မော်စကိုမြို့တွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသူသုံးဦးကို ရုရှားထောက်လှမ်းရေးက ထပ်မံဖမ်းဆီး

 

မော်စကိုမြို့တွင်ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသူသုံးဦးကို ရုရှားထောက်လှမ်းရေးက ထပ်မံဖမ်းဆီး

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပြဇာတ်ရုံတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသူသုံးဦးကို ရုရှားထောက်လှမ်းရေးအဖွဲ့က ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း အဆိုပါ ထောက်လှမ်းရေးအေဂျင်စီက ဧပြီလ ၄ ရက်တွင် ထုတ်ပြန်သည်။

အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်နွှယ်နေသူများကို နိုင်ငံအတွင်းရှိ အဓိကမြို့ကြီး များဖြစ်သည့် မော်စကို၊ ယီကာတာရင်ဘာ့ဂ်နှင့်အွန်စ်ခ်တို့၌  ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ထောက်လှမ်းရေးအဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။ ဖမ်းဆီးခံရသူများတွင် ရုရှားနိုင်ငံသားတစ်ဦးနှင့် ဗဟိုအာရှနိုင်ငံမှ နိုင်ငံသားနှစ်ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသူများ အနက်နှစ်ဦးမှာ အကြမ်းဖက်တိုက်ခိုက်မှုတွင် အသုံးပြုမည့် လက်နက်နှင့် မော်တော်ယာဉ်များ ဝယ်ယူရန်အတွက် ငွေကြေးလွှဲပြောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် အခြားတစ်ဦးမှာ တိုက်ခိုက်မှု လုပ်ဆောင်ရန်အတွက် လူရှာပေးခဲ့သည့်အပြင် ငွေကြေးထောက်ပံ့ပေးခဲ့ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အကြမ်းဖက်သမားများသည် မော်စကိုမြို့ အနောက်မြောက်ဘက်ရှိ ခရိုဆက်စီးတီး ပြဇာတ်ရုံတွင် မတ်လ၂၂ ရက်က ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ပြဇာတ်ရုံအတွင်း  မီးလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းတိုက်ခိုက်မှုအတွင်း အနည်းဆုံးလူ ၁၄၄ ဦးသေဆုံးပြီး ၅၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။ 

Ref: Xinhua