တရုတ်(တိုင်ပေ) ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာပြီး ၁၀၀၀ ကျော်ဒဏ်ရာရရှိကာ ၆၀၀ ကျော် ဆက်လက်ပိတ်မိဆဲဖြစ်

 

တရုတ်(တိုင်ပေ) ငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသူ ၁၀ ဦးအထိ မြင့်တက်လာပြီး ၁၀၀၀ ကျော်ဒဏ်ရာရရှိကာ ၆၀၀ ကျော် ဆက်လက်ပိတ်မိဆဲဖြစ်

တရုတ်(တိုင်ပေ) တွင် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြင်းအား ၇ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ဧပြီလ ၄ ရက်တွင် သေဆုံးသူဦးရေမှာ ၁၀ ဦးအထိ မြင့်တက်လာပြီး ၁၀၀၀ ကျော် ဒဏ်ရာရရှိထားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါပြင်းအားမြင့် ငလျင်လှုပ်ခတ်မှုသည် ဟွာလျန်းခရိုင်အနီး၌ ဧပြီလ ၃ ရက် နံနက်ပိုင်းတွင်  ဖြစ်ပွားခြင်းဖြစ်ပြီး ငလျင်ဒဏ်ကို    တစ်နိုင်ငံလုံးမှခံစားခဲ့ရကြောင်း၊   ငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အအုံ အချို့မှာ  တိမ်းစောင်းသွားပြီး  စာသင်ကျောင်းအများအပြားမှာလည်း ပျက်စီးသွားခဲ့ကြောင်း၊  ထို့ပြင် ဟွာလျန်းခရိုင်နှင့်  ယီလန်းခရိုင်တို့ကို ဆက်သွယ်ပေးထားသည့် မီးရထားဆက်သွယ်ရေးလမ်းကြောင်းကိုလည်း  ဆိုင်းငံ့ခဲ့ရကြောင်း မြို့တော်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားသည်။ ထို့ပြင် ငလျင်လှုပ်ခတ်မှုအတွင်း ဟိုတယ်ဝန်ထမ်း အများစုပါဝင်သည့် လူ  ၆၆၀ ခန့်မှာ အပျက်အစီးများကြား ဆက်လက်ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။

ငလျင်လှုပ်ခတ်ပြီးနောက် အာဏာပိုင်အဖွဲ့က ပျက်စီးမှုဖြစ်ပွားခဲ့သည့်စာသင် ကျောင်းနှင့် မူကြိုကျောင်း ၂၀၁ ကျောင်းကိုပိတ်ပစ်ခဲ့ပြီး   အခြားစာသင်ကျောင်း ခြောက်ကျောင်း၏  စာသင်ချိန်များကို ရွှေ့ဆိုင်းခဲ့ရကြောင်း ပညာရေးအာဏာပိုင် အဖွဲ့က ထုတ်ပြန်ထားသည်။

နိုင်ငံအတွင်း၌   ယခုဖြစ်ပွားသည့် ငလျင်လှုပ်ခတ်မှုသည် ၁၉၉၉  ခုနှစ်စက်တင်ဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ငလျင်လှုပ်ခတ်မှုနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်   အဆိုးရွားဆုံး လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ကြောင်း တရုတ် (တိုင်ပေ) မိုးလေဝသဌာနကပြောကြားခဲ့ကြောင်း သိရသည်။ ငလျင်လှုပ်ခတ်မှုအတွင်း ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့က   ဆက်လက်ရှာဖွေလျက်ရှိသည်။

ထို့ပြင်    ငလျင်လှုပ်ခတ်မှုကြောင့် ဟွာလျန်းခရိုင်အတွင်းရှိ လေတပ်အခြေစိုက်စခန်းတွင်   ရပ်နားထားသည့်  F-16V အမျိုးအစား  တိုက်လေယာဉ်ရှစ်စင်းပျက်စီးသွားကြောင်း သိရသည်။

Ref: Sputnik, Xinhua