KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

 

KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် နည်းပညာ တက္ကသိုလ်နှင့် ကွန်ပျူတာ တက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ

 

နေပြည်တော်  ဧပြီ   ၉

    သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာနရှိ နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် သင်ရိုးညွှန်းတမ်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၉ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ အဆင့်မြင့်သိပ္ပံနှင့်  နည်းပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊   ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။

အစည်းအဝေးတွင်  နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးက Student Information Management System  ဆိုင်ရာကိစ္စရပ်များ၊ နည်းပညာ တက္ကသိုလ်များနှင့်  ကွန်ပျူတာ တက္ကသိုလ်များမှ အထူးပြုဘာသာရပ်များအလိုက် အုပ်စုဖွဲ့ဆွေးနွေး ထားရှိမှုများကို ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေမည့် နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ သင်ရိုးညွှန်းတမ်းဆိုင်ရာ ဆွေးနွေးမှုများ၊  ညှိနှိုင်းဆောင်ရွက်မှုများဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြုချက်များအပေါ် ပြန်လည်ဆွေးနွေးပြီး သင်ရိုးညွှန်းတမ်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် Credit  စနစ်များ၊ အရည်အသွေး အာမခံမှုစနစ်များနှင့်အညီ ရေးဆွဲရန် လိုအပ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အမှန်တကယ် ကျွမ်းကျင်တတ်မြောက်မှုကို အဓိကထား ရေးဆွဲစေလိုပါကြောင်း၊  အတတ်ပညာနှင့် အသိပညာ တိုးတက်ရေးအတွက်သာမက စိတ်ဓာတ်ကြံ့ခိုင်ဖွံ့ဖြိုး တိုးတက်လာရန် လေ့ကျင့်သင်ကြား ပေးရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက အကြံပြုဆွေးနွေးတင်ပြ၍ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများက KG+12 စနစ်သစ်နှင့် လိုက်လျောညီထွေ ဖြစ်သော သင်ရိုးညွှန်းတမ်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့်   လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ်တင်ပြ ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီးက  ပြန်လည်ရှင်းလင်း မှာကြားခဲ့ကြောင်း သိရသည်။