အဆီကျပိန်လိုသူများအတွက် စားသုံးသင့်သော အစားအစာများ
စာရေးသူ၏ မိတ်ဆွေတစ်ဦးသည် အသက် ၅၀ ကျော်သောအခါ အတန်အသင့်ဝလာသဖြင့် ဆေးစစ်ကြည့်ရာ အဆီဓာတ်(Cholesterol) တက်နေကြောင်း သိရသဖြင့် အဆီကိုလျှော့စားသည်။ သို့သော် အဆီကမကျ။ ထို့နောက် သူသည် ကျန်းမာရေး ဆေးပညာဂျာနယ်များကို ဝယ်ယူဖတ်ရှုခဲ့သည်။
ဂျာနယ်တစ်စောင်တွင် ထူးထူးခြားခြား အဆီကျစေသော အစားအစာ ၁၀ မျိုးကို ဖော်ပြထားသည်။ ထိုအစားအစာ ၁၀ မျိုးမှာ တူနာငါး၊ ဂေါ်ဖီထုပ်၊ မုန်လာဥနီ၊ ပန်းသီး၊ ဆန်းကစ်သီး၊ ဂျုံကြမ်း၊ တရုတ်နံနံ၊ ပဲတောင့်ရှည်၊ ပန်းဂေါ်ဖီစိမ်းနှင့် Green Tea တို့ဖြစ်သည်။
အထက်ပါ အစားအစာများမှာ အဆီကျစေရန် တစ်နည်းအားဖြင့် ကိုလက်စထရော မတက်စေရန် စားသင့်သည့် အစားအစာများ ဖြစ်သော်လည်း အနောက်တိုင်း အစားအစာနှင့် တရုတ်အစားအစာများ ရောနှောဖော်ပြထားသည်ကို တွေ့ရသည်။
မြန်မာအစားအစာနှင့် နီးစပ်သော အစားအစာများမှာ ငါးကြင်းဖြူ၊ ငါးခူ၊ ငါးမျက်ဆန်နီ၊ ဆန်ကြမ်း (ငစိန်၊ ရွှေဝါထွန်း)၊ ကျွဲကောသီး၊ ရှောက်သီး၊ ဖီးကြမ်း ငှက်ပျောသီး၊ ပဲရာဇာ(ပဲနီလေး)၊ ဂေါ်ဖီထုပ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကန်စွန်းရွက်၊ မှိုနားတို၊ လယ်ပတူ၊ ကညွတ်၊ ပုစွန်စာရွက်၊ မြင်းခွာရွက် စသည့် အသီးအရွက်များ၊ ထမင်းရည်၊ ရေနွေးကြမ်း စသည့် ဓာတ်စာများမှာ မြန်မာလူမျိုးများနှင့် ပို၍အဆင်ပြေမည်ဟု ထင်မြင်မိပါသည်။
အဆိုပါ အသီးအရွက်များမှာ ဈေးများတွင် အလွယ်တကူ ဝယ်ယူနိုင်သည့် အစားအစာများဖြစ်သည်။
အထက်ပါဓာတ်စာများတွင် ပါဝင်သော ငါးကြင်းဖြူ၊ ငါးမျက်ဆန်နီ၊ ငါးခူ စသည်တို့မှာ အဆီမတက်စေသည့်အပြင် ကောင်းသောအဆီကို တိုးစေသည့် ငါးအမျိုးအစားများ ဖြစ်သည်။
ဆန်ကြမ်းမှာ မြန်မာတောသူတောင်သားများ အကြိုက်ဖြစ်သည်။ အားဖြစ်စေသည်။ အစာကြေလွယ်သည်။အဆီချလိုသူများ အနေဖြင့် ဧည့်မထ၊ ပေါ်ဆန်းမွှေး၊ တောင်ပျံ စသည့်ဆန်များကို ရှောင်သင့်သည်။
ရှောက်သီး၊ ကျွဲကောသီးတို့မှာ အဆီပိုကျစေသော သီးနှံများဖြစ်သည့်အပြင် ဆန်းကစ်သီးလောက် ဈေးကြီးပေးဝယ်ရန် မလိုပေ။ ဖီးကြမ်းငှက်ပျောသီးမှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်သည့်အပြင် အာဟာရဓာတ်လည်း ပြည့်ဝသည်။
ပဲရာဇာ (ပဲနီလေး)မှာ အဆီကျစေသော ပဲမျိုးဖြစ်သည်။ နေ့စဉ်စားနိုင်လေ ကောင်းလေဖြစ်သည်။ ပဲရာဇာသည် ပေါ့ပါးသော ဂုဏ်သတ္တိရှိသည်။ ဟင်းချိုချက်လျှင်လည်း အလွန်နူးလွယ်၊ ကျက်လွယ်သည်။ အလျင်အမြန် ချက်စားနိုင်သော ပဲမျိုးဖြစ်သည်။
ဂေါ်ဖီထုပ်မှာ အဆီချလိုသူများအတွက် အသုံးဝင်သော ဓာတ်စာဖြစ်သည့်အပြင် အသားအရေကိုလည်း လှပစေသည်။ အနောက်တိုင်းဆေးပညာအရ ဂေါ်ဖီထုပ်သည် အင်တီအောက်စီးဒင့် ခေါ် ဓာတ်တိုးဆန့်ကျင်သော အစားအစာဖြစ်ပြီး လေဖြတ်ခြင်းကို ကာကွယ်နိုင်သည်ဟုဆိုသည်။
ကြက်သွန်နီနှင့် ကြက်သွန်ဖြူသည် မြန်မာလူမျိုးတို့၏ နေ့စဉ်မပါမဖြစ်သော မီးဖိုချောင်သုံး ပစ္စည်းဖြစ်သည်။ သို့သော် ကြော်လှော်စားကြသည်က များသဖြင့် ပိန်စေသော အာနိသင် မရခြင်းဖြစ်သည်။
အဆီပို ကိုလက်စထရော ကျစေလိုသော ရည်ရွယ်ချက်ဖြင့် စားသုံးမည်ဆိုလျှင် ခပ်ပါးပါးလှီးပြီး လေသလပ်ခံထားကာ အချဉ်အနည်းငယ် ညှစ်ပြီး စားသုံးပေးပါက အဆီကျနိုင်သည်ဟု သုတေသနပြုသူများက ဆိုထားသည်။
ဈေးများတွင် ရောင်းချသော ဟင်းရွက်မျိုးစုံကို နေ့စဉ်မှန်မှန် စားသုံးပေးသင့်သည်။ နေ့စဉ်အသီးအရွက်စားခြင်းဖြင့် ဗီတာမင်ဓာတ်များ ရရှိနိုင်သည်။ အဆီကျပြီး အသားကျစ်စေသည်ဟု ဆိုသည်။
ရှေးကမြန်မာတို့သည် ဆန်ကို ငှဲ့ချက်သည့် အလေ့အထရှိကြသည်။ ငှဲ့ချက်ပြီး ထမင်းရည်ကို သောက်သုံးလေ့ရှိကြသည်။
ယခုခေတ်တွင် ထမင်းပေါင်းအိုးများဖြင့် အလွယ်တကူ ချက်ပြုတ်ကြသဖြင့် ထမင်းရည်မရနိုင်တော့ပေ။ အကယ်၍ ထမင်းပေါင်းအိုးမှ ဦးရည်ကို ရယူလိုလျှင် ရေအနည်းငယ်ပိုထည့်ပြီး ပေါင်းအိုးတွင် ပွက်ပွက်ဆူသောအခါ လက်ဖက်ရည် ပန်းကန်နှစ်လုံးစာမျှ ဇွန်းဖြင့်ခပ်ယူ၍ ထမင်းပေါင်းဦးရည်ကို ဆားအနည်းငယ်ခတ်ပြီး နေ့စဉ်သောက်သုံးပေးလျှင် အဆီကျစေနိုင်သည်။
ဤနည်းသည် ဆင်းရဲချမ်းသာမရွေး အိမ်တိုင်းတွင် အလွယ်တကူ ရရှိနိုင်သော ပိန်ဆေးနည်းလမ်းဖြစ်သည်။ ပိန်လိုသူများ အနေဖြင့် နံနက်အိပ်ရာထထချင်း (မျက်နှာမသစ်မီ) ပျားရည်တစ်ဇွန်း သောက်ပါဟု လွန်ခဲ့သောနှစ်က စာရေးသူ မန္တလေးရတနာပုံ သတင်းစာတွင် ဆောင်းပါးတစ်ပုဒ် ရေးသားဖူးသည်။ ဤဆောင်းပါးကိုဖတ်ရှုပြီး လက်တွေ့သောက်ကြည့်သူ အတော်များများမှာ အဆီကျသည့်အပြင် အစာကြေ၍ ခန္ဓာကိုယ်ပေါ့ပါးမှု ရှိကြောင်း ပြောကြသည်။ သတိပြုရန်မှာ အဆီကျစေရန် နံနက်အိမ်ရာထတွင် သောက်သော ပျားရည်သည် ပျားရည်အသစ်(တစ်နှစ်မကျော်သေးသော ပျားရည်) ဖြစ်လျှင် ပိုကောင်းသည်။
ရေနွေးကြမ်း တစ်နည်းအားဖြင့် လက်ဖက်ခြောက် ခတ်ထားသော အဖန်ရည်ကို အနောက်တိုင်း သုတေသီများက Green Tea ဟုရေးသားကြသည်။ လက်ဖက်ခြောက်ရွက်သစ် နုလေးများကို မီးပြင်းပြင်းအပူပေးပြီး ရိုးရာနည်းဖြင့် အခြောက်ခံထားသော လက်ဖက်ကို ရေနွေးဆူဆူတွင် ခတ်လိုက်သောအခါ အရွက်စိမ်းများမှ စိမ်းဖန့်ဖန့်အရည်များ ထွက်လာသည်။
မြန်မာလက်ဖက်ခြောက် အတော်များများမှာ နီရဲရဲအရောင်များ ထွက်သဖြင့် Green Tea နှင့်မတူပေ။ တချို့မှာ ဆိုးဆေးများကြောင့် အလွန်နီရဲနေတတ်သည်။ ယင်းကဲ့သို့ ရေနွေးကြမ်းမျိုးကို မသောက်သင့်ပါ။
Green Tea ကြောင့် အဆီကျသည်ဆိုသည်မှာ အနောက်တိုင်းမှ သုတေသန ဖြစ်သည်။ Green Tea သောက်လျှင် ပိန်စေသည်။ တရုတ်၊ ဂျပန်၊ တရုတ် (တိုင်ပေ)နှင့် အရှေ့တောင် အာရှနိုင်ငံများ၌ ဥရောပနိုင်ငံများလောက် အစာအိမ် ကင်ဆာနှင့် အူမကြီးကင်ဆာဖြစ်ပွားမှု လျော့နည်းခြင်းမှာ Green Tea ကြောင့်ဖြစ်သည်ဟု သုတေသန ဆေးပညာရှင်များ ခန့်မှန်းကြရာမှ သောက်သုံးသူများလာခြင်းဖြစ်သည်။
ရေနွေးကြမ်းအဖန်ရည်က အဆီကျစေသည်။ သို့သော် အဖန်မှာ ချုပ်သော သတ္တိရှိသဖြင့် ဝမ်းချုပ်၊ လေချုပ်၊ အစားပျက်ခြင်းများ ဖြစ်လာတတ်သည်။ရေနွေးကြမ်း အဖန်ရည်ကို သောက်ခြင်းဖြင့် ကိုလက်စထရော ခေါ် အဆီထဲမှ မကောင်းသောအဆီ LDL ကို ကျစေနိုင်ကြောင်း ပါမောက္ခ ဒေါက်တာဒေါ်မြင့်မြင့်ခင်ကလည်း ရေးသားထားသည်ကို ဖတ်ရှုဖူးသည်။ သို့သော် ဆရာမကြီးက တစ်ရက်လျှင် ကော်ဖီခွက်ဖြင့် နှစ်ခွက်ခန့်သာ သောက်ရန် ညွှန်ပြခဲ့သည်။
အမှန်တကယ် ရေကို ကျိုက်ကျိုက်ဆူအောင် အပူပေးပြီး အအေးခံသော ရေကျက်အေးကို သောက်လျှင်ပင် လူကိုပိန်စေသော သတ္တိရှိသည်။
လက်ဖက်ခြောက်ခတ်သော ရေနွေး ကြမ်း အဖန်ရည်သည် လူကိုကောင်းကျိုးပြုသည်။ အဝလွန်ခြင်းကိုလည်း တားဆီးနိုင်သည်။ သို့သော် တစ်ရက်လျှင် နှစ်ခွက်၊ သုံးခွက်ထက် ပိုသောက်ပါက ဝမ်းချုပ်ခြင်း၊ လေချုပ်ခြင်း၊ စမြင်းခံခြင်း စသောဆိုးကျိုး အနည်းငယ် ရှိနိုင်သည်ကို သတိပြုသင့်ပေသည်။
ရေအေးသောက်လျှင် လူကိုဝစေသည်။ ရေနွေးကြမ်း သို့မဟုတ် Green Tea သောက်လျှင် ပိန်စေသည်၊ အဆီကျစေသည်ဟူသော အယူအဆများနှင့် ပတ်သက်၍ ရေးသား ဖော်ပြလိုက်ရပါသည်။ ။
ကြည်လွင်မြင့်(မုဒြာ)