ဖိလစ်ပိုင်၌ အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ်အထိရှိလာနိုင်သည့်အတွက် အလွန်အန္တရာယ်ရှိမှု သတိပေးချက်ထုတ်ပြန်

 

ဖိလစ်ပိုင်၌ အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ်အထိရှိလာနိုင်သည့်အတွက် အလွန်အန္တရာယ်ရှိမှု သတိပေးချက်ထုတ်ပြန်

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းရှိ အနည်းဆုံးဒေသကိုးခု၌ အပူချိန် ၅၁ ဒီဂရီစင်တီဂရိတ် အထိရှိလာနိုင်သည့်အတွက် မိုးလေဝသ ဌာနက အလွန်အန္တရာယ်ရှိမှု သတိပေးချက်ကို ဧပြီလ ၈ ရက်တွင် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

အဆိုပါဒေသကိုးခုတွင်အပူချိန်သည် ၄၂ ဒီဂရီစင်တီဂရိတ်မှ ၅၁ ဒီဂရီစင်တီဂရိတ် အထိရှိနိုင်သောကြောင့် ထိုဒေသများကို အလွန်အန္တရာယ်ရှိသည့် ဒေသများအဖြစ် သတ်မှတ်ကြောင်း  မိုးလေဝသဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံ၏ကျန်ရှိသော ဒေသများတွင် အပူချိန်မှာ ၃၃ ဒီဂရီစင်တီဂရိတ်မှ ၄၁ ဒီဂရီစင်တီဂရိတ်အထိ ရှိနိုင်သောကြောင့် အလွန်သတိထားရမည့် အခြေအနေဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

နေရာတစ်ခု၏အပူချိန်ကို ဖော်ညွှန်းရာတွင် ထိုဒေသ၌ မည်မျှအပူချိန်အထိခံစား ရနိုင်သည်ကို တိုင်းတာခြင်းဖြစ်ပြီး ထိုသို့တိုင်းတာမှုတွင် လေထုစိုထိုင်းဆကိုလည်း ထည့်သွင်းတွက်ချက်ရသည်။

အလွန်အန္တရာယ်ရှိသော ဒေသအဖြစ် သတ်မှတ်ခံရသောနေရာများတွင် နေထိုင်သူများအနေဖြင့် အပူကြောင့်ဖြစ်သည့် ဝေဒနာများ ခံစားရနိုင်သည်။ အထူးသဖြင့် အပူလျှပ်ခြင်း ဖြစ်သည်။

ထိုသို့သောအခြေအနေများတွင် မလိုလားအပ်သော နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေးအတွက် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့သွားလာမှုကို ရှောင်ကြဉ်ရန်နှင့် ရေကိုများများသောက်ပေးရန် လိုအပ်ကြောင်း မိုးလေဝသဌာနက သတိပေးထားသည်။

အလားတူ ကလေးငယ်များအနေဖြင့် အပူကြောင့် ဘေးဒုက္ခမဖြစ်စေရန်ရည်ရွယ်၍ အစိုးရတာဝန်ရှိသူများက စာသင်ကျောင်း များကို အွန်လိုင်းစနစ်ဖြင့်  သင်ကြားရန်  ညွှန်ကြားထားကြောင်း သိရသည်။

Ref: Xinhua