အမေရိကန်နှင့် ဆွေးနွေးရမည့် အဓိက အကြောင်းအရာများတွင် မဟာဗျူဟာမြောက်လုံခြုံရေး ကိစ္စရပ်များပါဝင်ဟု ရုရှားပြော

 

အမေရိကန်နှင့် ဆွေးနွေးရမည့် အဓိက အကြောင်းအရာများတွင် မဟာဗျူဟာမြောက်လုံခြုံရေး ကိစ္စရပ်များပါဝင်ဟု ရုရှားပြော

 

    အမေရိကန်နှင့်  ရုရှားနိုင်ငံတို့ကြား ဆွေးနွေးရမည့် အဓိက အကြောင်းအရာများတွင် အာကာသအခြေပြု လက်နက်များအပါအဝင် မဟာဗျူဟာမြောက် လုံခြုံရေးကိစ္စရပ် များပါဝင်ကြောင်း ရုရှားနိုင်ငံ  ကရင်မလင်နန်းတော်မှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်က ဧပြီလ ၅ ရက်တွင်ပြောသည်။

ရုရှားနိုင်ငံ၏ နျူကလီးယားစွမ်းဆောင် ရည်များနှင့် စပ်လျဉ်း၍  အမေရိကန်က စိုးရိမ်လျက်ရှိပြီး  ရုရှားအစိုးရအနေဖြင့် အာကာသအခြေပြု လက်နက်များကို ထုတ် လုပ်ရန်ကြိုးပမ်းနေသည် ဟူသော ထောက်လှမ်းရေးသတင်း အသစ်များ ရရှိထားကြောင်း အမေရိကန်ကပြောကြားပြီး နှစ်လအကြာတွင် အာကာသအတွင်း၌ နျူကလီးယား လက်နက်များ ဖြန့်ကြက်ခြင်းကို တားမြစ်နိုင်ရေးအတွက် အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ လာမည့်ရက်သတ္တပတ် တွင် တင်ပြဆွေးနွေးရန် စီစဉ်နေစဉ် ရုရှားအစိုးရ၏ ပြောဆိုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ သို့သော် အမေရိကန်၏ အဆိုပါ ပြောဆိုချက်ကို ရုရှားကငြင်းဆိုထားသည်။

ရုရှားနှင့် အမေရိကန်တို့ကြား ဆက်ဆံ ရေးသည် ယူကရိန်းပဋိပက္ခ စတင်ဖြစ်ပွားသည့် ၂၀၂၂ ခုနှစ်မှစ၍ အဆိုးရွားဆုံး အဆင့်သို့ကျဆင်းခဲ့ကြောင်း ရုရှားအစိုးရက ပြောဆိုထားပြီး ထိုအချိန်မှစ၍ အမေရိကန်အစိုးရသည် ယူကရိန်းသို့ လက်နက်ခဲယမ်းများနှင့် လေ့ကျင့်သင်ကြားမှု အကူအညီများ ပေးအပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင်  ရုရှားအနေဖြင့် ယူကရိန်းအား နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက ထောက်ပံ့ပေးနေခြင်းနှင့် ရုရှားနယ်စပ်အနီးတွင် နေတိုးတပ်ဖွဲ့က အင်အားတိုးမြှင့်လာ ခြင်းတို့အပါအဝင် ရုရှားနိုင်ငံ၏ လုံခြုံရေးနှင့် ဆက်နွှယ်သည့် ကိစ္စရပ်များအား ရုရှားနှင့် အမေရိကန်တို့ကြား လက်နက်ထိန်းချုပ်ရေး အဖြစ်သာ ဆွေးနွေးမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားထားကြောင်း သိရသည်။