အစ္စရေး၏ ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် အီရန်က အမေရိကန်ကိုသတိပေး

 

အစ္စရေး၏ ထောင်ချောက်အတွင်း မသက်ဆင်းမိစေရန် အီရန်က အမေရိကန်ကိုသတိပေး

ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခြင်းအားဖြင့် အစ္စရေးက ၎င်းတို့၏ ထောင်ချောက်အတွင်းသို့ အမေရိကန်ကို ဆွဲခေါ်နေသောကြောင့် ထိုထောင်ချောက်အတွင်း မသက်ဆင်းမိစေရန်   အီရန်က အမေရိကန်ကို  သတိပေးထားကြောင်း သိရသည်။

အီရန်က အမေရိကန်သို့ပေးပို့သည့် စာလွှာကိုဖော်ပြကာ လူမှုကွန်ရက်တွင် တင်ထားသည့် အကြောင်းအရာတစ်ခုတွင် အီရန်သမ္မတ၏နိုင်ငံရေးဆိုင်ရာ ဒုတိယဦးစီးအရာရှိချုပ်    မိုဟာမတ်ဂျမ်ရှီဒီက ရေးထားခြင်း ဖြစ်သည်။

အစ္စရေးက ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကိုတိုက်ခိုက်ပြီးနောက် အီရန်အစိုးရဘက်က အဆိုပါစာကို အမေရိကန်ထံသို့ ပေးပို့ခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ အငြိမ်းစားတပ်မှူးကြီးနှစ်ဦးအပါအဝင် အီရန်နိုင်ငံသား ခုနစ်ဦးသေဆုံးသည်။

ထို့ပြင် အမေရိကန်အနေဖြင့် ယခုကိစ္စနှင့် ကင်းကင်းရှင်းရှင်း နေပါက  ထိခိုက်မှုရှိစေမည် မဟုတ်ကြောင်း   အီရန်အစိုးရ ကပေးသောစာတွင်    ရေးသားထားသည်။

အမေရိကန်က အီရန်အနေဖြင့် အမေရိကန်တို့၏   အဆောက်အအုံများကို ပစ်မှတ်မထားရန်   တောင်းဆို ကြောင်း ထုတ်ပြန်ပြီးနောက် အီရန်ဘက်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း   သိရသည်။                  

Ref: Xinhua