ပြည်သူတို့၏ရည်မှန်းချက်ပန်းတိုင်

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၃ ရက်)

ပြည်သူတို့၏ရည်မှန်းချက်ပန်းတိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော  ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားလျက် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူလူထု၏ ဆန္ဒဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်ဖြစ်ပေါ်လာစေရေး၊ အခြေခံကျသည့်အုတ်မြစ်မှာ တရားမျှတသော၊ သိက္ခာရှိသော၊ နည်းလမ်း ကျနမှန်ကန်မှုရှိသော အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရေး ဖြစ်သည်။

ထိုသို့ကျင်းပနိုင်ရန် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ တည်ငြိမ် အေးချမ်းမှုရှိရေးဖြစ်သဖြင့် နိုင်ငံသားအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသည့် လောကပါလတရားများ ထွန်းကားရာ ဒီမိုကရေစီစနစ်ကို ကျင့်သုံးသည့် နိုင်ငံအဖြစ်သို့ ရောက်ရှိရန်မှာ နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့ ရှိနေရမည်ဖြစ်သည်။

နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ လက်နက်ကိုင်ပဋိပက္ခများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံး ညီညွတ်မှု လျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများရှိနေခြင်းသည်   နိုင်ငံ၏အလှကို ပျက်စီးစေသည်။ ပြည်သူတို့၏ လူမှုစီးပွားဘဝများကို ထိခိုက်စေမည်ဖြစ်သည်။ နိုင်ငံတော်ကို တည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရမည့်အစား ကွဲပြားနေသော နိုင်ငံရေး အင်အားစု တို့၏ ငါတကော ကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများသည် နိုင်ငံ့အကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုး စီးပွားအတွက် အမြော်အမြင်ကင်းမဲ့စွာ နိုင်ငံကို ထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာ ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေး မုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်လှေငယ်တင်ရန်၊ ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်လျက်ရှိနေသည်ကို  သတိတရားဖြင့်  ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးပေါင်းတစ်ရာကျော်သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းကပင် အေးအတူပူအမျှ နေထိုင်လာကြသူများဖြစ်သည်။ မြန်မာ့မြေတွင်ထူးခြားသည်မှာ  နေရာ ဒေသတစ်ခုတွင် တိုင်းရင်းသားလူမျိုးတစ်မျိုးတည်း နေထိုင်ခြင်းမျိုးမဟုတ်ဘဲ အားလုံးသည် စုပေါင်း ညီညွတ်စွာနေထိုင်ကြခြင်း ဖြစ်သည်။ ထို့ကြောင့်လူမျိုးရေးမုန်းတီးမှု ဖန်တီးနေခြင်းမှာ လုံးဝမဖြစ် သင့်သည့် အရာဖြစ်သည်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံရေးအပြောင်းအလဲအပြီးတွင် အကြမ်းဖက်အဖွဲ့အစည်းအဖြစ်ကြေညာထားသော NUG လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက် အဖွဲ့နှင့် အခြားဒေသအလိုက် ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အုပ်စု အမျိုးမျိုးတို့ ပေါ်ပေါက်လာခဲ့သည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အချုပ်အခြာ အာဏာကို ထိခိုက်ပျက်စီးစေရန်ရည်ရွယ်ပြီး အကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်လျက်ရှိနေသည်။ထို့ ကြောင့်နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာ ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ နိုင်ငံတော်ကိုဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ထိန်းသိမ်းသွားကြရန် မဖြစ်မနေလိုအပ်သည့် အချိန်ဖြစ် သည်။ တစ်ဖက်တွင်လည်း နိုင်ငံရေးမပြေလည်မှုများကြောင့် လက်နက်ကိုင် လမ်းကြောင်းသို့ ရောက်ရှိ နေသည့် အဖွဲ့အစည်းများအနေဖြင့် အစဉ်သဖြင့်ဖွင့်လှစ်ပေးထားသည့် တွေ့ဆုံဆွေးနွေးရေးများဖြင့် NCA လမ်းကြောင်းမှတစ်ဆင့် နိုင်ငံတော် ထာဝရတည်ငြိမ်အေးချမ်းရေးအတွက် အဖြေရှာကြရန် လိုအပ် မည်ဖြစ်သည်။

မြန်မာနိုင်ငံ ပျက်စီးရေးကိုရှေးရှုကာ အချို့သောပြည်ပနိုင်ငံများ၊ အကြမ်းဖက်အားပေးမီဒီယာများ အနေဖြင့် ပြည်သူလူထုအသိမှား၊ အမြင်မှား၊ အလုပ်အကိုင်မှားအောင် ကောလာဟလများကို ဖြန့်ချိ၍ အဆိုးမြင်စိတ်ခံစားမှုကို အဆုံးထိမြှင့်တင်ပေးပြီး ပြည်သူကိုစတေးကာ နိုင်ငံရေးအမြတ်ထုတ်မှုများကို လည်း အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထားကြရမည်ဖြစ်သည်။ တော်လှန်ရေးဟူ၍ အမည်တပ် ကာယင်းတို့ အားထောက်ခံသူများနှင့်  မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အာဏာကို အချောင်ရယူရန် ကြိုးပမ်းအမြတ်ထုတ်နေကြသူများ၊ ခေါင်းစဉ်အမျိုးမျိုးတပ်၍ လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများကိုလည်း ဝိုင်းဝန်းဖော်ထုတ်နိုင်ရေး ဆောင်ရွက်ကြရမည် ဖြစ်သည်။ ပြည်သူ့ အတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင်  နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကို သတ်ဖြတ်၊ လုယက်ခြင်းကို အကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။ ထိုသူများ၏ သတင်း ကို လျှို့ဝှက်ပေးပို့ခြင်းသည် ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးခြင်း ဖြစ်သည်။ ပြည်သူတို့၏ ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။  ။