မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်<ကရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော်  မတ်   ၃၁

 

မန္တလေးတိုင်းဒေသကြီးတွင် ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်  ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် မတ်လ ၂၃ ရက် ည ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာအနီးတွင်  ပိုင်စိုး မောင်းနှင်ပြီး မအိအိမွန် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို သတင်းအရရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား  ၄၀၀၀၀  ပြား သိမ်းဆည်းရမိခဲ့ပြီး   ပုသိမ်ကြီးမြို့နယ် ကျွဲနဖားကျေးရွာရှိ ပိုင်စိုး၏ နေအိမ်နှင့် အမရပူရမြို့နယ်   တောတွင်းကျေးရွာရှိ မအိအိမွန်၏ နေအိမ်တို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၅၈၀၀ ကိုလည်းကောင်း၊ ကွင်းဆက်ဖော်ထုတ်ချက်အရ မတ်လ ၂၄ ရက်တွင် မဟာအောင်မြေမြို့နယ်၌ မစိန်(ခ)သက်ထား ကိုလည်းကောင်း၊ မတ်လ ၂၆ ရက်တွင် ချမ်းမြသာစည်မြို့နယ် မြို့သစ်ရပ်ကွက်၌ ဝိုင်အောင်မြင့်ကို မော်တော်ဆိုင်ကယ်တစ်စီးနှင့်လည်းကောင်း၊ ကျော်ရဲသူကို  ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်းကျေးရွာ သွားလမ်း၌ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀၀၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဂေါ်ယုံဆင်းအား ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက် ၅၄ လမ်း၊ ၁၀၉ (B)နှင့် ၁၁၀ လမ်းကြားရှိ ၎င်း၏နေအိမ်၌လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး   ဆက်လက် စစ်ဆေးဖော်ထုတ်ခဲ့ရာ  မတ်လ ၂၇ ရက် နံနက် ၁၀ နာရီတွင် ဝိုင်အောင်မြင့် ငှားရမ်းနေထိုင်သည့်    ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကြည်ကုန်းရပ်ကွက်ရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈၆၀၀၀၀ ထပ်မံ သိမ်းဆည်းရမိခဲ့ပြီး  စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော်နှင့်အတူ ကွင်းဆက်တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်း ဒေသကြီးသို့ သယ်ဆောင် ရောင်းဝယ်ခြင်း ဖြစ်ကြောင်း သိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။