မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ” ရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသားခုနစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ “လင်းလက်ဝါ ရွှေပန်းထိမ်ဆိုင်အား လုယက်မှုကျူးလွန်ခဲ့သူ တရားခံ အမျိုးသားခုနစ်ဦးအား ဖော်ထုတ်ဖမ်းဆီးရမိ

 

နေပြည်တော်၊ ဧပြီ ၈

     ၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ “လင်းလက်ဝါ”ရွှေပန်းတိမ်ဆိုင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များပုံသဏ္ဍာန်အသွင်ယူဝတ်ဆင်ထားသည့် အမျိုးသားလေးဦးသည် အဖြူရောင်မော်တော် ယာဉ်တစ်စီးနှင့်အတူ ရောက်ရှိလာပြီး နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ် အပေါ် ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံသေတ္တာအား ဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန်(၂) ပိသာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၁)သောင်းကျော်ခန့်အား လုယက်ယူဆောင် သွားခဲ့သဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉၄/၁၁၄ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ခဲ့ပါသည်။

     ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက နေ့၊ ညမပြတ် သတင်းရယူစုံစမ်းထောက်လှမ်းခြင်း၊ ခေတ်မီနည်းပညာအကူအညီများ ရယူအသုံး ပြုခြင်း၊ တရားဥပဒေစိုးမိုးရေးနှင့် အေးချမ်းတည်ငြိမ်စွာ နေထိုင်လိုသော ပြည်သူများ၏ ပူးပေါင်း ပါဝင်မှုကြောင့် ပြစ်မှုကျူးလွန်သည့် တရားခံလေးဦးတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ အောင်သုခ ရပ်ကွက်နေ မြတ်သူအောင်(၂၄)နှစ်၊ (ဘ)ဦးအောင်ဌေးအား ဧပြီလ ၇ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်း၏နေအိမ်တွင် တွေ့ရှိဖမ်းဆီးရမိခဲ့ပါသည်။

    ဖမ်းဆီးရမိသူ တရားခံမြတ်သူအောင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ စိုးမိုးဦး(၂၄)နှစ်၊ (ဘ)ဦးမြင့်လင်း၊ ပန်းတိမ်လုပ်ငန်း လုပ်ကိုင်သူအား ဧပြီလ ၈ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ တစ်ရွာတည်းနေ ညီထူးအောင်(ခ)ညီညီ(၂၃)နှစ်၊ (ဘ)ဦးအောင်ကျော်၊ ကျဘမ်းလုပ်ကိုင်သူအား နံနက် ၂ နာရီတွင် လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ်၊ ကံကွဲကျေးရွာနေ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့(၂၅)နှစ်၊ (ဘ)ဦးအောင်ငွေ၊ ပန်းတိမ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၂ နာရီ ၁၅ မိနစ်တွင်လည်းကောင်း ၎င်းတို့၏နေအိမ်အသီးသီးတွင် ဖမ်းဆီးရမိခဲ့ပါသည်။

   ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ “လင်းလက်ဝါ” ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓါးပြတိုက်ရန် သတင်းပေးခဲ့သူ အောင်မြေသာစံမြို့နယ်၊ ဌာနေအရှေ့ရပ်ကွက်၊ အကွက်(၂၁)၊ ဘုရားငါးဆူဝန်းနေ ကိုကိုနိုင်(ခ)ကိုနိုင်(၄၂)နှစ်၊ (ဘ)ဦးအောင်ခင်၊ ရွှေပန်းတိမ် လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၉ နာရီ ၁၅ မိနစ်တွင်လည်းကောင်း၊ လုယက်၊ ဓါးပြတိုက်ရာမှ ရရှိလာသည့် ရွှေထည်ပစ္စည်းများအား ကော်ခွာခြင်း၊  ရွှေအရည်ကျိုခြင်းများ ကူညီလုပ်ကိုင်ပေးသူ ပုသိမ်ကြီးမြို့နယ်၊ နတ်စိမ်းကျေးရွာနေ မင်းမင်းစိုး(ခ)တုတ်ကြီး(၂၃)နှစ်၊ (ဘ)ဦးကြည်သန်း၊ လက်သမားလုပ်ကိုင်သူအား နံနက် ၉ နာရီ ၄၀ မိနစ်တွင်လည်းကောင်း၊ ရွှေပန်းတိမ်ဆိုင်အား လုယက်၊ ဓါးပြတိုက်ရန်အတွက် ကိုကိုနိုင်(ခ)ကိုနိုင်အား မြတ်သူအောင်နှင့် ချိတ်ဆက်တွေ့ဆုံ ပေးပြီး လုယက်၊ ဓားပြတိုက်ရာတွင် အသုံးပြုခဲ့သည့် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် သေနတ်ဝယ်ယူ ပေးသူ၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်နေ ထက်လှိုင်(ခ)ကိုလှိုင်ကြီး၊ ကားအရောင်း အဝယ်လုပ်ငန်းလုပ်ကိုင်သူအား နံနက် ၁၀ နာရီခွဲတွင်လည်းကောင်း ၎င်းတို့၏ နေအိမ်အသီးသီး၌ ထပ်မံဖော်ထုတ်ဖမ်းဆီးရမိခဲ့ပါသည်။

    ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသည့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၏ နေ့၊ ညမပြတ် ကြိုးပမ်းဆောင်ရွက်မှုတို့ကြောင့် အမှုမှ တရားခံ မြတ်သူအောင်၊ စိုးမိုးဦး၊ ညီထူးအောင်(ခ)ညီညီ၊ မျိုးကို(ခ)မျိုးကိုကို(ခ)အားကွေ့၊ မင်းမင်းစိုး(ခ)တုတ်ကြီး၊ ကိုကိုနိုင်(ခ)ကိုနိုင်နှင့် ထက်လှိုင်(ခ)ကိုလှိုင်ကြီးတို့(၇)ဦးအား ပြစ်မှု ဖြစ်ပွားပြီး (၁၂)ရက်အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ထံမှ ပါဆုံးသက်သေခံရွှေထည် ပစ္စည်းများနှင့် ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Mark II 99 အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ ပစ္စတိုသေနတ်တစ်လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။