ဧပြီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကိုးဆင့်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၆၉ နေရာတွင်ရပ်တည်

 

ဧပြီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ကိုးဆင့်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၆၉ နေရာတွင်ရပ်တည်

 

ရန်ကုန်  ဧပြီ  ၉

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က  ဧပြီလအတွက် လက်ရွေးစင်ဖူဆယ် အသင်းများ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်   ကိုးဆင့်ထိ မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့် ၆၉ နေရာတွင် ရပ်တည်လျက် ရှိနေကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ပြီး ထိုင်းနိုင်ငံက  အိမ်ရှင်အဖြစ်  လက်ခံကျင်းပမည့် AFC Futsal Asian Cup 2024 ပြိုင်ပွဲအတွက်   ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး မတ်လနှင့် ယခုလတို့တွင် နိုင်ငံတကာခြေစမ်းပွဲစဉ်များ ကစားခဲ့ရာ  ရလဒ်ကောင်းများ ရရှိခဲ့သည့်အတွက်    ကမ္ဘာ့အဆင့် သတ်မှတ်ချက် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ပြီးခဲ့သည့်မတ်လက အာဖဂန်နစ္စတန် အသင်းနှင့်  ရန်ကုန်မြို့၌  ခြေစမ်းပွဲစဉ် နှစ်ပွဲကစားခဲ့ပြီး  ပထမပွဲစဉ်တွင် ၆ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဒုတိယပွဲစဉ်တွင်  ၄ ဂိုး  ၂ ဂိုးဖြင့် ပြန်လည်အနိုင်ရရှိခဲ့ကာ ယခုလတွင်လည်း ထိုင်းနိုင်ငံ၌ ကူဝိတ်အသင်းနှင့် ပွဲစဉ်တွင်လည်း  ၄ ဂိုး ၂ ဂိုးဖြင့်  ထပ်မံအနိုင် ရရှိခဲ့ပြီးနောက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် ရမှတ် ၈၈၂  မှတ်ထိရရှိခဲ့ပြီး   ကမ္ဘာ့အဆင့် သတ်မှတ်ချက်   ကိုးဆင့်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဧပြီလအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ အာရှဇုန်တွင်  အီရန်အသင်းက   အာရှအဆင့်(၁)နေရာတွင်   ဆက်လက်ရပ်တည်လျက် ရှိနေပြီး  မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် အာရှဇုန်တွင် အဆင့် (၁၅) နေရာတွင် ရပ်တည်လျက်ရှိနေသည်။

မြန်မာ့လက်ရွေးစင်ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024  ပြိုင်ပွဲအုပ်စုပွဲစဉ်များအဖြစ် ဧပြီလ ၁၇ ရက်တွင် ဗီယက်နမ် အသင်းနှင့်လည်းကောင်း၊ ဧပြီလ ၁၉ ရက်တွင် အိမ်ရှင် ထိုင်းအသင်းနှင့် လည်းကောင်း၊ ဧပြီလ၂၁ ရက်တွင်  တရုတ်အသင်းနှင့် လည်းကောင်း အုပ်စုပွဲစဉ်များ   ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။