ဆေးဖက်ဝင်အပင်များနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ
သြဇာ
အင်္ဂလိပ်အမည် - Custard apple
မျိုးရင်း - Annonaceae (သြဇာမျိုးရင်း)
ရုက္ခဗေဒအမည်- Annonasquamosa Linn;
အဓိကဆေးဖက်ဝင်ပုံ
သန်ကောင်၊ တုတ်ကောင်ကျဆေး၊ အမူးအမော်ပျောက်ဆေး၊ ထိပ်ကပ်နာပျောက်ဆေး၊ အကြောငုပ် ခြင်း၊ တက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်း၊ အစာ အိမ်မကောင်းခြင်း၊ လေနာ၊ ဆီးချုပ်နာဝေဒနာများ အတွက် ဆေးဖက်ဝင်အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သည်။ မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသတွင် စိုက်ပျိုး ဖြစ်ထွန်းသည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အရွက်၊ အသီး၊ အစေ့၊ အမြစ်နှင့်အခေါက်အပင်ပုံသဏ္ဌာန်
အပင်သည် ရွက်ကြွေပင်ငယ်မျိုးဖြစ်၍ အမြင့် ၁၅ ပေမှ ပေ ၂၀ အထိရှိသည်။ အကိုင်းများဖြာထွက်ပြီး နီညိုရောင်ရှိသည်။ အခေါက်တွင် မီးခိုးရောင်အကွက်များရှိသည်။
အရွက်သည် ရွက်လွှဲထွက်သည်။ ဘဲဥပုံရှည်မျော မျောဖြစ်၍ ရွက်ရင်းသွယ်ပြီး ရွက်ထိပ်ချွန်သည်။ ရွက် နားညီသည်။ ရွက်ညှာတိုသည်။ အရွက်အပေါ်မျက်နှာပြင် အနည်းငယ်ကြမ်းသည်။ ရွက်ကြောထင်ရှားသည်။ အနံ့ရှိသည်။
အပွင့်သည် တစ်ပွင့်တည်း သို့မဟုတ် နှစ်ပွင့်မှ လေးပွင့်အထိပွင့်သည်။ သေးငယ်၍မွှေးပြီး စိမ်းဝါ ရောင်ရှိသည်။ တပေါင်းနှင့် တန်ခူးလတို့တွင်ပွင့်ကြသည်။
သြဇာသီးသည် အသီးအစိမ်းရင့်ရောင်ရှိ၍ တစ်လုံး ခြင်း သို့မဟုတ် စုပြုံ၍သီးသည်။ အစေ့များစွာပါသော အခွံပျော့သီးမျိုးဖြစ်သည်။ အသားထူသည်။ အေး သောအနံ့ရှိသည်။ နယုန်၊ ဝါဆိုလတို့တွင် စတင်သီးသည်။ အစေ့သည် ချိုသောအသားပျော့ဖြင့် ဖုံးအုပ် ထားသည်။ အနက်ရောင်ရှိ၍တောက်ပသည်။ အစေ့မှ အဆီထုတ်ယူနိုင်သည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ သြဇာသီးသည် အေးသည်။ သွေးအားကိုတိုးပွားစေသည်။ နှလုံးကို အကျိုးပြုသည်။ ပူလောင်ခြင်း၊ လေပူရောဂါနှင့် သွေး အန်၊ သွေးကျရောဂါများကို ပယ်ဖျောက်နိုင်သည်။
ဆေးဖက်ဝင်အသုံးပြုပုံ
- ကလေးများသန်ရှိလျှင်၊ တုတ်ကောင်ရှိလျှင် သြဇာရွက်ကိုကြိတ်၍ ထန်းလျက်နှင့်ရောကျွေးပါ။
- အမူးအမော်ရောဂါရှိလျှင် သြဇာရွက်ကိုခြေ၍ ရှူပေးပါ။
- လေနာခြင်း၊ ခံတွင်းမကောင်းခြင်း၊ ဝမ်းပျက်၊ ဝမ်းကိုက်ရောဂါရှိခြင်းများအတွက် သြဇာသီးကို စား သုံးပေးပါ။
- သြဇာစေ့ကို အခြောက်ခံ၍ အမှုန့်ပြုလုပ်ပြီး ပိုးတွယ်သောအနာများတွင် ဖြူးပေးပါက ပိုးများသေ စေနိုင်သည်။
- ဆီးချုပ်ရောဂါဖြစ်လျှင် သြဇာအမြစ်ကို သွေး သောက်ပါက ပျောက်ကင်းစေနိုင်သည်။
- လည်ပင်းကြီးရောဂါ၊ သိုင်းရွိုက်အကျိတ် စစ် ထွက်ရည်နည်းသောရောဂါရှိသူများသည် သြဇာသီးကို များများစားသုံးပေးခြင်းဖြင့် ရောဂါသက်သာစေနိုင် သည်။
- တိုင်းရင်းဆေး အားဆေးများဖော်စပ်ရာတွင် သြဇာပင်၏အခေါက်ကို တခြားအားဆေးအမယ်များ နှင့် တွဲဖက်ဖော်စပ်အသုံးပြုနိုင်သည်။
ဣဿရမူလီ
အင်္ဂလိပ်အမည် - Indian Birthwort
မျိုးရင်း - Aristolochiaceae (ဣဿရမူလီမျိုးရင်း)
ရုက္ခဗေဒအမည် - Aristolochia indica Linn;
အဓိကဆေးဖက်ဝင်ပုံ
အဆိပ်ပြေဆေး၊ အဆစ်ရောင်ကိုက်ခဲပျောက်ဆေး၊ ဝမ်းပျက်၊ ဝမ်းသွား၊ အစာမကြေလေရောဂါ၊ အဖျား တက်၍ ငန်းဖမ်းခြင်း၊ မီးယပ်သွေးထိန်ခြင်း၊ ကလေး သူငယ်များ သူငယ်နာဝမ်းပျက်ဖြစ်ခြင်း၊ ရေဖျဉ်းရောဂါ၊ အကြောသေရောဂါနှင့် အမျိုးသမီးများ သားဖွားလွယ်ဆေး၊ မီးယပ်အကွက်ပျောက်ဆေးများ ဖော်စပ်ရာတွင် အသုံးပြုသည်။
ပေါက်ရောက်သည့်ဒေသ
မြန်မာနိုင်ငံအနှံ့အပြားတွင် သဘာဝအလျောက် ပေါက်ရောက်သည်။ အထူးသဖြင့် မြေပြန့်ဒေသများ တွင် ပေါက်ရောက်သည်။
ဆေးဖက်ဝင်အစိတ်အပိုင်း
အမြစ်၊ အရွက်
အပင်ပုံသဏ္ဌာန်
အပင်သည် ပင်ပျော့နွယ်ပင်မျိုးဖြစ်သည်။ အခေါက် ကြမ်းပြီး ညိုမွဲသော အရောင်ပေါ်တွင် စိမ်းပြာရောင် အကွက်များရှိသည်။ အကိုင်းအခက်များ သေးသွယ်သည်။
ဣဿရမူလီပင်၏အရွက်သည် ရွက်လွှဲထွက်သည်။ သင်္ဘောသီးပုံသဏ္ဌာန်ရှိသည်။ ထိပ်ပိုင်းသည် ရွက်ရင်း ပိုင်းထက်ကျယ်သည်။ ရွက်ထိပ်ချွန်သည်။ ရွက်လယ် ကြောထင်ရှားသည်။ ရွက်နားချော၍ အနည်းငယ် လှိုင်းတွန့်ရှိသည်။
အပွင့်သည် ပုံသဏ္ဌာန်ဆန်းကြယ်သည်။ ပွင့်ညှာတံသည် အကိုင်းအဖျားရှိ အရွက်တို့၏ အရင်းနားမှ ကပ်၍ထွက်သည်။ အပွင့်သည် ရေတကောင်း ပုံသဏ္ဌာန်ဖြစ်ပြီး နှုတ်ခမ်းတစ်ဖက်ရှည်ကာ ခရမ်းညို ရောင်ရှိသည်။ အရင်းပိုင်းမှာ စိမ်းဖန့်ဖန့်အရောင်ရှိ သည်။ တန်ဆောင်မုန်း၊ နတ်တော်လတို့တွင်ပွင့်သည်။
အသီးသည် အစိမ်းရောင်ဖြစ်၍ ကျောက်ဖရုံသီး ငယ်ပုံရှိပြီး အမြှောင်းခြောက်မြှောင်းပါသည်။ တစ်မြှောင်းလျှင် အစေ့များစွာပါရှိ၍ အစေ့မှာ သုံးထောင့်ပုံဖြစ်ပြီး ပြား၍အတောင်ရှိသည်။ တပို့တွဲ လတွင် အသီးရင့်သည်။
ဆေးကျမ်းများအဆို
မြန်မာဆေးကျမ်းများအဆိုအရ ဣဿရမူလီသည် ခါးသည်။ ဖန်သည်။ အဆိပ်အမျိုးမျိုးကိုနိုင်သည်။ ချောင်းဆိုးရောဂါ၊ နှလုံးရောဂါ၊ ကလေးများအူတွင်း၌ ဖြစ်တတ်သောရောဂါ၊ အစာမကြေလေရောဂါနှင့် အဆစ်ကိုက်ခဲ ဖောရောင်ခြင်းတို့ကို သက်သာစေနိုင်သည်။ ဥတုသွေးကိုလည်းမှန်စေသည်။ သွေးလွန်နာ၊ သွေးဖောက်ပြန်သောအနာနှင့် မူးဝေသောဝေဒနာ တို့ကို သက်သာပျောက်ကင်းစေသည်။
ဆေးဖက်ဝင်အသုံးပြုပုံ
- ကင်း စသော အဆိပ်ရှိသည့် အကောင်ငယ်များ ကိုက်လျှင် ဣဿရမူလီအမြစ်ကို သွေးလိမ်းပါက အဆိပ်ကျစေနိုင်သည်။
- ကိုယ်လက်အဆစ်အမျက်များကိုက်ခဲလျှင် ဣဿရ မူလီအမြစ်အမှုန့်ကို ဆားလှော်၊ ဂျုံပြာတို့နှင့် ဆတူ ရောစပ်၍ ရေနွေးဖြင့်သောက်ပေးပါက ကိုက်ခဲခြင်း နှင့် အဆစ်ရောင်ခြင်းများ ပျောက်ကင်းစေနိုင်သည်။
- အစာမကြေလေရောဂါရှိပြီး ဝမ်းကြောများတင်း ရောင်လျှင် အမြစ်မှုန့်ကို ချင်းခြောက်မှုန့်နှင့်ရော၍ ဟင်းစားဇွန်းတစ်ဝက်ခန့် တစ်နေ့နှစ်ကြိမ်သောက် သုံးပေးပါ။
- သွေးဝမ်းသွားလျှင် ဣဿရမူလီအမြစ်မှုန့်ကို ထန်းလျက်၊ ဆားလှော်တို့နှင့် ရောကျိုပြီး သောက်သုံး ပေးပါက သွေးဝမ်းသွားခြင်းကိုသက်သာစေနိုင်သည်။
- ဖျား၍ ငန်းဖမ်းခြင်း၊ လျှာလေးခြင်းများဖြစ်ပါက အမြစ်ကိုသွေး၍ လျှာကိုပွတ်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်သည်။
- အမျိုးသမီးများ မီးယပ်ထိန်၊ ချုပ်ခြင်း၊ လကျော် ခြင်းများဖြစ်ပါက အမြစ်မှုန့်ကို ငရုတ်ကောင်းမှုန့်နှင့် ဆတူရောပြီး ဆားအနည်းငယ်ထည့်၍ ရေနွေးဖြင့် သောက်ပါ။ မီးယပ်သွေးမှန်လာစေနိုင်သည်။
- ကလေးများ သူငယ်နာဝမ်းပျက်ဖြစ်ခြင်း၊ ဝမ်း ပျက်၍ အဖျားဝင်လာခြင်းဖြစ်လျှင် အမြစ်ကိုသွေးပြီး အနည်းငယ်တိုက်ပေးခြင်းဖြင့် သက်သာစေနိုင်သည်။
- ကိုယ်ဝန်ဆောင်မိခင်များ သားဖွားလွယ်စေရန် ဣဿရမူလီအမြစ်ကိုသွေးပြီး သောက်ပေးခြင်း၊ ချက်တိုင်တွင်ပတ်၍ လိမ်းပေးခြင်းများပြုလုပ်ပါက ကလေးမွေးဖွားရလွယ်ကူစေသည်။ ကလေးမွေးပြီး နောက် မီးယပ်ကွက်များဖြစ်လျှင်လည်း အမြစ်ကို သွေးလိမ်းခြင်းဖြင့် ပျောက်ကင်းစေနိုင်သည်။
- ကလေးသူငယ်များ လည်ချောင်းအတွင်း၌ အပူဖု များပေါက်လျှင်၊ လည်ပင်းတွင် အပူကျိတ်များထွက် လျှင် ဣဿရမူလီပင် ပဉ္စငါးပါးကို အရည်ညှစ်၍ ကလေးအရွယ်နှင့်ချင့်ချိန်တိုက်ကျွေးပါက သက်သာ ပျောက်ကင်းစေနိုင်သည်။
- ရေဖျဉ်းရောဂါဖြစ်လျှင် ဣဿရမူလီအရွက်ကို အရည်ညှစ်ယူ၍ ဆားမီးဖုတ်အနည်းငယ်ဖြင့် ဟင်းစား ဇွန်း သုံးဇွန်းခန့် နံနက်၊ ညတိုက်ပေးပါက သက်သာ ပျောက်ကင်းစေနိုင်သည်။
- အကြောတက်ကိုက်ခဲခြင်း၊ တစ်ကိုယ်လုံးအေး စက်၍ သတိလစ်ခြင်းများဖြစ်ပါက ဣဿရမူလီ အရွက် သုံးရွက်ကို ငရုတ်ကောင်း ခုနစ်စေ့နှင့်ရောကာ ညက်အောင်ကြိတ်ပြီး တိုက်ကျွေးပေးလျှင် သွေးလေ အကြောများပွင့်၍ ပြန်လည်လှုပ်ရှားကျန်းမာလာ စေနိုင်သည်။
ကြည်လွင်မြင့်(မုဒြာ)