စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး

 

စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကားရေး

 

အယ်ဒီတာ့အာဘော်                 

(၂၀၂၄ ခုနှစ်၊ ဧပြီ ၆ ရက်)

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ စာကြည့်တိုက်များနှင့် တပ်မတော်ဌာနချုပ်များ/ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ  အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ လှူဒါန်းမှုတွင် လူထုသိပ္ပံကျမ်း အတွဲများလည်း ပါဝင်သည်။ လူထုသိပ္ပံကျမ်းများကို ၁၉၅၅ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း အတွဲ(၉)တွဲအထိထုတ်ဝေခဲ့သည်။ လူထုသိပ္ပံကျမ်းများတွင် စကြဝဠာ၊ ကမ္ဘာမြေ၊ ဘဝအကြောင်းရပ်များ၊ အပင်၊ တိရစ္ဆာန်၊ ဒြပ်နှင့်စွမ်းအင်၊ စက်မှုလက်မှုနှင့် လူ့အဖွဲ့အစည်းစသည်များကို သုတေသနလုပ်ငန်းများ ပြုလုပ်ပြီး အသိဉာဏ်ပညာတိုးတက်စေရန် ရည်ရွယ်ပြုစုခဲ့ကြောင်း သိရှိရသည်။

အဆိုပါစာအုပ်များသည်  ယနေ့လူငယ်လူရွယ်များ သိသင့်သိထိုက်သည့်၊ လေ့လာဖတ်ရှုသင့်သည့် အသိပညာဗဟုသုတများ ပါရှိခြင်းကြောင့်  နိုင်ငံတော်အကြီးအကဲနှင့် မိသားစုက  အဆိုပါစာအုပ်များကို စာကြည့်တိုက်များတွင် လှူဒါန်းလိုသည့် စိတ်ဆန္ဒပေါ်ပေါက်လာပြီး ထုတ်ဝေပြီးသည့် အတွဲ(၃)တွဲမှ အတွဲ တစ်တွဲကိုအုပ်ရေ ၁၅၀၀ စီဖြင့် စာအုပ်ပေါင်း ၄၅၀၀ ကို နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် မြန်မာ နိုင်ငံစာကြည့်တိုက် ဖောင်ဒေးရှင်းသို့ အုပ်ရေ ၃၀၀၀ နှင့် တပ်မတော်ဌာနချုပ်များ၊ တပ်ရင်းတပ်ဖွဲ့စာကြည့်တိုက်များ အတွက် အုပ်ရေ ၁၅၀၀ လှူဒါန်းခြင်းဖြစ်ကြောင်း သိရှိရသည်။ အဆိုပါလှူဒါန်းပွဲတွင် ပြန်ကြား ရေး ဝန်ကြီးဌာနကလည်း သုတရသစာအုပ် ၅၅၀၀ ကိုလှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်အစိုးရ၏ ထောက်ပံ့မှုဖြင့် ဖွင့်လှစ်နေသည့်  စာကြည့်တိုက်ပေါင်း  ၄၁၀ ရှိပြီးဒေသဆိုင်ရာ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထု အစီအစဉ်ဖြင့် ဖွင့်လှစ်နေသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော်ရှိကြောင်းသိရှိရသည်။ အဆိုပါစာကြည့်တိုက်များမှာ စာကြည့်တိုက် အဆောက်အအုံများ၊ စာအုပ်စာစောင်များ၊ စာအုပ်ငှားရမ်းဖတ်ရှုသူများ၊ စာကြည့်တိုက်ရန်ပုံငွေများ၊ စာကြည့်တိုက်ကော်မတီနှင့် စာကြည့်တိုက်မှူးများ ရှိပြီး စာကြည့်တိုက်လုပ်ငန်းများကို ပုံမှန်လည်ပတ်နေသည့် စာကြည့်တိုက်များ ဖြစ်ကြောင်း သိရှိရသည်။

စာအုပ်စာပေဆိုသည်မှာ မည်မျှပင်ကာလကြာရှည်က ထုတ်ဝေခဲ့သည်ဖြစ်စေ မဖတ်ရ၊ မလေ့လာရသေးပါက အသစ်ပင်ဖြစ်သည်။ စာအုပ်၏တန်ဖိုးကို ဖော်ပြ၍ရသော်လည်း  စာဖတ်သူတို့ရသည့်အသိက  တန်ဖိုးမဖြတ်နိုင်အောင် အကျိုးရှိလှသည်။  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ပညာရေးကဏ္ဍကို တိုးတက်မြင့်မားလာအောင်  ဘက်ပေါင်းစုံက မြှင့်တင်ပေးလျက်ရှိသည်။ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်စေရေး  အခြေခံပညာအဆင့်တွင်  အခမဲ့ပညာရေးနှင့် လက်လှမ်းတမီ သင်ယူနိုင်သည့် အခွင့်အလမ်းရအောင် လုပ်ဆောင်ပေးလျက်ရှိသည်။

နိုင်ငံ၏အနာဂတ်ဖြစ်သည့်  ပညာတတ်လူငယ်များ ဖြစ်လာအောင်၊  ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်အောင်၊ အချိန်မတိုင်မီအကြောင်းအမျိုးမျိုးကြောင့် ကျောင်းထွက်ခြင်း မရှိအောင်၊ တန်းစဉ် ကူးပြောင်းမှုတွင် အရေအတွက်သာမက အရည်အချင်းပါ လျော့နည်းမသွားအောင်   ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ပေးလျက်ရှိသည်။ ပညာသင်ခြင်းသည်  နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ် အရေးပါသကဲ့သို့ လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ရှိလူဦးရေ ၅၆ သန်းကျော်ရှိသည့် အနက် ဘွဲ့ရသူ သုံးသန်းခန့်သာရှိကြောင်း သိရှိရသည်။

ယနေ့ကမ္ဘာကြီး၏ဖွံ့ဖြိုးတိုး တက်မှုသည် ရွာတစ်ရွာကဲ့သို့ဖြစ်နေပြီး Global Village ဟု တင်စားပြောဆိုလျက်ရှိသည်။ ရုပ်ဝတ္ထုများမည်မျှပင် တိုးတက်ပါစေ အဆိုပါ ရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ် အသုံးပြုကြမည့် လူသားများ၏ စိတ်ဓာတ်များသည် မတိုးတက်၊ မမှန်ကန်၊  အားနည်းနေမည်ဆိုပါက ကောင်းကျိုး ထက်ဆိုးကျိုးများနှင့်     ကြုံတွေ့နိုင်ခြေများလှသည်။   အရာရာတွင်စိတ်က ဦးဆောင်သည်ဖြစ်သဖြင့် အသိဉာဏ်ပညာ ပြည့်ဝကြမှသာ  ကောင်းကျိုးပြည့်ဝသည့်  လူမှုပတ်ဝန်းကျင်ကို ဖန်တီးနိုင်ကြမည်ဖြစ်သည်။

လူငယ်မောင်မယ်များအတွက် နိုင်ငံတော်ကပညာရေးတွင် အကောင်းဆုံးဖြစ်အောင် ဖန်တီးပေးထားခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာမြင့်မား တိုးတက်စေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ အထူးသဖြင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင် ဆောင်ရွက်ပေးနေခြင်းလည်းဖြစ်သည်။

လူငယ်များအနေဖြင့်  အသိပညာ၊ အတတ်ပညာရှာဖွေရာတွင် စာအုပ်စာပေများမှလည်း ထုတ်နုတ်ရယူကြရမည်ဖြစ်သည်။ ဘဝအတွက်စာဖတ်ရန် လိုအပ်သည့် စကားတစ်ခုရှိသည်။ ၎င်းမှာစာမတတ်သူသည် ထိုင်နေသည့် လူနှင့်တူကြောင်း၊ စာတတ်ပြီး စာမဖတ်သူမှာ ရပ်နေသည့်လူနှင့် တူကြောင်း၊ စာတတ်ပြီး စာလည်းဖတ်သည့်သူမှာမူ လမ်းလျှောက်နေသည့်သူနှင့် တူသည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန်အတွက် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက် ယဉ်ကျေးမှု ထွန်းကားအောင် ကြိုးပမ်းခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။    ။