စိတ်ဓာတ်စစ်ဆင် အောင်ပွဲဝင်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်)

စိတ်ဓာတ်စစ်ဆင် အောင်ပွဲဝင်

၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပခဲ့ပါသည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် မြန်မာ့တပ်မတော်၏ လက်ရုံးတစ်ခုဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ စတင်သန္ဓေတည်ခဲ့သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးတပ်ဖွဲ့၏ ခရီးသည်ယနေ့ဆိုလျှင် (၇၇) နှစ် တိုင်ခဲ့ပြီဖြစ်သည်။ ရှည်လျားသည့် သမိုင်းခရီးတစ်လျှောက် တပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့် တပ်မတော်က ပေးအပ်လာသည့် တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းထမ်းရွက်လျက်ရှိသည်။

နိုင်ငံတိုင်းတွင် တိုင်းပြည်ကာကွယ်ရေးအတွက် တပ်မတော်တစ်ရပ် ဖွဲ့စည်းတည်ဆောက်ထားရှိကြ သည်။ မြန်မာ့တပ်မတော်သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာခဲ့သည့် တပ်မတော် ဖြစ်သည်။ တပ်မတော်သားတိုင်းသည် နိုင်ငံတော်ကာကွယ်ရေးတာဝန်များအား စွမ်းအား ပြည့်ထမ်းဆောင် နိုင်ရန်အတွက် တိုက်ပွဲဝင်လိုစိတ်၊ ယုံကြည်ချက်၊ ခံယူချက်မြင့်မား ခိုင်မာလာ နေစေရန်၊ တပ်မတော်နှင့် ပြည်သူတစ်သားတည်း ရှိနေစေရန်နှင့် ရန်သူ၏ခံယူချက်စိတ်၊ ယုံကြည်ချက် စိတ်များ ပျက်သုဉ်းစေရန်အတွက် စတုတ္ထင်္ဂ (စတုတ္ထစစ်လက်ရုံး) စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့များအား ဖွဲ့စည်းကြရသည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် စတုတ္ထ စစ်လက်ရုံးဖြစ်သည်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ဝင်များသည် တပ်ဖွဲ့၏ရည်မှန်းချက် တာဝန်များ ဖြစ်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊  စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၊  ပညာရေးလုပ်ငန်းနှင့်  စည်းရုံးရေး လုပ်ငန်းများ ကျေပွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့သိသင့် သိထိုက်သည့် အသိပညာများနှင့် တတ်ကျွမ်းရမည့် အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရမည် ဖြစ်သည်။ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိစေရေးအတွက် မီဒီယာဖြင့် စိတ်ဓာတ် စစ်ဆင်ရေး လုပ်ငန်းများကိုမြှင့်တင်ခဲ့ရာ တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၊ တပ်မတော်အသံလွှင့်တပ်၊ ပုံနှိပ်မီဒီယာများအဖြစ် မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်နှင့် ရတနာပုံ သတင်းစာတိုက် တို့ကိုဖွင့်လှစ်၍ အားဖြည့်ဆောင်ရွက် ပေးလျက်ရှိသည်။

ထို့အတူ နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲများအနေဖြင့်လည်း  တပ်မတော်သားများ၊ မိသားစုဝင် များ၊ ဒေသခံပြည်သူများ စိတ်နှလုံးပျော်ရွှင် ချမ်းမြေ့စေရန်အတွက် ဖျော်ဖြေရေးလုပ်ငန်းများကို စဉ်ဆက် မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန် ထမ်းဆောင်ရသည့် တပ်မတော်သားများဖြစ်သည်နှင့်အညီ  နေ့စဉ်ရက်ဆက်  တပ်မတော်သားများနှင့် ပြည်သူများအတွက် ရည်မှန်းချက်များအား အကောင်အထည်ဖော်ရာတွင် အမျိုးမျိုးသော စိန်ခေါ်မှု များကို ရင်ဆိုင်ကျော်လွှားကာ တာဝန်များကိုကျေပွန်စွာ ဆောင်ရွက်နိုင်ခဲ့သည့် မှတ်တမ်းကောင်းများ လည်း ရှိခဲ့သည်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်တွင် တာဝန်ထမ်း ဆောင်နေကြသူ အရာရှိ/စစ်သည် အဆင့်အတန်းအားလုံးသည် မိမိတို့၏ ကိုယ်စီတာဝန်များကို ယုံကြည် ချက်၊ ခံယူချက်ခိုင်ခိုင်မာမာဖြင့် ဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။ စိတ်ဓာတ်စစ်ဆင်ရေး သဘော တရားကို ကျွမ်းကျင်ပိုင်နိုင်စွာနားလည်ကြပြီး ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်တတ် သူများဖြစ်သည်။ ဗဟုသုတပြည့်စုံကြွယ်ဝစေရေး ကမ္ဘာ့နိုင်ငံအသီးသီး၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ဖြစ်စဉ်များကို စဉ်ဆက်မပြတ် လေ့လာကြရသည်။ သို့မှသာ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး လုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြမည် ဖြစ်သည်။ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဆိုသည့် အတိုင်း မိမိတို့နှင့်သက်ဆိုင်ရာ ပညာရပ်များကို အစဉ် တိုးတက်မြင့်မားစေရန် လေ့လာလေ့ကျင့်ပြီး လက်တွေ့ အသုံးပြုနေကြရသည်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေးလုပ်ငန်းများသာမက ပြန်ကြားရေးလုပ်ငန်းများတွင် ပြည်တွင်း၊ ပြည်ပ မီဒီယာများနှင့် ထိတွေ့ဆက်ဆံပြီး တပ်မတော်၏ ဆောင်ရွက်ချက်များကို ရှင်းလင်းပြသသည်။ အထူးသဖြင့် တပ်မတော်နှင့် ပတ်သက်သည့် သတင်းမှန်များကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့် ဖော်ပြပေးလျက်ရှိသည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် သန္ဓေတည်၍ ပညာရေးဌာနစုအဖြစ်မှ စတင်ဖြတ်သန်းလာခဲ့ရာ ပညာရေး၊ စိတ်ဓာတ်စစ်ဆင်ရေး၊ ပြည်သူ့ဆက်ဆံရေး၊ စည်းရုံးရေးကဏ္ဍများကို ထွန်းထွန်းပေါက်ပေါက် ဆောင် ရွက် နိုင်ခဲ့ပြီဖြစ်သည်။ တပ်မတော်သည် ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံတော်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်၏ အမျိုးသားရေးတာဝန်များအား ဦးလည်မသုန် တာဝန်ထမ်းဆောင်နေသကဲ့သို့ တပ်မတော် ၏ အစိတ်အပိုင်းတစ်ခုအဖြစ် စတုတ္ထမဏ္ဍိုင်တာဝန်ထမ်းဆောင်လျက်ရှိသော ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည်လည်း နောင်နှစ် ပေါင်းမြောက်မြားစွာ နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုး ပိုမိုသယ်ပိုးဆောင်ရွက် အောင်မြင်ပါစေကြောင်း ဂုဏ်ပြုရေးသား လိုက်ရပေသည်။   ။