စိုက်ပျိုးရေး အကျိုးပြု အဏုဇီဝဖျော်ရည်
အကျိုးပြုအဏုဇီဝဖျော်ရည် တစ်နည်းအားဖြင့် အီးအမ်(EM) (EFFECTIVE MICRO-ORGA NISM) ဆိုသည်မှာ သီးနှံအထွက်တိုးစေသည့် အကျိုးပြုအဏုဇီဝ သက်ရှိများဖြစ်သော မှိုမျှင်၊ ဗက်တီးရီးယားနှင့် တဆေးတို့ပါဝင်သော ဖျော်ရည်ဖြစ်သည်။
ဘိုကာရှီ(BOKASHI))ဆိုသည်မှာ အထက်ဖော်ပြပါ EM ကို လယ်ယာထွက် စွန့်ပစ်ပစ္စည်း များ၊ တိရစ္ဆာန်ချေးများနှင့် စနစ်တကျရောနှောပြီး မွေးမြူခြင်းဖြင့် ရရှိလာသော မြေဆွေးဖြစ်သည်။ ယခုအချိန်တွင် မြန်မာ GAP(Good Agriculture Practive) ဆောင်ရွက်နည်း စနစ်နှင့် အော်ဂဲနစ်(Organic)စိုက်ပျိုးရေး နည်းစနစ်တို့ဖြင့် ဦးတည်ဆောင်ရွက်လျက်ရှိသည်။
မြန်မာ GAP ဆောင်ရွက်နည်း စနစ်သည် သီးနှံများ ထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ်နှင့် ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ခြင်း လုပ်ငန်းများတွင် ဖြစ်ပေါ်လာနိုင်သည့် ထွက်ကုန်များ၏ အန္တရာယ်ဖြစ်စေမှုမှ လျော့နည်းစေရန် ရည်ရွယ်သည်။ မြန်မာ GAPသည် အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ထုတ်ကုန်အရည်အသွေး ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန် လယ်သမားများ၏ ကျန်းမာရေးနှင့် လူမှုဘဝသာယာ ဝပြောရေးတို့ကို ထည့်သွင်းစဉ်းစား ဆောင်ရွက်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ ဖြစ်သည်။
အော်ဂဲနစ်စိုက်ပျိုးရေးစနစ်မှာ ဘေးထွက်ဆိုးကျိုး ရှိသည့်ဓာတုဆေးနှင့် ဓာတ်မြေသြဇာများ သုံးစွဲမှုမရှိခြင်း၊ သက်ရှိသတ္တဝါများနှင့် လိုက်လျောညီထွေ တည်ရှိခြင်း၊ သက်ရှိသတ္တဝါ မျိုးပြားများကို ထိန်းသိမ်းကာကွယ်ပေးခြင်း၊ ကျန်းမာစေခြင်း၊ မြေဆီလွှာအတွင်းရှိ အဏုဇီဝပိုးများစွာကို စွမ်းဆောင်ရည် တိုးတက်စေခြင်း၊ မြေဆီလွှာ၏ ဂုဏ်သတ္တိကို ပိုမိုကောင်းမွန်စေခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ထိန်းသိမ်းစေနိုင်သောစိုက်ပျိုး ထုတ်လုပ်မှုစနစ်ဖြစ်သည်။
အဆိုပါဦးတည်ချက်များ ဆောင်ရွက်နိုင်ရေးအတွက် အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ် သုံးစွဲခြင်း၊ တီကောင်စွန့်ပစ်မြေသြဇာ၊ တီဆေးရည်များ ထုတ်လုပ်သုံးစွဲခြင်း၊ ရိုင်ခိုဒါးမားမှို၊ အော်ဂဲနစ်စနစ်ဖြင့် ထုတ်လုပ်နိုင်သော ရွက်ဖျန်းအားဆေးများ၊ ငါးအမိုင်နိုအက်စစ် (အပင်အားတိုးဆေးရည်)၊ အင်ဇိုင်းအသီးအပွင့် အားဆေးရည်၊ သဘာဝပိုးသတ်ဆေးများဖြစ်သော ဆေးရွက်ကြီး၊ တမာ၊ ကြက်သွန်မြိတ်ပိုးသတ်ဆေးရည်၊ ငရုတ်သီးပိုးသတ်ဆေးရည်၊ ဒုတ္ထာဆေးရည်၊မှိုသတ်ဆေး စသည်တို့ကို ပြုလုပ်သုံးစွဲကြရမည် ဖြစ်သည်။ သို့ဖြစ်ရာ ၎င်းအချက်များမှ အီးအမ်ဘိုကာရှီ မြေဆွေးပြုလုပ်သုံးစွဲခြင်းအတွက် အကျိုးပြုအဏုဇီဝ ဖျော်ရည်အကြောင်း သိကောင်းစရာများကို ရေးသားဖော်ပြလိုက်သည်။
အကျိုးပြုအဏုဇီဝဖျော်ရည် သုံးစွဲခြင်း၏ ရည်ရွယ်ချက် စိုက်ပျိုးမြေများ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ တိုးတက်ကောင်းမွန်လာစေရန်၊ ရုပ်ဂုဏ်သတ္တိတိုးတက်၍ မြေသားတည်ဆောက်မှု ပိုမိုကောင်းလာသည်နှင့်အမျှ မြေ၏ရေထိန်းစွမ်းအား တိုးတက်လာစေရန်၊ မြေတွင်ချို့တဲ့နေသော အာဟာရ ဓာတ်(ဥပမာ-နိုက်ထရိုဂျင်)များ တိုးပွားလာစေရန်၊ မြေတွင်ပျော်ဝင်ရန်ခက်ခဲသော အာဟာရဓာတ်(ဥပမာ-ဖော့စဖားရပ်ဓာတ်)များ ပျော်ဝင်နိုင်စွမ်းအား ကောင်းမွန်လာပြီး သီးနှံပင်များက အလွယ်တကူ စားသုံးနိုင်စေရန်၊ သဘာဝမှရရှိသော သစ်ရွက်၊ သစ်မြစ်၊ ပင်စည်၊ အမှိုက်များကို မြေဆီထက်သန်စေရေး အတွက် အကျိုးရှိစွာ အသုံးချနိုင်ရန်၊ သစ်ပင်ရုပ်ကြွင်းများ အလွယ်တကူ ပုပ်ဆွေး၍ အပင်အတွက်လိုအပ်သော အာဟာရဓာတ်များ လျင်မြန်စွာ ထုတ်လွှတ်ပေးနိုင်ရန်၊ မြေဆီသြဇာတိုးတက် လာသည်နှင့်အမျှ ရေရှည်တွင် မြေ၏သီးနှံ ထုတ်လုပ်နိုင်စွမ်းအား တဖြည်းဖြည်း တိုးတက်လာစေရန်၊ စိုက်ပျိုးသူနှင့် စားသုံးသူနှစ်ဦးလုံးအတွက် အန္တရာယ်ကင်းသော နည်းပညာဖြစ်သဖြင့် ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေသော အစားအစာနှင့် သီးနှံများ ထုတ်လုပ်ပေးနိုင်ရန်၊ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးခြင်း၊ ညစ်ညမ်းခြင်း မဖြစ်စေဘဲ ပို၍ကောင်းမွန်အောင် ထိန်းသိမ်းပေးရန်၊ ဓာတုပစ္စည်းများ အသုံးပြုသော စိုက်ပျိုးရေး နည်းစံစနစ်များနှင့်စာလျှင် ကုန်ကျစရိတ်နည်းပါးသဖြင့် စိုက်ပျိုးသူအတွက် ပိုမို၍စီးပွားရေး တွက်ခြေကိုက်မှု ရရှိစေရန်နှင့် မြေသားတည်ဆောက်မှုနှင့် မြေဆီသြဇာ တဖြည်းဖြည်းတိုးတက်လာ၍ မြေဆီလွှာ၏ သီးနှံထုတ်လုပ်နိုင်စွမ်းအား တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာပြီး ရေရှည်တွင် အကျိုးအမြတ် ပိုမိုရရှိစေရန် ဤအကျိုးပြုအဏုဇီဝဖျော်ရည်ကို လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများတွင် သုံးစွဲရခြင်းဖြစ်သည်။
အကျိုးပြုအဏုဇီဝနှင့် ပတ်သက်၍ သိသင့်သောအချက်များ
အကျိုးပြုအဏုဇီဝ ဖျော်ရည်သည် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရောဂါကာကွယ်ဆေးများကဲ့သို့ ဓာတုပစ္စည်းများ မဟုတ်ပါ။ အကျိုးပြုအဏုဇီဝသည် သက်ရှိများဖြစ်၍ ၎င်းတို့၏ပြုမူချက်သည် ဓာတုပစ္စည်းများ၏ ပြုမူချက်နှင့် များစွာကွာခြားသည်။ အကျိုးပြုအဏုဇီဝသည် ၎င်းတို့နှစ်သက်သော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါက လျင်မြန်စွာမျိုးပွား၍ များစွာကောင်းကျိုးပြုစေနိုင်သည်။ ဥပမာ-၎င်းတို့စားသုံးရန် အစာအဖြစ် သက်ရှိရုပ်ကြွင်းများ လုံလောက်အောင်ထည့်ပေးခြင်း၊ အာဟာရအဖြစ် နိုက်ထရိုဂျင်ပါဝင်သော ပစ္စည်းများ (ဥပမာ-ဖွဲနု၊ ပဲဖတ်၊ နှမ်းဖတ်၊ နွားချေး၊ ကြက်ချေး)များ ထည့်ပေးခြင်း၊ ရေလိုပါက လုံလောက်မှုရှိအောင် ဖန်တီးပေးခြင်း၊ အပူချိန်မနိမ့်လွန်းခြင်း၊ မမြင့်လွန်းခြင်း၊ သက်ရှိများသေစေနိုင်သည့် ဓာတုပစ္စည်းများကို အကျိုးပြုအဏုဇီဝနှင့်ရော၍ လွန်ကြူးအောင် မထည့်မိစေရန် ဂရုစိုက်ပါ။ သက်ရှိများ မခံမရပ်နိုင်လောက်သည့် အပူချိန်သို့ မြင့်တက်ခြင်း မရှိစေရန်သတိပြုပါ။ (ဥပမာ-၄၅ ဒီဂရီစင်တီဂရိတ်) အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည် ပြုလုပ်ရန် မသန့်ရှင်းသောရေကို မသုံးပါနှင့်။ သန့်ရှင်းသောရေရရန် ခက်ခဲလျှင် ရရာရေကို ပွက်ပွက်ဆူအောင်ကျိုချက်ပြီး အအေးခံ၍ပြန်သုံးနိုင်သည်။ အကျိုးပြုအဏုဇီဝ၏ အာနိသင်သည် တဖြည်းဖြည်းသာ တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အကျိုးပြု အဏုဇီဝ၏ အကျိုးပြုမှုနှင့် အာနိသင်ကို ရုတ်တရက် အချိန်တိုတိုအတွင်း မြင်တွေ့ရမည်ဟု မမျှော်လင့်ပါနှင့်။ မြေအတွင်း မူလရှိပြီးသက်ရှိများနှင့် အပြန်အလှန် ပဋိပက္ခဖြစ်နေရသဖြင့် အစဦးပိုင်းတွင် အကျိုးပြုအဏုဇီဝ၏ အာနိသင်ကို တွေ့ရခဲသည်။ သို့ဖြစ်ပါ၍ အစဦးပိုင်းတွင် အကျိုးပြုအဏုဇီဝကို များများသုံးရန် လိုအပ်သည်။ မြေတွင် အပင်များအတွက် အကျိုးပြုအဏုဇီဝ အရေအတွက် လုံလောက်သော အဆင့်သို့ရောက်သောအခါ အကျိုးပြုအဏုဇီဝ အသုံးချမှုကို တစ်ဆင့်ပြီးတစ်ဆင့် လျှော့ချသွားနိုင်သည်။ အကျိုးပြု အဏုဇီဝသည် ပိုးမွှားနှင့်ရောဂါများကို နှိမ်နင်းရာတွင် ပိုးသတ်ဆေးများသုံးသကဲ့သို့ ပိုးမွှားများကို ရုတ်တရက် သေဆုံးအောင် မပြုလုပ်နိုင်ပါ။ သို့ဖြစ်ပါ၍ ရောဂါမဖြစ်မီ၊ ပိုးမွှားမကျမီ အကျိုးပြု အဏုဇီဝကိုကြိုတင်၍ ဖျန်းပေးခြင်းသာလျှင် အကောင်းဆုံးနည်းဖြစ်သည်။ ရောဂါကျမှ၊ ပိုးကောင်တွေ့မှ အကျိုးပြုအဏုဇီဝဖျန်းလျှင် နောက်ကျမည်ဖြစ်၍ သတိပြုရမည်။ အကျိုးပြုအဏုဇီဝကို သိုလှောင်ရာတွင် ပြင်းသောနေရောင်ခြည် တိုက်ရိုက်ကျရောက်သော အခန်းတွင်မထားပါနှင့်။ အကျိုးပြုအဏုဇီဝ ဖျန်းရာတွင် ပြင်းသောနေပူဒဏ်ကို ရုတ်တရက်မခံရစေရန် ညနေပိုင်းတွင်ဖျန်းပါ။ မိုးအုံ့ပါက နံနက်ပိုင်းတွင်လည်း ဖျန်းနိုင်သည်။ အကျိုးပြု အဏုဇီဝဖျန်းပြီးနောက် ချက်ချင်းစိုက်ခင်းမှ ရေထုတ်မပစ်မိစေရန် သတိပြုပါ။ ဖြစ်နိုင်လျှင် အကျိုးပြုအဏုဇီဝ ထည့်ပြီးနောက် တစ်ပတ်ခန့် ရေမထုတ်ပါနှင့်။ အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည်ကို ပြုလုပ်ပြီးတစ်ပတ်အတွင်း အသုံးပြုပါ။ တစ်ပတ်ထက်ကျော်လွန်ပါက အနံ့ဆိုးများထွက်လျှင်၊ အရောင်မည်းသွားလျှင် အကျိုးပြုအဏုဇီဝ ဖျော်ရည်ကို အသုံးမပြုဘဲ သွန်ပစ်ရပါမည်။ အကျိုးပြုအဏုဇီဝသည် သက်ရှိဖြစ်၍ ရေရှိလျှင် တစ်နေရာမှတစ်နေရာသို့ ရွေ့လျားသွားနိုင်သည်။ အကျိုးပြုအဏုဇီဝများ လုံလောက်စွာ ပါဝင်သော အဆင့်သို့ရောက်ရှိသောအခါ မြေသည် အနံ့အသက်ဆိုးများ မရှိတော့ဘဲ ကောင်းသော အနံ့အသက်များ ရှိလာမည်။ မြေသားတည်ဆောက်မှု ကောင်းလာမည်။ အပေါ်ယံမြေသားထူလာမည်။ ရေထိန်းစွမ်းအားကောင်းလာမည်။ မြေထဲသို့ တုတ်ချွန်တစ်ခုဖြင့် ထိုးသွင်းပါက များစွာအားမစိုက်ရဘဲ တစ်နှစ်ထက်တစ်နှစ်ပို၍ နက်စွာဝင်သွားမည်။ သာမန်အားဖြင့် သီးနှံတစ်မျိုးကို ထပ်ခါတလဲလဲ စိုက်ပျိုးလျှင် မြေဆီထက်သန်မှု လျင်မြန်စွာ ကျဆင်းသဖြင့် သီးနှံအထွက်နှုန်းကို ထိခိုက်စေနိုင်သည်။ အကျိုးပြုအဏုဇီဝကို အသုံးပြုရာတွင် အကျိုးအမြတ်ရရှိရေးကို ဆန္ဒမစောဘဲ ရည်မှန်းချက်များကို အောက်ပါအတိုင်း တစ်ဆင့်ပြီးမှတစ်ဆင့် သတ်မှတ်၍ ဆောင်ရွက်ပါ။ အဆင့်(၁)-မြေဆီဓာတ်ကျဆင်းမှုကိုကာကွယ်ရန်၊ အဆင့်(၂)-မြေဆီဓာတ်ကို မူလရှိပြီး အခြေအနေတွင် ထိန်းသိမ်းထားရန်၊ အဆင့်(၃)-မြေဆီဓာတ်ကို တစ်နှစ်ပြီးတစ်နှစ် ပိုကောင်းလာစေရန်နှင့် သီးနှံအထွက်နှုန်းကို မြှင့်တင်ရန်ဖြစ်သည်။ အကျိုးပြုအဏုဇီဝ သုံးခြင်းသည် ရေတိုထက် ရေရှည်တွင်ပို၍ကောင်းစေသည်။ အကျိုးပြု အဏုဇီဝသုံးရာတွင် ရုတ်တရက်အထွက်တိုးရန် ခက်ခဲသော်လည်း ရေရှည်တွင်သွင်းအားစု လိုအပ်ချက်သည် တစ်နှစ်ထက်တစ်နှစ် လျော့နည်းသွားပြီး သီးနှံအထွက်နှုန်းသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည်ဖြစ်သည်။ အကျိုးပြုအဏုဇီဝသည် စိုက်ပျိုးသူ၊ စားသုံးသူနှင့် သီးနှံပင်များကို မည်သည့်အန္တရာယ်မျှပေးမည် မဟုတ်ပါ။ ထို့ကြောင့် အသုံးပြုစနစ်တွင် ပို၍များများ သုံးခြင်းအားဖြင့် အကျိုးသက်ရောက်မှု မြန်မြန်ရစေနိုင်သည်။
အသင့်သုံးရန် အကျိုးပြုအဏုဇီဝဖျော်ရည်ဖျော်စပ်နည်း
လိုအပ်သောပစ္စည်းများမှာ အကျိုးပြုအဏုဇီဝဖျော်ရည် အပြင်းစား၊ တင်လဲရည်နှင့် ရေတို့ဖြစ်သည်။ ဖျော်စပ်နည်းမှာ သန့်ရှင်းစင်ကြယ်သော ပုံး သို့မဟုတ် စဉ့်အိုးတစ်ခုတွင် အကျိုးပြုအဏုဇီဝဖျော်ရည် အပြင်းစား တစ်ဆ၊ တင်လဲရည် လေးဆ၊ ရေ ၉၅ ဆတို့ကို ရောစပ်၍ လေလုံအောင်ပိတ်ထားပါ။ တစ်ရက်လျှင် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ခန့် သမအောင်မွှေပေးခြင်း သို့မဟုတ် လှုပ်ပေးခြင်းပြုလုပ်ပါ။ ဓာတ်ငွေ့များ ထွက်လာပါက အပေါက်ကို ခေတ္တဖွင့်၍ လေလုံအောင်ပြန်ပိတ်ပါ။ နေရောင်ခြည်တိုက်ရိုက် မရသော အရိပ်၊ အေးသောနေရာတွင်ထားပါ။ သုံးရက်မှ ခုနစ်ရက်ခန့်ကြာလျှင် အဝါနုရောင်သို့ ပြောင်းသွားသောအခါ အသုံးပြုရန် အဆင်သင့်ဖြစ်သည်။ အကျိုးပြုအဏုဇီဝ ဖျော်ရည်
မဖျန်းမီ မြေအတွင်းသစ်ပင်ရုပ်ကြွင်းများ၊ အမှိုက်သရိုက်များရှိပါက သို့မဟုတ် ထည့်ပေးနိုင်ပါက ပို၍အကျိုးသက်ရောက်မှုရှိသည်။ အကျိုးပြုအဏုဇီဝ ဖျော်ရည်မဖျန်းမီ မြေခံအဖြစ် နွားချေး သို့မဟုတ် သစ်ဆွေးတစ်ဧကလျှင် လှည်းသုံးစီးမှ ငါးစီးခန့် ထည့်ပေးနိုင်လျှင် ပို၍ အကျိုးသက်ရောက်မှုရရှိမည်။ အသင့်သုံး အဏုဇီဝဖျော်ရည်ကို ဖျော်စပ်ပြီးနောက် ပူပြင်းသောရာသီဥတုတွင် တစ်ပတ်အတွင်း အသုံးပြုသင့်သည်။ အေးသောရာသီဥတုတွင် အသုံးမပြုမီ တစ်ပတ်ထက်ပို၍ သိုလှောင်ထားနိုင်သည်။ အသင့်သုံးအဏုဇီဝဖျော်ရည်ကို မသုံးမီ ရေအဆ ၅၀၀ မှ ၁၀၀၀ အထိ ရောစပ်ပြီးမှ အပင်နှင့်မြေပေါ်သို့ ဖျန်းပေးရမည်။
အကျိုးပြုအဏုဇီဝဖျော်ရည် (၅) (EM-5) ဖျော်နည်း
အကျိုးပြုအဏုဇီဝဖျော်ရည် (၅)ကို သီးနှံပင်များတွင် ကျရောက်မည့်ရောဂါနှင့် ပိုးမွှားများကြိုတင် ကာကွယ်ရာတွင် အသုံးပြုနိုင်သည်။
လိုအပ်သောပစ္စည်းများမှာ အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည် ၁၀၀ စီစီ၊ တင်လဲရည် ၁၀၀ စီစီ၊ ရှလကာရည် ၁၀၀ စီစီ၊ အရက်ပြန် ၁၀၀ စီစီ၊ ရေ ၆၀၀ စီစီ စုစုပေါင်း ၁၀၀၀ စီစီဖြစ်သည်။
အဆိုပါပစ္စည်းများကို ပုံးတစ်ခုတွင် သမအောင်ရော၍ လေလုံအောင် ပိတ်ထားရမည်။ တစ်ရက်လျှင် နှစ်ကြိမ်ခန့်သမအောင်မွှေပေးခြင်း သို့မဟုတ် လှုပ်ပေးခြင်းပြုလုပ်ပါ။ ဓာတ်ငွေ့များထွက်သွားစေရန် အပိတ်ကို ခေတ္တဖွင့်၍ လေလုံအောင်ပြန်ပိတ်ပါ။ နေရောင်ခြည် တိုက်ရိုက်မရသော အရိပ်၊ အေးသောနေရာတွင်ထားပါ။ သုံးရက်မှ ခုနစ်ရက်ခန့်ကြာလျှင် အသုံးပြုရန် အဆင်သင့်ဖြစ်သည်။
ဘိုကာရှီပြုလုပ်နည်း
လိုအပ်သောပစ္စည်းများမှာ (၁) ကောက်ရိုး၊ ပဲရိုး၊နှမ်းရိုး၊ သစ်ရွက်ခြောက်၊ ခြံထွက် အမှိုက်သရိုက်များ၊ (၂) နွားချေး သို့မဟုတ် ကြက်ချေး၊ (၃)ဖွဲနု၊ (၄)အကျိုးပြုအဏုဇီဝဖျော်ရည် အပြင်းစား၊ (၅)တင်လဲရည်၊ (၆)ရေစည်ပိုင်းပြတ်တစ်ခုတွင် အကျိုးပြုအဏုဇီဝ ဖျော်ရည်အပြင်းစား တစ်ဆ၊ တင်လဲရည်တစ်ဆနှင့် ရေ ၉၀ ဆရော၍ မွှေပေးပါ။ ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ သစ်ရွက်ခြောက်၊ ခြံထွက်အမှိုက်သရိုက်များကို အထက်ပါဖျော်ရည်တွင် ခေတ္တနှစ်၍ပြန်ဆယ်ပါ။ ရေစစ်အောင်ခေတ္တစောင့်၍ မိမိနှစ်သက်သလို စတုဂံပုံဖြစ်စေ၊ စတုရန်းပုံဖြစ်စေ မြေပေါ်တွင်ညီညာစွာဖြန့်ပါ။ အမြင့်ခြောက်ပေခန့် ညီညာစွာပုံ၍ ၎င်းအပေါ်တွင် နွားချေး သို့မဟုတ် ကြက်ချေးကိုဖြူးပါ။ ဖွဲနုအနည်းငယ်ကိုလည်း ဖြူးပါ။ ၎င်းအပေါ်တွင် ဖျော်ထားသော အဏုဇီဝဖျော်ရည်တွင် ခေတ္တစိမ်ထားသော ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုး၊ သစ်ရွက်ခြောက်၊ ခြံထွက်အမှိုက်သရိုက်တစ်လွှာထပ်၍ပုံပါ။ ၎င်းင်းအပေါ်တွင် နွားချေး သို့မဟုတ် ကြက်ချေးနှင့် ဖွဲနုအနည်းငယ်ကိုလည်းဖြူးပါ။ ဤကဲ့သို့ တစ်လွှာပြီးတစ်လွှာထပ်၍ပုံပါ။ အမြင့်သုံးပေခန့် သို့မဟုတ် မိမိနှစ်သက်သော အမြင့်သို့ရောက်လျှင် ပလတ်စတစ်ဖြင့် တစ်ပုံလုံးကို လုံအောင်အုပ်ပါ။ ပလတ်စတစ်မရှိလျှင် မြွေရေခွံအိတ်ဟောင်း သို့မဟုတ် ဂုန်နီအိတ်ဟောင်းဖြင့် အုပ်နိုင်သည်။ အခက်အခဲရှိလျှင် ကောက်ရိုးဖြင့်လည်း အုပ်နိုင်သည်။ အဏုဇီဝများ အလုပ်လုပ်သောအခါ အပူချိန်မြင့်တက်လာတတ်သည်။ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်ပါက အပူချိန်လျော့ကျစေရန် အုပ်ထားသော ပလတ်စတစ်ကို ခေတ္တခွာပေးပါ။ ၎င်းနောက် လုံအောင်ပြန်ဖုံးပါ။ ခုနစ်ရက်ခန့်ကြာလျှင် သစ်ဆွေးပုံထဲ၌ အဖြူရောင်မှိုမျှင်များ ထွက်လာမည်ဖြစ်ပြီး ထည့်ထားသော သစ်ပင်ရုပ်ကြွင်းများ ဆွေးမြည့်စပြုပြီဖြစ်ကြောင်း တွေ့ရပေမည်။ စတင်ပြုလုပ်ချိန်မှစ၍ တစ်ပတ်မှ နှစ်ပတ်အတွင်း ၎င်းဘိုကာရှီကို သီးနှံစိုက်ပျိုးရာတွင် မြေဆွေးအဖြစ် အသုံးပြုနိုင်သည်။
စူပါဘိုကာရှီပြုလုပ်နည်း
လိုအပ်သောပစ္စည်းများမှာ စပါးခွံ၊ ဖွဲနု၊ စက်ဖွဲပြာ၊ နွားချေး၊ အကျိုးပြုအဏုဇီဝ ဖျော်ရည်အပြင်း၊ တင်လဲရည်၊ ရေတို့ဖြစ်သည်။ စပါးခွံ တစ်ဆ၊ ဖွဲနု တစ်ဆ၊ စက်ဖွဲပြာ တစ်ဆနှင့် နွားချေးတစ်ဆတို့ကို သမအောင်ရော၍မွှေပါ။ အကျိုးပြုအဏုဇီဝဖျော်ရည် အပြင်းစား တစ်ဆ၊ တင်လဲရည် တစ်ဆနှင့် ရေ ၉၀ ဆတို့ရော၍ သမအောင်ဖျော်ထားသော အရည်ကို ရေဖျန်းကရားတစ်ခုတွင် ထည့်၍ အထက်ပါ ရောမွှေထားသော ပစ္စည်းများပေါ်တွင် နည်းနည်းချင်းဖျန်း၍ သမအောင်မွှေပေးပါ။ အစိုဓာတ် ၃၀ ရာခိုင်နှုန်း ခန့်ရရှိရန်အဏုဇီဝ ဖျော်ရည်ကို ဖျန်းရမည်။ ရောမွှေထားသော ပစ္စည်းများကို လက်ဖြင့်ဆုပ်ကြည့်ပါက လက်ကြားမှ အရည်များစိမ့်ထွက်လာခြင်း မရှိစေဘဲ ရောမွှေထားသော ပစ္စည်းများသည် လက်ဖဝါးတွင် အစိုင်အခဲဖြစ်လာလျှင် ၎င်းင်းသည် အစိုဓာတ် ၃၀ ရာခိုင်နှုန်းခန့်ပါဝင်သည်ဟု မှတ်ယူနိုင်သည်။ ထိုအခါ ပစ္စည်းများကို ပလတ်စတစ်အိတ်တစ်ခုတွင် ထည့်၍ လေလုံအောင်စည်းပြီး ပိတ်ထားရမည်။ အပူချိန်တဖြည်းဖြည်း မြင့်တက်သဖြင့် ၄၅ ဒီဂရီစင်တီဂရိတ်ထက် မြင့်ပါက စည်းထားသော ကြိုးကိုဖြေ၍ အိတ်ကိုခေတ္တဖွင့်ပြီး ပြန်ပိတ်ထားရမည်။ စတင်ပြုလုပ်ချိန်မှ နွေရာသီတွင် ၃-၄ ရက်အတွင်း၊ ဆောင်းရာသီတွင် ၇-၁၀ ရက်အတွင်း အသုံးပြုရန် အဆင်သင့်ဖြစ်ပေသည်။ အကယ်၍ ပြုလုပ်ပြီး စူပါဘိုကာရှီကို အသုံးမပြုလိုသေးပါက နေရိပ်သောနေရာတွင်ဖြန့်၍ လေသလပ်ခံခြောက်စေပြီး အိတ်တွင်ပြန်ထည့်၍ လေးလမှ ခြောက်လအထိ သိုလှောင်ထားနိုင်သည်။
လက်တွေ့အသုံးပြုနည်းများ
အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည်သုံး စွဲနည်း
အသင့်သုံးအဏုဇီဝဖျော်ရည်ကို ပုံမှန်အားဖြင့် စိုက်ပျိုးရာသီ တစ်ရာသီအတွင်း တစ်ဧကလျှင် လီတာ ၆၀ သို့မဟုတ် ၁၅ ဂါလန်သုံးရသည်။ အလွန်ညံ့သောမြေများတွင် အသုံးပြုစ ပထမရာသီတွင် အကျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန် လျင်မြန်စေလိုပါက တစ်ဧကလျှင် ၆၀ လီတာထက်ပို၍ အသုံးပြုနိုင်သည်။ စပါးစိုက်ပျိုးရာတွင် အောက်ဖော်ပြပါအတိုင်း သုံးကြိမ်ခွဲ၍အသုံးပြုနိုင်သည်။ ပထမအကြိမ်တွင် မြေပြင်ရန်ထပ်မဝင်မီ ရိုးပြတ်ပေါ်သို့ ဖျန်းခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရမည်။ ဒုတိယအကြိမ်တွင် စိုက်ပြီးနှစ်ပတ်အကြာ သီးနှံပင်နှင့်မြေပေါ်သို့ ဖျန်းခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရမည်။ တတိယအကြိမ်တွင် လေးပတ်မှ ခြောက်ပတ်အကြာ သီးနှံပင်နှင့် မြေပေါ်သို့ဖျန်းခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရသည်။ တတိယအကြိမ်တွင် စိုက်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ သီးနှံပင်နှင့်မြေပေါ်သို့ဖျန်းခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရမည်။ စုစုပေါင်း ၆၀ လီတာ သို့မဟုတ် ၁၅ ဂါလန်ဖြစ်သည်။ သတိပြုရန်မှာ အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည်ကိုမသုံးမီ ရေနှင့်အဆ ၅၀၀ မှ ၁၀၀၀ ကြား ရောပြီးမှ အသုံးပြုရမည်။ ပထမအကြိမ် မြေပေါ်သို့မဖျန်းမီ နွားချေးတစ်ဧက လှည်းသုံးစီးမှ ငါးစီးခန့်အထိ ရိုးပြတ်ပေါ်သို့ ဖြူးပေးခြင်းသည် အကျိုးပြုအဏုဇီဝ၏ အကျိုးသက်ရောက်မှုကို ပို၍ကောင်းမွန်စေသည်။ မြေပြုပြင်စဉ်အချိန်တွင် ရိုးရိုးဘိုကာရှီ သို့မဟုတ် စူပါဘိုကာရှီ ထည့်ပေးနိုင်လျှင် အကျိုးပြုအဏုဇီဝ၏ အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်စေသည်။
ကြံစိုက်ပျိုးရာတွင် အောက်ဖော်ပြပါအတိုင်း သုံးကြိမ်ခွဲ၍ အသုံးပြုနိုင်သည်။ ပထမအကြိမ်တွင် မြေပြင်စဉ် ဖျန်းပေးခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရမည်။ ဒုတိယအကြိမ်တွင် ကြားထွန်မဝင်မီ ထည့်ပေးခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန် အသုံးပြုရမည်။ တတိယအကြိမ်တွင် ပေါင်မလုံးမီအပင်ခြေ၌ ထည့်ပေးခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန် အသုံးပြုရမည်။ စုစုပေါင်း ၆၀ လီတာ သို့မဟုတ် ၁၅ ဂါလန်ဖြစ်သည်။ သတိပြုရန်မှာ အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည်ကိုမသုံးမီ ရေနှင့်အဆ ၁၀၀၀ ကြားရောပြီးမှ အသုံးပြုရမည်။
ပထမအကြိမ် မြေပေါ်သို့မဖျန်းမီ နွားချေးတစ်ဧကလျှင် လှည်းသုံးစီးမှ ငါးစီးခန့်အထိ ရိုးပြတ်ပေါ်သို့ ဖြူးပေးခြင်းသည် အကျိုးပြုအဏုဇီဝ၏ အကျိုးသက်ရောက်မှုကို ပို၍ကောင်းမွန်စေသည်။ မြေပြုပြင်စဉ်အချိန်တွင် ရိုးရိုးဘိုကာရှီ သို့မဟုတ် စူပါဘိုကာရှီထည့်ပေးနိုင်လျှင် အကျိုးပြုအဏုဇီဝ၏ အကျိုးသက်ရောက်မှု ပိုမိုကောင်းမွန်စေသည်။
ဘိုကာရှီသုံးစွဲနည်း
ခြံထွက်စွန့်ပစ်ပစ္စည်းများနှင့် နွားချေး သို့မဟုတ် ကြက်ချေးတို့ရောစပ်၍ပြုလုပ်သော ဘိုကာရှီကို မြေပြင်စဉ်အချိန်တွင် မြေခံအဖြစ် ထည့်ပေးလေ့ရှိသည်။ အသုံးပြုမည့်နှုန်းထားမှာ တစ်ဧကလျှင် ၂၀၀ ကီလိုဂရမ်မှ ၅၀၀ ကီလိုဂရမ်အထိ ဖြစ်သည်။ မြေဆီထက်သန်မှုညံ့သော မြေများတွင် ဘိုကာရှီကိုပို၍ အသုံးပြုနိုင်သည်။ စပါးစိုက်ပျိုးရာတွင် အောက်ဖော်ပြပါအတိုင်း သုံးကြိမ်ခွဲ၍ အသုံးပြုနိုင်သည်။ ပထမအကြိမ်တွင် စပါးစိုက်ရန် မြေပြုပြင်စဉ်(မြေခံအဖြစ်ထည့်ရန်)ဖြစ်ပြီး တစ်ဧကလျှင် ၂၀၀ ကီလိုဂရမ်မှ ၅၀၀ ကီလိုဂရမ် အသုံးပြုရမည်။ ဒုတိယအကြိမ်တွင် တမန်းနှိုးချိန်(အတန်းကြားတွင် ထည့်ရန်)ဖြစ်ပြီး တစ်ဧကလျှင် ၂၀၀ ကီလိုဂရမ် မှ ၅၀၀ ကီလိုဂရမ် အသုံးပြုရမည်။ တတိယအကြိမ်တွင် စိုက်ပြီး လေးပတ်မှ ခြောက်ပတ်အကြာ သီးနှံပင်နှင့် မြေပေါ်သို့ဖျန်းခြင်းဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရမည်။ စပါးခင်းများတွင် ရေရှိပါက ဘိုကာရှီများထည့်သောအခါ ရေပေါ်တွင်ပေါ်၍ မျောပါသွားတတ်သည်။ စပါးခင်းတွင် ရေရှိသောအချိန်တွင် ဘိုကာရှီကို ရေအနည်းငယ် ဆွတ်ပေးပြီး ထည့်ပေးပါက မိမိထည့်လိုသော နေရာများသို့ အလွယ်တကူရောက်စေသည်။
ကြံစိုက်ပျိုးရာတွင် အောက်ဖော်ပြပါအတိုင်း သုံးကြိမ်ခွဲ၍ အသုံးပြုနိုင်သည်။ ပထမအကြိမ်တွင် မြေပြုပြင်စဉ် မြေခံအဖြစ်ထည့်ရန်ဖြစ်ပြီး တစ်ဧကလျှင် ၂၀၀ ကီလိုဂရမ်မှ ၅၀၀ ကီလိုဂရမ် အသုံးပြုရမည်။ ဒုတိယအကြိမ်တွင် ကြားထွန်ဝင်ချိန် ထည့်ပေးရန်ဖြစ်ပြီး တစ်ဧကလျှင်၂၀၀ ကီလိုဂရမ်မှ ၅၀၀ ကီလိုဂရမ် အသုံးပြုရမည်။
တတိယအကြိမ်တွင် ပေါင်မလုပ်မီ အပင်ခြေတွင် ထည့်ရန်ဖြစ်ပြီး တစ်ဧကလျှင် ၂၀ လီတာ သို့မဟုတ် ၅ ဂါလန်အသုံးပြုရမည်။ ကြံစိုက်ပျိုးရာတွင် ဘိုကာရှီ ထည့်ပြီးနောက် အသင့်သုံးအကျိုးပြု အဏုဇီဝဖျော်ရည်ဖျန်းသင့်သည်။
နှစ်ရှည်ပင် ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံများတွင် အီးအမ်ဘိုကာရှီ သုံးစွဲနည်း
စိုက်ခင်းအတွင်းမှ ပေါင်းများကို ဦးစွာရှင်းလင်းရမည်။ ရရှိသည့်ပေါင်းများကို အပင်ခြေတွင်ပုံပြီး အပုံပေါ်တွင် EM ဖျော်ရည်ဖျန်းပြီး မြေဖုံးပေးရမည်။ (ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့်ဖြူးပေးလျှင် ပိုကောင်းမွန်သည်။ပေါင်းရှင်းသည့်အခါတိုင်း အထက်ပါနည်းဖြင့် အပင်ခြေတွင်ထပ်မံ၍ ပုံပေးပါ။သို့ဖြစ်ပါ၍ စားသုံးသူများအတွက် အာဟာရဓာတ် တန်ဖိုးမြင့်မားပြီး ဘေးအန္တရာယ်ကင်းသော အစားအစာများ ရရှိစေရေး၊ ဒေသအတွင်းရှိ မြေပေါ်မြေအောက်၊ သက်ရှိသက်မဲ့ပြည့်စုံကြွယ်ဝ လာစေရေး၊ မြေဆီလွှာအတွင်းရှိ အဏုဇီဝများ၏ စွမ်းဆောင်မှု ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ မြေဆီမြေသြဇာ ကောင်းမွန်မှုကို ရေရှည်တည်တံ့ ထိန်းသိမ်းထားနိုင်စေရေး၊ သဘာဝအရင်းအမြစ် သွင်းအားစုများကို ထိရောက်စွာအသုံးပြုခြင်းဖြင့် စရိတ်အနည်းဆုံး အသုံးပြု၍ အကျိုးအမြတ်အများဆုံး ရရှိအောင် ဆောင်ရွက်နိုင်ရေး၊ ပတ်ဝန်းကျင် ညစ်ညမ်းစေသော အပြုအမူများကို လျော့နည်းသက်သာစေရေးအတွက် စိုက်ပျိုးရေးအကျိုးပြု အဏုဇီဝဖျော်ရည်ကို သုံးစွဲကြပါစို့ဟု တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။ ။