မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

 

မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော်ရေး အတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဧပြီ   ၉

    မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင် (အီးအီးစီ) တို့အကြား ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်တွင်  လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပသည်။

ဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ မစ္စတာ ကလာဘူကော့ဗ် ပါဗယ်လ်တို့က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားကြသည်။

ထို့နောက်   ဥရောပအာရှ စီးပွားရေး ကော်မရှင်  မေခရိုစီးပွားရေးနှင့် ပေါင်းစည်းရေး ဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ် က  ဥရောပအာရှစီးပွားရေး ကော်မရှင်၏ ပေါင်းစည်းရေးလုပ်ငန်း ဆောင်ရွက်ချက်များနှင့် နည်းပညာ၊ စီးပွားရေး၊   အဖွဲ့အစည်းဆိုင်ရာနှင့် ဘဏ္ဍာရေးဆိုင်ရာ ရှုထောင့်များမှ မဟာဥရောပအာရှ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဥရောပအာရှ စီးပွားရေးသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ  စီးပွားရေးလုပ်ငန်းရှင်များက မိမိတို့၏ ကုမ္ပဏီများ အကြောင်းကို မိတ်ဆက်ရှင်းလင်း ပြောကြားသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံနှင့် ဥရောပ အာရှစီးပွားရေး ကော်မရှင်တို့အကြား လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်း အဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို ကျင်းပသည်။ အစည်းအဝေးသို့ ဥရောပအာရှ စီးပွားရေး ကော်မရှင်ဘုတ်အဖွဲ့ဝင်  အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေးဂလေးဇီးယပ်နှင့် ကိုယ်စားလှယ်အဖွဲ့က လူကိုယ်တိုင်တက်ရောက်ခဲ့ပြီး ဥရောပအာရှ စီးပွားရေးကော်မရှင်၊ စိုက်ပျိုးရေးဆိုင်ရာ မူဝါဒဌာန၊ စက်မှုရေးရာမူဝါဒဌာန၊ ပို့ဆောင်ရေးနှင့် အခြေခံအဆောက်အအုံဌာန၊   စွမ်းအင် ကုန်သွယ်ရေး ဖွံ့ဖြိုးမှုဌာန၊ စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးမှုဌာန၊ သတင်းအချက်အလက် နည်းပညာဌာနနှင့်   စီးပွားရေးကောင်စီတို့မှ ကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တက်ရောက်သည်။

ပူးတွဲလုပ်ငန်းအဖွဲ့၏ ပူးတွဲဥက္ကဋ္ဌများ ဖြစ်သည့် ပြည်ထောင်စုဝန်ကြီး  ဒေါက်တာကံဇော်နှင့် မစ္စတာဆာဂေးဂလေးဇီးယပ် တို့က အဖွင့်အမှာစကား ပြောကြားကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေး ကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများ  ပိုမိုထိရောက်မှု ရှိစေရန်နှင့် နှစ်ဖက်အကျိုးဖြစ်ထွန်းစေမည့် စီးပွားရေး ပူးပေါင်းမှုများကို  ဖော်ထုတ် သတ်မှတ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ဥရောပအာရှ စီးပွားရေးကော်မရှင်တို့ အကြား ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို ၂၀၂၃ ခုနှစ်  ဇွန်လအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ  စိန့်ပီတာစဘတ်မြို့တွင်  ကျင်းပခဲ့သည့် ၂၆ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း။

ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းမှု  အခက်အခဲများကို ပေါင်းစည်းညီညွတ်မှုနှင့် ဆက်သွယ်ချိတ်ဆက်မှုတို့ဖြင့်    ရင်ဆိုင်ကျော်လွှား၍ စီးပွားရေး တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ဥရောပအာရှ စီးပွားရေးသမဂ္ဂ  (အီးအေအီးယူ) အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား    တိုက်ရိုက်လေကြောင်းလိုင်း  ပြေးဆွဲနေပြီဖြစ်သည့်အတွက် ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်အဖွဲ့ဝင်နိုင်ငံများနှင့်လည်း   ယခုကဲ့သို့ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း။

 အစည်းအဝေးတွင် ကဏ္ဍအလိုက် အပြန်အလှန် ဆွေးနွေးမှုများသည် အီးအေအီးယူ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား အစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ရုံသာမက စီးပွားရေး အဆက်အသွယ်ကောင်းများ ထူထောင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများလည်း တိုးတက်ရရှိလာမည်ဟု ယုံကြည်ကြောင်း၊ အစိုးရအနေဖြင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို   အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ စီးပွားရေး  ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် စိုက်ပျိုးရေး၊ ဘိလပ်မြေနှင့် ဓာတ်မြေသြဇာ ထုတ်လုပ်ရေး၊ သံနှင့် သံမဏိ၊ တန်ဖိုးမြင့်စားသောက်ကုန်များ၊ လျှပ်စစ်ကားနှင့် အခြား ထုတ်လုပ်မှုများကို အဓိက ဦးစားပေး နယ်ပယ်များအဖြစ်သတ်မှတ်၍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေရန်  ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အစည်းအဝေးသည် မြန်မာနိုင်ငံနှင့် အီးအေအီးယူ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး    ပိုမိုအားကောင်းလာစေရန် အထောက်အကူဖြစ်စေနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မစ္စတာဆာဂေးဂလေးဇီးယပ်က ဥရောပအာရှစီးပွားရေး ကော်မရှင်နှင့် မြန်မာနိုင်ငံတို့အကြား  ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး  တစ်နှစ်ကျော်အတွင်း အပြုသဘောဆောင်သော အပြန်အလှန် ဆက်ဆံရေးများ ရရှိခဲ့ကြောင်း၊ ယနေ့ ကျင်းပသည့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးသည် ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတွင်ပါရှိသော ဦးစားပေးကဏ္ဍများကို အကောင်အထည်ဖော်     ဆောင်ရွက်ရန် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း၊ ဥရောပအာရှ စီးပွားရေး သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွင် အပြုသဘောဆောင်သည့် လမ်းကြောင်းများ   ပေါ်ထွက်လာသည့်အတွက် ဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံ မှအစိုးရ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေး ကျွမ်းကျင်သူများနှင့် လုပ်ငန်းရှင်များကို အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အတွက် ဖိတ်ခေါ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသည့်  ဥရောပအာရှ စီးပွားရေး ကော်မရှင်နှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကဏ္ဍအလိုက် ဆွေးနွေးကြသည်။ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့် အီးအီးစီမှ ကိုယ်စားလှယ်နှစ်ဦးတို့က စက်မှုနှင့် စိုက်ပျိုးရေးဆိုင်ရာ စက်မှုကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အီးအီးစီတို့မှ ကိုယ်စားလှယ်တစ်ဦးစီတို့က ဘဏ္ဍာရေးနှင့် ငွေပေးချေမှု ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အီးအီးစီတို့မှ ကိုယ်စားလှယ် တစ်ဦးစီတို့က ပို့ဆောင်ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့် အီးအီးစီမှ ကိုယ်စားလှယ်တစ်ဦးတို့က စွမ်းအင်ကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံနှင့် အီးအီးစီတို့မှ ကိုယ်စားလှယ်တစ်ဦးစီတို့က ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်နှစ်ဦးနှင့် အီးအီးစီမှ ကိုယ်စားလှယ်တစ်ဦးတို့က  ဒစ်ဂျစ်တယ်အသွင် ကူးပြောင်းရေးပူးပေါင်း ဆောင်ရွက်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်တစ်ဦးနှင့်    အီးအီးစီမှ ကိုယ်စားလှယ်နှစ်ဦးတို့က ပုဂ္ဂလိကစီးပွားရေး လုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ခေါင်းစဉ်ဖြင့် လည်းကောင်း အပြန်အလှန် ဆွေးနွေးကြသည်။

ထို့နောက် ပူးတွဲဥက္ကဋ္ဌများက ပထမအကြိမ် အစည်းအဝေး၏  ပူးတွဲထုတ်ပြန်ချက်နှင့် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေး ကျင်းပမည့် နေ့ရက်နှင့် နေရာတို့ကို အတည်ပြုသည်။

အဆိုပါ အစည်းအဝေးသို့ ကဏ္ဍအလိုက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်  အဖွဲ့အစည်းများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊   မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံနှင့်  ကိုယ်စားလှယ်များ၊ ဥရောပ အာရှစီးပွားရေး ကော်မရှင်မှ ကိုယ်စားလှယ်များနှင့်  ဥရောပအာရှ စီးပွားရေးသမဂ္ဂမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် တက်ရောက်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ဥရောပအာရှ   စီးပွားရေး ကော်မရှင်ဘုတ် အဖွဲ့ဝင်၊   အကြီးစားစီးပွားရေးနှင့် ပေါင်းစည်းရေးဝန်ကြီး မစ္စတာဆာဂေး ဂလေးဇီးယပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ညက MGallery Hotel  ၌ ကြိုဆိုတည်ခင်း ဧည့်ခံသည့် ညစာစားပွဲသို့ ဘာသာရပ်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။