မျိုးဆက်သစ် အားကစားသမားများ ဖိတ်ခေါ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ

 

မျိုးဆက်သစ် အားကစားသမားများ ဖိတ်ခေါ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ

 

ရန်ကုန် ဧပြီ ၁

မျိုးဆက်သစ်   အားကစားသမားများ ထွက်ပေါ်ရေး ရည်ရွယ်ကျင်းပသည့် ACE Badminton Tournament 2024 ဖိတ်ခေါ်ကြက်တောင်ပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက   ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် မေတ္တာညွန့်စက်မှု(၄)လမ်းရှိ ACE Badminton Club ၌ကျင်းပသည်။

ယင်းပြိုင်ပွဲ၏ ဗိုလ်လုပွဲပြိုင်ပွဲများတွင် အသက် ၁၇ နှစ်၊ အသက် ၁၉ နှစ် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ အမျိုးသား+အမျိုးသမီးနှစ်ယောက်တွဲ၊   ဝါသနာရှင်တန်း၊ သာမန်တန်းအမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲ၊   သက်လတ်တန်း နှစ်ယောက်ပေါင်း  ၇၀ နှစ်နှင့်အထက် နှစ်ယောက်တွဲပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဗိုလ်လုပွဲပြိုင်ပွဲများအပြီးတွင် ပထမ၊ ဒုတိယ၊ ပူးတွဲတတိယ ရရှိကြသော အားကစားသမားများအား မြန်မာနိုင်ငံကြက်တောင် အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ပိုင်၊ ACE Badminton Club  မှ အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဇောနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များ ချီးမြှင့်ကြသည်။   အဆိုပါ ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ အသင်းများ၊ တက္ကသိုလ်ကျောင်းသားများ၊ ကလပ်များ၊ နယ်အသင်းမှ ကစားသမားများ စုစုပေါင်း ၁၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲကိုမတ်လ ၂၈ ရက်မှ ၃၁ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။