လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးကို သင်္ကြန်ပွဲတော် ကာလအတွင်း ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ် ရောင်းချမည်

 

လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးကို သင်္ကြန်ပွဲတော် ကာလအတွင်း ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ် ရောင်းချမည်

 

ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်ရှိ သီရိမင်္ဂလာဈေးကို သင်္ကြန်ပွဲတော်ကာလ အတွင်း ပိတ်ရက်မရှိ နေ့စဉ်ဖွင့်လှစ် ရောင်းချမည်ဖြစ်ကြောင်း သီရိမင်္ဂလာဈေးမှ  ဈေး တာဝန်ခံ ဦးအောင်လင်းဦး၏ ပြောဆိုချက် အရ သိရသည်။

သီရိမင်္ဂလာဈေးသည်  ကုန်စိမ်းလက် ကားဈေးဖြစ်သည့်အတွက်  မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ထွက်ရှိသော သစ်သီး ဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စသည့် ကုန်စိမ်းများ ဝင်ရောက်ကာ  အဆိုပါဈေးမှတစ်ဆင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများ၊ ဧရာဝတီတိုင်းဒေသကြီး၊  ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်  စသည့် တိုင်းဒေသကြီးနှင့်    ပြည်နယ်များသို့ ပြန်လည်ဖြန့်ဖြူး    ရောင်းချပေးလျက်ရှိသည်။

“သီရိမင်္ဂလာဈေးကို    သင်္ကြန်ပွဲတော် ကာလဖြစ်တဲ့ ဧပြီလ ၁၃ ရက် (သင်္ကြန် အကြိုနေ့)ကနေ ဧပြီလ ၁၇ ရက်(မြန်မာ နှစ်ဆန်းတစ်ရက်နေ့)အထိ ပိတ်ရက်မရှိဘဲ နေ့စဉ် နံနက် ၄ နာရီကနေ  ည ၇ နာရီ အထိ ဖွင့်လှစ်ရောင်းချပေးမှာဖြစ်ပါ တယ်။လက်ရှိမှာ ပူပြင်းတဲ့နွေရာသီကို ရောက်ရှိ လာတာကြောင့် သီရိမင်္ဂလာဈေးအတွင်း မှာ   မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက်  ဈေးသူ၊  ဈေးသားတွေကို အသိပညာပေး  လှည့်လည်နှိုးဆော်နေပါတယ်။ ဈေးနေရာအနှံ့အပြားမှာ တပ်ဆင်ထားတဲ့  CCTV  ကင်မရာတွေကလည်း ဂရုတစိုက်စောင့်ကြည့်ပြီး ကြပ်မတ်ဆောင် ရွက်နေပါတယ်။  မီးဘေးကာကွယ်ရေး ပစ္စည်းတွေ၊  ရေလှောင်ကန်တွေကိုလည်း  လိုအပ်လာရင်      အသုံးပြုနိုင်အောင် အသင့်ပြင်ဆင် ဆောင်ရွက်ထားပါတယ်” ဟု ဦးအောင်လင်းဦး ကပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဈေးများနှင့် ကုန်စည်ပွဲရုံများ ဌာနမှ  သီရိမင်္ဂလာဈေးကို  လှိုင်မြို့နယ် အမှတ်(၄) ရပ်ကွက်၌ ၂၀၁၀ ပြည့်နှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိတွင် မှတ်ပုံတင် ဆိုင်ခန်းပေါင်း ၂၀၉၈ ခန်းနှင့် ပျံကျဆိုင် ခန်းပေါင်း ၂၄၀၀ ကျော် စုစုပေါင်း ဆိုင်ခန်း ၄၄၀၀  ကျော်  ဖွင့်လှစ်ရောင်းချလျက်ရှိ ကြောင်း၊ ယခုအခါ  သီရိမင်္ဂလာဈေးသို့ အနယ်နယ်အရပ်ရပ်မှ   စိုက်ပျိုးထွက်ရှိ သော ဖရဲ၊ သခွားမွှေး၊  သင်္ဘောနှင့်နာနတ်   စသည့်    ရာသီပေါ်သီးနှံများ    လှိုင်လှိုင် ဝင်ရောက်ကာ   အရောင်းအဝယ်သွက် လျက်ရှိကြောင်း သိရသည်။

သီရိမင်္ဂလာဈေး၌ ရောင်းဝယ်ဖောက်ကားသော အချိန်မှာ နံနက် ၄ နာရီမှ ည ၇  နာရီအထိဖြစ်သော်လည်း   ထိုအချိန်ထက်   နောက်ကျ၍  ကုန်တင်ကားများ ရောက်ရှိလာလျှင် ရောင်းဝယ်ရေး အဆင်ပြေစေရန် ညဘက်တွင် ကုန်များပြင်ဆင် ဆောင်ရွက်ခြင်းကိုလည်း  ခွင့်ပြုပေးထားကြောင်း သိရသည်။