အီရတ်မှ လွှတ်တင်လိုက်သည့် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုကြောင့် အစ္စရေးရှိ အဆောက်အအုံတစ်ခုပျက်စီး

အီရတ်မှ လွှတ်တင်လိုက်သည့် မောင်းသူမဲ့လေယာဉ်၏ တိုက်ခိုက်မှုကြောင့် အစ္စရေးရှိ အဆောက်အအုံတစ်ခုပျက်စီး

အီရတ်နိုင်ငံအတွင်းမှ လွှတ်တင်လိုက်သည့် မောင်းသူမဲ့လေယာဉ်တစ်စင်း၏ တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံ ပင်လယ်နီ အပန်းဖြေမြို့တော်ရှိ  အဆောက်အအုံတစ်ခု အနည်းငယ်ပျက်စီးသွားကြောင်း  အစ္စရေးစစ်ဘက်က ထုတ်ပြန်သည်။

အဆိုပါမောင်းသူမဲ့လေယာဉ်သည် အီလက်အပန်းဖြေမြို့အတွင်းသို့ ဧပြီလ ၁ ရက်တွင် တိုက်ခိုက်ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိသူမရှိသော်လည်း အဆောက်အအုံတစ်ခုမှာ အနည်းငယ်ပျက်စီးသွားကြောင်း အစ္စရေးစစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အီလက်မြို့အတွင်း တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်းတွင် ယင်းတိုက်ခိုက်မှုသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အီရတ်ရှိ အီရန်နိုင်ငံအတွက် ကိုယ်စားစစ်ပွဲဆင်နွှဲနေသည့် စစ်သွေးကြွအဖွဲ့က အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း  အစ္စရေး၏ အရေးကြီးပစ်မှတ်တစ်ခုကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းစစ်သွေးကြွအဖွဲ့က ဆက်လက်ပြောကြားထားသည်။ မောင်းသူမဲ့လေယာဉ်သည် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အီလက်ပင်လယ် အော်အတွင်းသို့ ပြုတ်ကျသွားသည်။

မောင်းသူမဲ့လေယာဉ်သည် အစ္စရေးနိုင်ငံ ဝေဟင်ပိုင်နက်အတွင်းသို့ ဂျော်ဒန်နိုင်ငံမှ တစ်ဆင့်ဝင်ရောက်လာခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုမှာ   အီရတ်နိုင်ငံအတွင်းရှိ စစ်သွေးကြွအဖွဲ့၏ လက်ချက်ဖြစ်ကြောင်း အစ္စရေး Ynet သတင်းဌာနကလည်း အတည်ပြုပြောကြားခဲ့သည်။

အီရတ်နိုင်ငံအတွင်းရှိ စစ်သွေးကြွအဖွဲ့သည် မကြာသေးမီလများ အတွင်းကလည်း အလားတူတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သော်လည်း ယင်းတိုက်ခိုက်မှုများကို အစ္စရေးစစ်ဘက်က   ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

Ref; Xinhua, Allisrael