အစ္စရေးက ဂါဇာတွင် AIS နည်းပညာ အသုံးပြုဗုံးကြဲမှုအပေါ် ကုလသမဂ္ဂစိုးရိမ်

 

အစ္စရေးက ဂါဇာတွင် AIS နည်းပညာ အသုံးပြုဗုံးကြဲမှုအပေါ် ကုလသမဂ္ဂစိုးရိမ်

အစ္စရေးစစ်ဘက်က   ဂါဇာအပေါ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ရာတွင်  AI  နည်းပညာကို အသုံးပြုလာခြင်းနှင့် ပတ်သက်၍    အလွန်စိုးရိမ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်  အန်တိုနီယိုဂူတားရက်က ပြောသည်။

အစ္စရေးစစ်ဘက်အနေဖြင့်  သံသယရှိသော  ပါလက်စတိုင်းစစ်သွေးကြွများကို လုပ်ကြံနိုင်ရေးသတ်မှတ်ရန် AI နည်းပညာကို အသုံးပြုသည်ဟု    အစ္စရေးထောက်လှမ်းရေး    သတင်းအရင်းအမြစ်များကို ကိုးကား၍ မဂ္ဂဇင်းတစ်စောင်က    ယခုသီတင်းပတ်အစောပိုင်းတွင်   ဖော်ပြထားသည်။

ထိုကဲ့သို့ ပစ်မှတ်သတ်မှတ်မှုလုပ်ဆောင်ရာတွင်   လူထူထပ်သောနေရာများလည်း ပါဝင်သောကြောင့်   အရပ်သားထိခိုက် သေဆုံးမှု အလွန်များပြားရခြင်း ဖြစ်သည်ဟု ထိုမဂ္ဂဇင်းက ဆက်လက်ဖော်ပြထားသည်။

Lavender အမည်ရှိ AI စနစ်သည် ဂါဇာမြို့နေသူများ၏   ကိုယ်ရေးအချက်အလက်များကို  စစ်ဆေးခြင်း၊ ဟားမက်၊ ပါလက်စတိုင်းအစ္စလာမ်မစ်ဂျီဟတ်အဖွဲ့တို့နှင့် ဆက်စပ်ပတ်သက်နေသည့်  သံသယရှိသူများ စာရင်းကို ပြုစုခြင်းတို့  လုပ်ဆောင်သည်။

စက်တစ်လုံးကဆုံးဖြတ်ပေးသည့် မည်သူကအသက်ရှင်ကျန်ရမည်၊ မည်သူကသေဆုံးရမည်ဟူသည်နှင့် ပတ်သက်သော ဆုံးဖြတ်ချက်ကို လိုက်နာနေရခြင်းက စိုးရိမ်ရကြောင်း၊ AI ကို စစ်လက်နက်ပစ္စည်းတစ်ရပ်အဖြစ် အသုံးပြုမှုနှင့် သက်ဆိုင်သောအန္တရာယ်များကို   သတိပေးထားပြီးဖြစ်ကြောင်း၊ စစ်ပွဲအတွက်မဟုတ်ဘဲ ကမ္ဘာကြီးအကျိုးရှိစေမည့်အရာများအတွက်သာ  AI ကိုအသုံးပြုသင့်ကြောင်း အန်တိုနီယိုဂူတားရက်က ပြောသည်။

ဟားမက်တို့အနေဖြင့် အရပ်သားများကို ဒိုင်းကာတစ်ခုသဖွယ်အသုံးပြုပြီး စစ်ဆင်ရေးများကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စစ်ဘက်တပ်ဖွဲ့ဝင်များအနေဖြင့်   စစ်ရေးပစ်မှတ်များကိုသာ တိုက်ခိုက်ရန်  ညွှန်ကြားထားကြောင်း၊ သို့သော် လူဦးရေထူထပ်သည့်နေရာ ဖြစ်နေသောကြောင့်   အရပ်သားသေဆုံးမှုများ   ရှိလာရခြင်း ဖြစ်ကြောင်း အစ္စရေးစစ်ဘက်က    ထုတ်ပြန်ထားသည်။

Ref: RT