ယူကရိန်းအပေါ်တင်ရှိနေသည့် ကြွေးမြီများအား အနောက်နိုင်ငံများက ဖြေလျှော့ပေးခြင်းမရှိပါက ယူကရိန်းဒေဝါလီခံရဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

ယူကရိန်းအပေါ်တင်ရှိနေသည့် ကြွေးမြီများအား အနောက်နိုင်ငံများက ဖြေလျှော့ပေးခြင်းမရှိပါက ယူကရိန်းဒေဝါလီခံရဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

အနောက်နိုင်ငံများက ယူကရိန်းအပေါ် တင်ရှိနေသည့် ကြွေးမြီများအား ဖြေလျှော့ ပေးခြင်း သို့မဟုတ် ပြန်လည်သတ်မှတ်ပေးခြင်း မရှိပါက ယူကရိန်းနိုင်ငံသည် လာမည့်နှစ်အစောပိုင်းခန့်တွင် ဒေဝါလီခံရနိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူတစ်ဦးက TASS သတင်းဌာနသို့ ပြောသည်။

ယူကရိန်းနိုင်ငံ၏ ဘဏ္ဍာရေးအခြေအနေသည် ဆိုးရွားသည့်အခြေအနေတွင် ရှိနေပြီး အနောက်နိုင်ငံများမှ ပေးအပ်သည့် ငွေကြေး အကူအညီများအပေါ်  အဓိက အမှီသဟဲပြုနေရကြောင်း၊ သို့သော်အနောက်နိုင်ငံများမှ ပေးအပ်သည့် ငွေကြေးအကူအညီများသည်  မကြာမီကာလအတွင်း လျော့ကျလာခဲ့ကြောင်း  ကမ္ဘာ့ဘဏ်မှ အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူက ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ပြောကြားထားသည်။ အမေရိကန်အစိုးရက ယူကရိန်းသို့ အကူအညီအဖြစ် ဒေါ်လာ ၆၀ ဘီလီယံပေးအပ်ရန် သဘောတူညီထားသော်လည်း ယင်းအကူအညီမှာ လက်ရှိတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်ကြောင့် ယူကရိန်းသို့ ပေးအပ်နိုင်ခြင်းမရှိသေးပေ။

ထို့ပြင် အနောက်နိုင်ငံများက ယူကရိန်းမှ ရရှိရန်ကျန်ရှိနေသည့် ကြွေးမြီများအား လာမည့် ၂၀၂၅ ခုနှစ်အတွင်း ဖြေလျှော့ပေးခြင်း သို့မဟုတ် လျှော်ပစ်ခြင်းမရှိပါက ကမ္ဘာ့ဘဏ်အနေဖြင့် ယူကရိန်းနှင့်ပူးပေါင်းဆောင်ရွက်ရန် အလွန်ခက်ခဲလာနိုင်သည့်အပြင် ယူကရိန်းနိုင်ငံမှာလည်း ဒေဝါလီခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

ကမ္ဘာ့ဘဏ်သည် ယူကရိန်းသို့ အကူအညီများပေးအပ်နေသည့် အလှူရှင်နိုင်ငံများဖြစ်သည့် ဗြိတိန်နှင့်ဂျပန်တို့၏ အာမခံချက်ဖြင့် ယူကရိန်းသို့ ချေးငွေအဖြစ် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကို နောက်ဆုံးပေးအပ်ထားပြီးဖြစ်သည်။

ယူကရိန်းအနေဖြင့်  ကမ္ဘာ့ဘဏ်မှ ပေးအပ်သည့် ချေးငွေများကို နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့်  နိုင်ငံပြန်လည် တည်ဆောက်ရေးတို့အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ယူကရိန်းဝန်ကြီးချုပ် ဒန်းနစ်စ်ရှမီဂယ်လ်က ပြောကြားခဲ့ကြောင်းသိရသည်။ 

Ref: RT