တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၃၁

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ  တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ရာတွင် မတ်လ ၂၉ ရက်တွင် အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ(၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် ဖိနပ်မျိုးစုံအရန်(၁၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ   မတ်လ ၂၉ ရက်တွင် နေပြည်တော်ကောင်စီတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    လယ်ဝေးမြို့နယ်၌ လိုင်စင်မဲ့  Luojia 110 မော်တော်ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရတနာပုံတံတား (မန္တလေး)-မြစ်ငယ်ဖြတ်လမ်း၌  ဆီသယ်ယာဉ်(၄)စီးပေါ်မှ   တရားမဝင်စက်သုံးဆီ ဒီဇယ်ဆီ (၄၀၈၄)ဂါလန်၊ ဓာတ်ဆီ (၅၆၁)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၂၉၈၀၀၀၀)နှင့် အဆိုပါစက်သုံးဆီများတင်ဆောင်လာသည့် Hino Oil Bowser (၁)စီး၊  Isuzu Fuel Bowser (၁)စီး၊ KIA Fuel Bowser (၁)စီး၊ Hino Tractor Head (၁)စီးနှင့် Tank Trailer ဆီသယ်နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်၂၂၀၀၀၀၀၀၀)၊ စုစုပေါင်း    (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၇၂၉၈၀၀၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၃၀ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သံလွင်တံတား (မော်လမြိုင်) ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ မော်လမြိုင်မြို့မှ သထုံမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ   တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ပုဇွန်နှစ်ကောင် စားအုန်းဆီ(၅)လီတာပါ ဘူး(၈၀၀)အပါအဝင်  ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၄၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၄၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ်လ ၃၀ ရက်တွင် တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့ အတွင်း၌ တရားမဝင်ကျွန်းသစ် (၄ ဒသမ ၃၆၀)တန်၊ သစ်မာ (၁ ဒသမ ၁၀၉)တန်နှင့် အခြားသစ် (၁ ဒသမ ၆၂၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၇၆၈၆)ကို သစ်တောဥပဒေအရ လည်းကောင်း၊ မတ်လ ၃၁ ရက်တွင် တောင်ငူမြို့နယ်၌ လိုင်စင်မဲ့  Hino Truck (၁)စီးနှင့် Nissan Diesel Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ်  ၁၀၀၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ်(၃ ဒသမ ၀၂၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၂၈၈၈)ကို သစ်တောဥပဒေအရ လည်းကောင်း၊   စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၂၆၀၅၇၄)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၂၉ ရက်၊ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ(၁၆)မှု၊  (ခန့်မှန်း တန်ဖိုးငွေကျပ် ၄၀၄၉၄၀၅၇၄)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး    ဦးဆောင် ကော်မတီမှ သိရသည်။