နိုင်ငံ၏ဂျီဒီပီတိုးတက်လာစေရေး

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၅ ရက်)

နိုင်ငံ၏ဂျီဒီပီတိုးတက်လာစေရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မတ်လ ၂၅ ရက်ကကျင်းပသည့် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၄)သို့ တက်ရောက် အမှာစကားပြောကြားစဉ် “ပြီးခဲ့သည့်ဘဏ္ဍာရေးနှစ်အတွင်း တွေ့ကြုံခဲ့ရသည့် အားနည်းချက်များကို သင်ခန်းစာဖော်ထုတ်၍ လာမည့်ဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ပိုမိုတိုးတက် အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း xxx ဘဏ္ဍာငွေနှင့်ပတ်သက်၍ မကြာမီရက်ပိုင်း အတွင်း သတ်မှတ်ကာလ ပြည့်မည်ဖြစ်ပြီး ပိုလျှံရန်ပုံငွေများကို ပညာရေး၊ ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ကဏ္ဍတို့တွင်အသုံးပြုနိုင်ရေး ခွင့်ပြုပေးထားသဖြင့် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း” ထည့်သွင်း ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်စေရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိသည်။ ဒေသအလိုက် စိုက်ပျိုးရေး ထုတ်ကုန် များ တိုးတက်အောင်ထုတ်လုပ်၍ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပြီး ပိုလျှံသည်များကို ပြည်ပပို့ကုန်များအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းထုတ်ကုန်များ တိုးမြှင့် ပို့ဆောင်နိုင်ရေးနှင့် လိုအပ်သည့် ကုန်ပစ္စည်းများတင်သွင်းနိုင်ရေး နယ်စပ်ကုန်သွယ်ရေးကိုလည်း တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးကဏ္ဍ၌ စိုက်ပျိုးရေးနှင့်မွေးမြူရေးသည် အဓိကအခန်းကဏ္ဍတွင်ပါဝင်သည်။

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို အခြေခံ၍ စက်မှုကဏ္ဍနှင့်ဝန်ဆောင်မှုကဏ္ဍများ တိုးတက်ခြင်း ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များရှိမှသာ စက်ရုံ၊ အလုပ်ရုံများလည်ပတ်နိုင်ပြီး ဘဏ်လုပ်ငန်း များနှင့် ဝန်ဆောင်မှုလုပ်ငန်းများပါ လည်ပတ်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံရှိပြီးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကဏ္ဍကို အခြေခံသည့် ကုန်ထုတ်လုပ်မှုဆောင်ရွက်နိုင်ရေးကို တွန်းအားပေးဆောင်ရွက်နေခြင်း ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု စွမ်းအားများ မြင့်တက်လာမှသာ နိုင်ငံတော်၏  GDP သည် တိုးတက်လာမည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့်ပတ်သက်၍ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး စနစ်တကျစိုက်ပျိုးပြီး အထွက်နှုန်း တိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ သီးထပ်စွမ်းအားများ  တိုးတက်စေရေးအတွက်လည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ မွေးမြူရေးနှင့်ပတ်သက်၍လည်း တိုးတက်အောင် မွေးမြူကြရမည် ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်မှသာ စက်မှုလုပ်ငန်းများနှင့် MSME လုပ်ငန်းများ တိုးတက်လာမည် ဖြစ်သည်။ MSME လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင် ရုံသာမကဘဲ ပြည်ပနိုင်ငံများသို့ပါ တင်ပို့နိုင်သည့် အရည်အသွေးပြည့်မီသော အဆင့်မီ ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်သည်အထိ ဆောင်ရွက်ကြရန် လိုအပ်သည်။

လက်ရှိအခြေအနေတွင် ဝါစေ့ဆီကြိတ်စက်နှင့် ဝါကြိတ်စက်များ ပြည်တွင်း၌ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး ဝါသီးနှံမှတစ်ဆင့် စားသုံးဆီနှင့် အရည်အသွေးမီ ချည်မျှင်များ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တပ်ကုန်းမြို့၊ ပျဉ်းမနားမြို့နှင့် မကွေးတိုင်းဒေသကြီးတို့တွင် ဝါစိုက် တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးရန် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဝါမျိုးကောင်းမျိုးသန့်များအား စနစ်တကျပြောင်းလဲ စိုက်ပျိုးရန် စီစဉ်လျက်ရှိသည်။

ဝါကိုမိုးနည်းသည့် နေရာများတွင် အများဆုံးစိုက်ပျိုးကြသည်။  ထို့ကြောင့် ဆိုလာဖြင့် လျှပ်စစ်ထုတ်လုပ် သည့်စနစ်ကို အသုံးပြု၍  ဝါသီးနှံကိုအခြေခံသည့်  ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက် နိုင်သည်။ ဝါစိုက်ပျိုးရာတွင် အရည်အသွေးမီဝါမျိုးများ ပြောင်းလဲစိုက်ပျိုးပြီး ပြည်ပသို့ဝါကုန်ကြမ်းအစား ဝါဂွမ်းပို့ဆောင်နိုင်ပါက စီးပွားရေးအရ တွက်ခြေကိုက်မည်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီသည် နိုင်ငံတော်ကို ဘက်စုံထောင့်စုံ ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်းစားသုံးဆီ ဖူလုံရေးအတွက်  ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး  ပန်းတိုင် ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်ဆောင်ရွက်၍  နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရေးကို ဦးတည်ချက်ချမှတ် ဆောင်ရွက်လျက်ရှိသည်။  

အဆိုပါ ဦးတည်ချက်များ အောင်မြင်ရေးအတွက်   နိုင်ငံတော်အကြီးအကဲ၏   လမ်းညွှန်မှုများအတိုင်း သက်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူများ   လိုက်ပါဆောင်ရွက်ကြရမည် ဖြစ်သည်။  စီးပွားရေး ဦးတည်ချက်များဖြစ်သည့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် တိုင်းရင်း သား ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သော စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များ ဖြင့်တိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေးနှင့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး” ဆိုသည့် ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတကာဈေးကွက်တွင် မြန်မာနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်များ ထိုးဖောက်နိုင်ရေးအတွက် သီးနှံအရည်အသွေးနှင့် မျိုးကောင်း မျိုးသန့်သုံးစွဲ ဆောင်ရွက်ကြရန် ဖြစ်သည်။ သို့မှသာ ကုန်ထုတ်စွမ်းအား မြင့်တက်လာပြီး နိုင်ငံ၏  GDP လည်းတိုးတက်လာ မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။