အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံးလူငါးဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိ
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ အနောက် ဘန်ဂေါပြည်နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အနည်းဆုံးလူငါးဦးသေဆုံးပြီး ၁၀၀ ကျော် ဒဏ်ရာရရှိသွား ကြောင်း တာဝန်ရှိသူများက ဧပြီလ ၁ ရက်တွင် ထုတ်ပြန်သည်။
လေဆင်နှာမောင်းတိုက်ခတ်မှုသည် ဂျာပါအီဂူရီခရိုင်အတွင်းရှိ နေရာအများအပြား သို့ မတ်လ ၃၁ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး လေဆင် နှာမောင်းတိုက်ခတ်မှုကြောင့် သစ်ပင်များအမြစ်မှ လန်ထွက်သွားခဲ့သည့်အပြင် နေအိမ်အများအပြား ပျက်စီးသွားကြောင်း သိရသည်။
ယင်းနောက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့နှင့် သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေးအဖွဲ့မှ တာဝန်ရှိသူများကို လေဆင်နှာမောင်းဝင်ရောက်တိုက်ခတ်ရာဒေသများသို့ ပို့ဆောင်ပေးခဲ့ကြောင်း အနောက်ဘန်ဂေါပြည်နယ်ဝန်ကြီးချုပ် မာမာတာ ဘာနာဂျီးက ပြောကြားထားသည်။
လေဆင်နှာမောင်း တိုက်ခတ်ခြင်း၏ သက်ရောက်မှုသည် အနီးအနားရှိခရိုင်များသို့ပါ ပျံ့နှံ့သွားခဲ့ကြောင်းသိရသည်။
Ref: Xinhua