တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် ပခုက္ကူမြို့မှ စိန်ငါးပွင့်ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်း

 

တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းအဖြစ် လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည့် ပခုက္ကူမြို့မှ စိန်ငါးပွင့်ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုး ရောင်းဝယ်ရေး လုပ်ငန်း

 

    မကွေးတိုင်းဒေသကြီး  ပခုက္ကူမြို့နယ်၌  စိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ရှိသည့်  ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ယင်းတို့အနက် ဝါဂွမ်းမှတစ်ဆင့် ဆန်းသစ်သော ချည်ထည်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် ပခုက္ကူမြို့မှ  စိန်ငါးပွင့်ချည်မျှင်နှင့် ချည်ထည်အမျိုးမျိုး ရောင်းဝယ်ရေးလု ပ်ငန်းရှင် ဒေါ်ခင်စန်းဝင်းနှင့် တွေ့ဆုံမေးမြန်း ထားမှုကို ဖော်ပြလိုက်ပါသည်။

-   ဒီလုပ်ငန်းကို     ဘယ်အချိန်ကစပြီး လုပ်ကိုင်ဖြစ်တာလဲ သိပါရစေ။

-   ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက စလုပ်ဖြစ်တာပါ။  လုပ်ငန်းစလုပ်တုန်းက ကိုယ်ပိုင်ရက်ကန်းစင်  နှစ်စင်လောက်နဲ့ ရက်ကန်းအလုပ်သမား အငှားတွေနဲ့ စပြီး လုပ်ကိုင်ဖြစ်ခဲ့တာပါ။

-   လုပ်ငန်းဆောင်ရွက်ဖြစ်ခဲ့ပုံနဲ့ ရည်ရွယ်ချက်ကိုလည်း သိပါရစေ။

- လုပ်ငန်းစတင် လုပ်ကိုင်ဖြစ်ခဲ့ပုံကတော့ ကျွန်မတို့ဖေဖေက   ဝန်ထမ်းတစ်ဦးပါ။ ဖေဖေ ဝန်ထမ်းအလုပ်က အနားယူသွားတဲ့အချိန်မှာ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းလုပ်ကိုင်ဖို့  တိုင်ပင်ကြတဲ့အခါ  ပခုက္ကူဒေသရဲ့ အထင်ကရ ထုတ်ကုန်တစ်မျိုးဖြစ်တဲ့ ချည်ထည်လုပ်ငန်းကို လုပ်ကိုင်ဖို့ ရွေးချယ်ဖြစ်ခဲ့တာပါ။

- အစ်မတို့အလုပ်ရုံမှာ ချည်ထည်အမျိုးပေါင်း     ဘယ်နှမျိုးလောက်   ထုတ်လုပ် ရောင်းချပါသလဲ သိပါရစေ။

- ချည်ထည်   အမျိုးအစားတွေကတော့  တတ်နိုင်သလောက်     အမျိုးစုံအောင် ထုတ်လုပ် ရောင်းချပေးပါတယ်။   စောင်အမျိုးမျိုး၊ တဘက်၊ စားပွဲခင်း၊ လက်သုတ်ပဝါ၊ ခေါင်းအုံးစွပ်၊ ပုဆိုး၊ လုံချည်၊ အင်္ကျီစ အစုံပါပဲ။ စောင်မှာဆိုလည်း  အမျိုးအစားပေါင်း ၅၀ နီးပါး၊     လက်သုတ်ပဝါနဲ့ တဘက်တို့ဆိုရင်လည်း အမျိုးအစားပေါင်း ၁၀ မျိုးလောက်ကို  ခေတ်မီဆန်းသစ်တဲ့ ဒီဇိုင်းမျိုးစုံနဲ့    ထုတ်လုပ်ရောင်းချနေပါတယ်။    ချည်ချောထည်တွေ သာမက ကုန်ကြမ်းတွေဖြစ်တဲ့ ချည်ထုပ်၊ ဆိုးဆေးတွေကိုလည်း  ထုတ်လုပ်ရောင်းချပေးပါတယ်။

-  ချည်ထည်တွေ   ဖြန့်ချိနေတဲ့ အခြေအနေနဲ့     ရောင်းအား အကောင်းဆုံး ကုန်ပစ္စည်းကိုလည်း သိပါရစေ။

-   ပခုက္ကူချည်ထည်ကို    လူအများစုက စိတ်ဝင်စားကြတာကို   တွေ့ရပါတယ်။ ဖြန့်ချိမှုအနေနဲ့ကတော့   နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြည်၊ အောင်လံ၊ သရက်၊ ဘားအံ၊ ဂန့်ဂေါ၊ မုံရွာနဲ့ တောင်ကြီးစတဲ့ မြို့တွေကို  အဓိက တင်ပို့ပါတယ်။   အဲဒီဒေသတွေမှာ    ကိုယ်စားလှယ်တွေရှိပြီး လက်လီ၊  လက်ကား ရောင်းချပေးလျက်ရှိပါတယ်။  ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းကို ပြောရမယ်ဆိုရင်တော့  စောင်၊ စားပွဲခင်း၊ လက်သုတ်ပဝါ၊ တဘက်၊ ပုဆိုး၊ လုံချည်၊ အင်္ကျီစတွေဖြစ်ပါတယ်။

-   ကုန်ကြမ်းစုဆောင်းရရှိမှု အခြေအနေကိုလည်း သိပါရစေ။

-   ကုန်ကြမ်းကတော့ မန္တလေးချည်စက်ရုံတွေကနေ ဝယ်ယူရရှိပါတယ်။

-   ကုန်ချောဖြစ်လာဖို့အတွက်  ဆောင်ရွက်ပုံလုပ်ငန်း အဆင့်ဆင့်ကိုလည်း သိပါရစေ။

- ကုန်ကြမ်းတွေဖြစ်တဲ့  သဘာဝချည်ထုပ်ကနေ ဆေးဆိုး၊ ချည်စာနင်း၊ ချည်ချ၊ ချည်ငင်၊ လိပ်တုံးရှည်တွေ အရင်လုပ်ရပါတယ်။ ပြီးတော့မှ   ရက်ကန်းစင်ပေါ်တင်ပြီး   ချည်ထည်အဖြစ်  အဆင့်ဆင့်ရက်လုပ်ရတာပါ။

- လက်ရှိလည်ပတ်နေတဲ့ ရက်ကန်းစင်နဲ့ အလုပ်သမားဦးရေလည်း သိပါရစေ။

- လက်ရှိမှာတော့   ပခုက္ကူမြို့ပေါ်အပါအဝင် အနီးပတ်ဝန်းကျင်မှာရှိတဲ့ ကျောက်ဆောက်၊ လေးတန်း၊ ကြီးရွာစတဲ့ကျေးရွာတွေမှာ မိသားစုတွေအလိုက် ရက်ကန်းစင်   သုံးစင်၊ ငါးစင်၊ ၁၀ စင် စသဖြင့်ထားပြီး အလုပ်သမားဦးရေကတော့  ၅၀ ဦးနဲ့ ၁၀၀ ကြား    ပုံမှန်လည်ပတ် ဆောင်ရွက်နေပါတယ်။ ဒါ့ပြင် ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့နဲ့  ရေစကြိုမြို့နယ်တွေမှာ တစ်နိုင်တစ်ပိုင် ရက်ကန်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေတဲ့ သူတွေနဲ့လည်း ချိတ်ဆက်ပြီး အထည်တွေသိမ်းယူပြီး ရောင်းချပါတယ်။

-  နိုင်ငံတော်အဆင့်  ဒေသထွက်ကုန်၊ ထုတ်ကုန်ပြပွဲတွေမှာရော  ပါဝင်ပြသ ဖူးတာ ရှိပါသလား။

- မိသားစုနဲ့  အလုပ်သမား အခက်အခဲတွေကြောင့်   နိုင်ငံတော်အဆင့်    ဒေသထွက်ကုန်၊ ထုတ်ကုန်ပြပွဲတွေမှာ ကိုယ်တိုင်ထုတ်ကုန် ပစ္စည်းအနေနဲ့ ပါဝင်ပြသတာမျိုး မရှိခဲ့ပါဘူး။  ဒါပေမဲ့ ပခုက္ကူဒေသတွင်း ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတွေရဲ့    ခရီးစဉ်တွေမှာ ဒေသထွက်ကုန်ပစ္စည်းပြပွဲအဖြစ်   ကျွန်မတို့ရဲ့   ချည်ထည်ထုတ်ကုန် ပစ္စည်းတွေကိုတော့ ယူဆောင်ပြသလေ့ ရှိပါတယ်။

-   လက်ရှိလုပ်ငန်းမှာ  အခက်အခဲရှိရင်လည်း သိပါရစေ။

-   လက်ရှိမှာ      ကုန်ကြမ်းပစ္စည်းတွေနဲ့ ကုန်ချောပစ္စည်းတွေကို အချိန်နဲ့တစ်ပြေးညီ ရရှိဖို့      အခက်အခဲတွေရှိပါတယ်။ အရောင်းအဝယ်  နည်းပါးချိန်မှာလည်း အလုပ်သမားတွေ    အလုပ်အကိုင်အခွင့်အလမ်း ရရှိစေဖို့  ပုံမှန်လည်ပတ် ဆောင်ရွက်နေပါတယ်။

-   စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်မယ့် လူငယ်တွေအတွက်  အကြံပြု စကားလေး ပြောပေးပါဦး။

-   လူငယ်တွေအနေနဲ့ မိမိစတင် လုပ်ကိုင်မယ့်   စီးပွားရေးလုပ်ငန်း အကြောင်းကို စနစ်တကျလေ့လာ သင်ယူပြီး အဲဒီလုပ်ငန်းရဲ့  အားသာချက်၊  အားနည်းချက်တွေနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး အောင်မြင်အောင် ကြိုးစားလုပ်ကိုင်ကြဖို့ အကြံပြုလိုပါတယ်။

-  ပခုက္ကူဒေသထွက်  ချည်ထည်တွေကို လူအများစုက    ဘာကြောင့် နှစ်သက်ကြတယ်လို့ ထင်ပါသလဲ။

-   ပခုက္ကူဒေသထွက်  ချည်ထည်တွေက ချည်အစစ်နဲ့ ရက်လုပ်ထားတဲ့အပြင် ရာသီမရွေး ဝတ်ဆင်နိုင်တဲ့အတွက် လူအများစုက ကြိုက်နှစ်သက်ကြတာပါ။ ချည်ထည်ရဲ့ သဘောသဘာဝအရ နွေရာသီကာလမှာ ဝတ်ဆင်ရင်    အပူဒဏ် ကာကွယ်ပြီးသားဖြစ်လို့ အေးတဲ့ခံစားမှုကို ခံစားရပါတယ်။ ဆောင်းရာသီမှာ ဝတ်ဆင်ရင် အအေးဓာတ်ကို ကာကွယ်ပေးတဲ့အတွက်   နွေးတဲ့ခံစားမှုကို ခံစားရပါတယ်။ ဒါကြောင့် လူအများစုက  ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ပခုက္ကူချည်ထည်က ဒေသရဲ့ အထင်ကရ ထုတ်ကုန်အဖြစ်   ဂုဏ်ယူစွာ သုံးစွဲနိုင်တဲ့အပြင်  ရာသီမရွေး ဝတ်ဆင်ဖို့ သင့်လျော်တာရယ်၊  ခရီးသွားလာရာမှာ    လွယ်ကူ ပေါ့ပါးစွာ  သယ်ယူနိုင်တာရယ်၊ လူကြီးမိဘတွေကို   လက်ဆောင် ဒါမှမဟုတ်  ကန်တော့ခံပစ္စည်းအဖြစ် ပေးဖို့ အဆင်ပြေတာရယ်ကြောင့် ကျွန်မတို့အနေနဲ့ မိသားစု အကျိုးစီးပွားထက် ဝယ်ယူသုံးစွဲတဲ့ပြည်သူတွေ အတွက်ပါ  အကျိုးဖြစ်ထွန်းတဲ့  ချည်ထည်ပစ္စည်းတွေဖြစ်ဖို့  အမြဲကြိုးစား ထုတ်လုပ်ပေးနေပါတယ်။ ပြီးတော့ ဒေသခံပြည်သူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိစေဖို့    တစ်ဖက်တစ်လမ်းကနေ   ပံ့ပိုးကူညီပေးနိုင်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက်  ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားလိုပါတယ်။