ကုသမှုများအပြင်  မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို အခြေခံကျန်းမာရေး ဝန်ထမ်းများမှတစ်ဆင့် ရှာဖွေကာ လူနာတွေ့ရှိမှု အခြေအနေအရ ဦးစားပေးဒေသများ သတ်မှတ်၍ ကွင်းဆင်းခွဲစိတ် ကုသမှုများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။