စတုတ္ထမဏ္ဍိုင်ဖြင့် နိုင်ငံ၊ ပြည်သူနှင့် တပ်မတော်အကျိုး သယ်ပိုးဆောင်ရွက်

 

စတုတ္ထမဏ္ဍိုင်ဖြင့် နိုင်ငံ၊ ပြည်သူနှင့် တပ်မတော်အကျိုး သယ်ပိုးဆောင်ရွက်

 

    လူတိုင်းအဖွဲ့အစည်းတိုင်း အတွက်   အရေးပါအရာရောက်သော အထိမ်းအမှတ်နှစ်ပတ်လည်နေ့များ ရှိကြစမြဲပင်...။ လွတ်လပ်ရေးကြိုးပမ်းမှု ကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ စတင်သန္ဓေတည်ခဲ့သည့် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးတပ်ဖွဲ့၏ ခရီးသည်   ယနေ့ဆိုလျှင် (၇၇) နှစ်တိုင်ခဲ့ပြီဖြစ်သည်။ ရှည်လျားသည့် သမိုင်းခရီးတစ်လျှောက် တပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်သော  ဇွဲ၊   လုံ့လ၊ ဝီရိယတို့နှင့်    တပ်မတော်က ပေးအပ်လာသည့်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ကြိုးပမ်းထမ်းရွက်လျက်ရှိသည်။   ပြည်သူ့ဆက်ဆံရေးနှင့်  စိတ်ဓာတ်စစ်ဆင်ရေး တာဝန်များအောက်တွင်  တပ်မတော်အကျိုးပြု၊ ပြည်သူလူထု အကျိုးပြုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်များအား စွမ်းအားပြည့် ထမ်းဆောင်နိုင်ရန်အတွက်  မိမိတို့တပ်မတော်သားများအား တိုက်ပွဲဝင်လိုစိတ်၊  ယုံကြည်ချက်၊ ခံယူချက်မြင့်မား ခိုင်မာစေရန်၊ တပ်မတော်နှင့်ပြည်သူ တစ်သားတည်းရှိနေစေရန်၊ ရန်သူ၏ခံယူချက်စိတ်၊ ယုံကြည်ချက်စိတ်များ   ပျက်သုဉ်းစေရန်အတွက်     စတုတ္ထစစ်လက်ရုံး စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့များအား ဖွဲ့စည်းရစမြဲဖြစ်သည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့ဝင်များသည်    တပ်ဖွဲ့၏ ရည်မှန်းချက် တာဝန်များဖြစ်သည့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၊  စိတ်ဓာတ်စစ်ဆင်ရေးလုပ်ငန်း၊ ပညာရေးလုပ်ငန်းနှင့်     စည်းရုံးရေးလုပ်ငန်းများ ကျေပွန်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့သိသင့်သိထိုက်သည့် အသိပညာများနှင့် တတ်ကျွမ်းရမည့် အတတ်ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာနေကြရမည်ဖြစ်သည်။ တပ်မတော်နှင့်   ပြည်သူတစ်သားတည်း ရှိစေရန် စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး ကောင်းမွန်စေရန်အတွက်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့များအနေဖြင့် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူ့ဆက်ဆံရေးသည် အဖွဲ့အစည်းနှင့် လူထုကြား အပြန်အလှန် အကျိုးရှိသော    ဆက်ဆံရေးထူထောင်သည့် ဆက်သွယ်ရေး မဟာဗျူဟာ လုပ်ငန်းစဉ် တစ်ရပ်ပင်ဖြစ်သည်။  ပြည်သူလူထုနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ်ကို  ထူထောင်ရာတွင် မိမိ၏အဖွဲ့အစည်းကို အထောက်အကူဖြစ်စေပြီး  လူထုနှင့်အပြုသဘောဆက်ဆံရေးကို ထိန်းသိမ်းထားခြင်းဖြင့် မိမိအဖွဲ့အစည်း၏ လုပ်ငန်းကို အောင်မြင်မှုရရှိစေပါသည်။ သို့ဖြစ်ရာ ကကပြည်၏ အဓိကတာဝန်တစ်ရပ်ဖြစ်သော ပြည်သူ့ဆက်ဆံရေးလုပ်ငန်း တာဝန်သည် ကြီးမားကျယ်ပြန့်၍ သိမ်မွေ့သော လုပ်ငန်းဖြစ်သည်။ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးသည် ပြန်ကြားရေး လုပ်ငန်းများတွင် ပြည်တွင်းပြည်ပ မီဒီယာများနှင့်ထိတွေ့ ဆက်ဆံ၍     တပ်မတော်၏ လှုပ်ရှားမှုကို အမြဲမပြတ် တင်ပြဆောင်ရွက်လျက်ရှိသည်။

မီဒီယာကဏ္ဍသည်   နိုင်ငံတော် တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး သုံးခုဖြစ်သည့် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုသည့် မဏ္ဍိုင်ကြီးသုံးခုကို  မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့်   စတုတ္ထမဏ္ဍိုင်ပင်ဖြစ်သည်။ ပြည်သူများ၏အသံကို ပီပြင်စေရန်နှင့် အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိအောင် ဆောင်ရွက်ရာတွင် မီဒီယာသည် အဓိကအရေးပါသည်။ မီဒီယာကဏ္ဍဖြင့် ပြည်သူများကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်များ ရရှိစေရန်၊  ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ထုတ်လွှင့်ဖော်ပြနေရမည် ဖြစ်သည်။

ပြည်သူလူထု  သိသင့်သိထိုက်သည့်၊ သိရှိရန်လိုအပ်သည့်  သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ပြန်ကြားပေးရန်တာဝန်၊   ပြည်သူလူထုအား တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်  အသိပညာပေးရေးတာဝန်၊ ဉာဏ်ပညာဗဟုသုတရရေး တာဝန်များကို ပညာပေးရန်တာဝန်၊ ပြည်သူများ အပန်းဖြေစေရန် အနုပညာ အရပ်ရပ်ဖြင့် တေးဂီတအဖုံဖုံ၊ အက၊ အခုန်၊ အဆို၊ အတီး ကဏ္ဍအစုံအလင်ဖြင့် ဖျော်ဖြေရေး တာဝန်များကို   ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး   လက်အောက်ရှိ မီဒီယာလုပ်ငန်းများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

           စည်းရုံးရန် ဆိုရာတွင်လည်း  မိမိပြောစကားကို  တစ်ဖက်လူက  လိုက်ပါလုပ်ဆောင် ပြောဆိုခြင်း၊   မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါး အပေါ်တွင် ပြည်သူလူထု တစ်ရပ်လုံးက  စည်းလုံးညီညွတ်စွာ ဖော်ဆောင်ပေးနိုင်ရေးတို့ကို ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့များက ဆောင်ရွက်ပေးလျက်ရှိသည်။

ပြည်သူလူထုအား  ဗဟုသုတပေးနိုင်ရေး၊  နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန် ထမ်းဆောင်ကြမည့် လူငယ်၊ လူရွယ်များအား လမ်းမှားမရောက်ရှိစေရေး၊ ပညာတတ် သားကောင်းရတနာများ ဖြစ်လာစေရေး၊ ခေတ်နှင့်လျော်ညီသည့် ထုတ်လွှင့်မှုပုံစံများဖြင့်   ဖော်ပြလျက်ရှိပါသည်။

လူမှုရေးဦးတည်ချက် (၃)ရပ်တွင်  ပါဝင်သော    နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ၌  လူငယ်များအနေဖြင့် အဓိက စွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော  လူငယ်များ ဖြစ်စေရန်  လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက် ရာတွင် မီဒီယာသည် များစွာ အရေးပါလာသည့်အတွက် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုသည့် ဆောင်ရွက်ချက်များကို  မီဒီယာများမှ ထုတ်လွှင့်ပြသ ပေးလျက်ရှိရာ စစ်မှန်သည့် အမျိုးသားရေး  စိတ်ဓာတ်အပြည့်နှင့် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းများ၊ အမျိုးဘာသာ သာသနာ အကျိုးသယ်ပိုးမှုများ၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများ၊ သတင်းမှန်ပြန်ကြားမှုများကို ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး လက်အောက်ရှိ  ရုပ်သံမီဒီယာ၊ ပုံနှိပ်မီဒီယာ၊ ရေဒီယိုအသံလွှင့်ဌာန အသီးသီးတို့၌   ထုတ်လွှင့်ပြသလျက် ရှိပေသည်။

ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုသည် အချိန်နှင့်အမျှ ပြောင်းလဲမြန်ဆန်လျက်ရှိသည်။   မီဒီယာကဏ္ဍသည် အားကောင်းကောင်းဖြင့် လိုက်ပါနိုင်စွမ်းရှိရန် လိုအပ်လှပေသည်။  အချို့သော မီဒီယာများသည် တိကျမှု၊  ဘက်မလိုက်မှု၊ မျှတမှုစသည့် မီဒီယာကျင့်ဝတ်များကို လိုက်နာမှုမရှိဘဲ ကျင့်ဝတ်နှင့် မညီညွတ်ဘဲ သတင်းများကို ဖော်ပြနေသည်ကို တွေ့ရှိရသည်။ တပ်မတော်၏ ပုံရိပ်နှင့်ပြည်သူ့ ဆက်ဆံရေးကို ထိခိုက်ကျဆင်းအောင် ပုံဖော်ဆောင်ရွက်နေပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများအပေါ် နိုင်ငံပိုင်မီဒီယာများ၊ တပ်မတော်မီဒီယာများက သတင်းမှန်များဖြင့် တုံ့ပြန်ဆောင်ရွက်လျက် ရှိပါသည်။

သမာသမတ်ကျသည့် ပြည်တွင်းမီဒီယာများသည် နိုင်ငံကို”အား” ဖြစ်စေသော်လည်း သမာသမတ်မကျသော   မီဒီယာအချို့ကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများ၏ ဘဝကို ခါးစေသည်။ သမိုင်းစဉ်ဆက် နိုင်ငံ့အကျိုး၊   ပြည်သူ့အကျိုးကိုသာ မျှော်မှန်းပြီး ဆောင်ရွက်ခဲ့သည့် တပ်မတော်၏ စတုတ္ထမဏ္ဍိုင်သည် ကောင်းမွန်သည့်အစဉ်အလာနှင့်   သမိုင်းကြောင်းကို ဆက်လက်ထိန်းသိမ်းသွားရန် လိုအပ်ပေသည်။

မိမိတို့တပ်မတော်၏ မီဒီယာလုပ်ငန်း တာဝန်များကို ထမ်းဆောင်နေကြသည့် မြဝတီရုပ်မြင်သံကြား၊ မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်၊  ရတနာပုံသတင်းစာတိုက်နှင့်  သဇင်အသံလွှင့်ဌာနတို့သည် သတင်းမီဒီယာကျင့်ဝတ်ကို အလေးထားပြီးတိကျခိုင်မာသည့် သတင်းမှန်များအပေါ် မှန်ကန်မြန်ဆန်စွာ တင်ပြနိုင်ရန် ပြောင်းလဲ တိုးတက်နေသည့်  မီဒီယာလုပ်ငန်းစဉ်များအပေါ် ခေတ်နှင့်အညီ တီထွင်ကြံဆဖန်တီးကာ တပ်မတော်နှင့်ပြည်သူကို ဆက်လက်ပေါင်းကူးပေးပြီး တိုင်းပြည် တည်ဆောက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေး လုပ်ငန်းများ၌ နိုင်ငံတော်က အားထားပြီး  ပြည်သူက အားကိုးယုံကြည်ရသည့် မီဒီယာအဖွဲ့အစည်း တစ်ခုဖြစ်အောင် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုး၊ တပ်မတော်အကျိုးတို့ကို မျှော်မှန်း၍  ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပေသည်။

ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏(၇၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်    ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့်မိန့်ခွန်းတွင် “ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တပ်ဖွဲ့အနေဖြင့်  တပ်မတော်မှ အားကိုးရသည့် လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်စေရန် တပ်ဖွဲ့ဝင်တိုင်း၏ အသိပညာ၊ အတတ်ပညာ စွမ်းပကားများကို တိုးတက်အောင် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက် နေကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားရေးမူဝါဒဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ်ပန်ဆင်ပြီး   နိုင်ငံတော်ရှေ့ဆက်သွားမည့် ခရီးတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြရန် လေးလေးနက်နက် တိုက်တွန်းလိုကြောင်း” ပြောကြားခဲ့သည်။

အချုပ်အားဖြင့်ဆိုရသော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး တာဝန်ထမ်းဆောင်နေရသည့် တပ်မတော်သားများသည်  နေ့စဉ်ရက်ဆက်မပြတ် တပ်မတော်သားများနှင့်  ပြည်သူများအတွက် အသိပညာ ဗဟုသုတနှင့် ရသတို့ကို ရရှိစေရေးအမြဲမပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ထို့ကြောင့်  ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး အနေဖြင့် နိုင်ငံ၊  ပြည်သူနှင့်  တပ်မတော်အတွက် ကောင်းမြတ်သည့် အစဉ်အလာနှင့်ကြီးမြတ်သည့်  သမိုင်းကြောင်းတို့အား စဉ်ဆက်မပြတ် ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂုဏ်ပြုရေးသား လိုက်ရပါသည်။    ။

အိမ့်မှူး