မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းခုနစ်သင်းဖြင့် မေလ ၇ ရက်မှစတင်၍ ကျင်းပမည်

 

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းခုနစ်သင်းဖြင့် မေလ ၇ ရက်မှစတင်၍ ကျင်းပမည်

ရန်ကုန်  ဧပြီ  ၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်  မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပမည့်    မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းခုနစ်သင်းဖြင့်   လာမည့် မေလ ၇ ရက်မှစတင်၍  ရန်ကုန်မြို့တွင် ကျင်းပသွားမည်ဖြစ်ပြီး     အဆိုပါပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို   ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့    သုဝဏ္ဏအားကစားကွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့ မြန်မာနေရှင်နယ်လိဂ်   အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နည်းစနစ်ဒါရိုက်တာ ဦးတင်မြင့်အောင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်  မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အမျိုးသမီးကလပ်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပြိုင်ပွဲဝင်အသင်းအရေအတွက် အတည်ပြုခြင်း၊ ပြိုင်ပွဲကျင်းပမည့်ရက်နှင့် ကွင်းတို့ကို လျာထားသတ်မှတ်ခြင်းနှင့် ကစားသမားအပြောင်းအရွှေ့ကာလနှင့် ကစားသမားမှတ်ပုံတင်ခြင်းနှင့်   ခေါ်ယူစာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်းအသစ်အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီ အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများအနေဖြင့် လက်ရှိချန်ပီယံ    မြဝတီအသင်း၊ ISPE  အသင်း၊ သစ္စာအားမာန်အသင်း၊ ရန်ကုန်ယူနိုက်တက်အသင်း၊ Young Lionessesအသင်း၊ ဧရာဝတီအသင်း၊ ရှမ်းယူနိုက်တက်အသင်းတို့ ပါဝင်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို လာမည့်  မေလ ၇ ရက်မှစတင်ပြီး နိုဝင်ဘာလကုန်ထိ ရန်ကုန်မြို့ရှိ   ပဒုမ္မာအားကစားကွင်းနှင့် စလင်းအားကစားကွင်းတို့တွင် ကစားသွားမည်ဖြစ်ပြီး ပြိုင်ပွဲကို သုံးကျော့ကစားသည့် စနစ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။                      

  စည်သူအောင်