ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း အုတ်တွင်းမြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိ

ပဲခူး-မော်လမြိုင်ရထားလမ်းပိုင်းအတွင်း သထုံမြို့နယ်၊ သိမ်ဆိပ်နှင့် ဒုံဝန်း ဘူတာအကြား ကျောက်ရထားဖြတ်သန်းစဉ် မိုင်းပေါက်ကွဲခြင်းကြောင့် ရထားလမ်းချော်ကျမှုဖြစ်ပွားပြီး ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း အုတ်တွင်းမြို့နယ် တောင်ငူနှင့် သောင်းတိုင်ကုန်းအကြား မိုင်းပေါက်ကွဲ

 

နေပြည်တော်   ဧပြီ ၁၀

         

ယနေ့ ပဲခူး-မော်လမြိုင်လမ်းပိုင်း၌ သဲဖြူးကုန်း မှ ကလိ ခရီးစဉ်အဖြစ် ထွက်ခွာလာသည့် အမှတ်(၆၈၆)အစုန်ကျောက်ရထားသည် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာမှ နံနက် ၆ နာရီ ၅၇ မိနစ်တွင် ထွက်ခွာပြီး သိမ်ဆိပ်ဘူတာနှင့် ဒုံဝန်းဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၅/၉-၁၀ အရောက် ရထားခုတ်မောင်းဖြတ်သန်းစဉ် နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ထောင်ထားသည့် မိုင်းပေါက်ကွဲခဲ့သဖြင့် ရထားတွဲဆိုင်းတွင်ပါရှိသော စက်ခေါင်းနှင့်အတူ စက်ခေါင်းရှေ့ မိုင်းကာတွဲ၊ စက်ခေါင်းနောက်ကပ်လျက် စက်ခေါင်းမောင်း နားနေတွဲနှင့် ကျောက်တွဲ(၂)တွဲတို့ လမ်းချော်ကျမှု ဖြစ်ပွားသည်။

အဆိုပါ မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မှ ပုံမှန်ထွက်ခွာလာသော အမှတ်(၈၁)အဆန် လူစီးရထားသည် နေ့လည် ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် ကျိုက်ထိုဘူတာ၌ ခေတ္တရပ်နားခဲ့ရပါသည်။ မြန်မာ့မီးရထားက အဆိုပါ ရထားဖြင့် လိုက်ပါလာသော ခရီးသည် (၇၄၁)ဦးအား မော်တော်ယာဉ်(၈)စီးဖြင့် နေ့လည် ၁ နာရီ ၁၀ မိနစ်မှစတင်၍ သထုံဘူတာသို့ ပို့ဆောင်ပေးခဲ့ပါသည်။ ထို့အပြင် မော်လမြိုင်မှ ထွက်ခွာလာသည့် အမှတ်(၈၂) အစုန်ရထားသည် ယနေ့ နေ့လည် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် သထုံဘူတာသို့ ရောက်ရှိခဲ့ရာ ကျိုက်ထိုမှ မော်တော်ယာဉ်ဖြင့် လိုက်ပါလာသည့် ခရီးသည်များအား တင်ဆောင်၍ မော်လမြိုင်ဘက်သို့ အမှတ်(၈၁)အဆန်ရထားအဖြစ် ပြန်လည်ထွက်ခွာ ပို့ဆောင်ပေးခဲ့ပါသည်။ သထုံဘူတာတွင် ရောက်ရှိနေသည့် အမှတ်(၈၂)အစုန်ရထားဖြင့်လိုက်ပါလာသည့် ခရီးသည်(၂၉၈)ဦးအား ကျိုက်ထိုမှ ရောက်ရှိလာသည့် မော်တော်ယာဉ်များဖြင့် ကျိုက်ထိုဘူတာသို့ ပို့ဆောင်ပေးပြီး ရန်ကုန်သို့ အမှတ်(၈၂)အစုန် ရထားအဖြစ် ဆက်လက်ပို့ဆောင်ပေးခဲ့ပါသည်။

မိုင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တပြေးညီ နယ်မြေရှင်းလင်းစစ်ဆေးခြင်း၊ မြန်မာ့မီးရထား ဝန်ထမ်းများကလည်း လမ်းချော်ကျသော စက်ခေါင်းနှင့်တွဲများအား မတင်၍ လမ်းပိုင်းအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရထားလမ်း ပြန်လည်ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ ပါသည်။

အလားတူ ယနေ့ နံနက် ၆ နာရီ ၄၀ မိနစ် အချိန်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အတွင်း ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တောင်ငူဘူတာနှင့် သောင်းတိုင်ကုန်းဘူတာ အကြား စီမံကိန်းလုပ်ငန်းဆောင်ရွက်နေသော ရထားပြေးဆွဲမှုမရှိသည့် အစုန်လမ်းပေါ်၌ မိုင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားပါသည်။ ဖြစ်ပွားရာနေရာသို့ နယ်မြေခံလုံခြုံရေးအဖွဲ့နှင့် တာဝန်ရှိ သူများ သွားရောက်ခဲ့ပြီး ရှင်းလင်းမှု ဆောင်ရွက်ရာ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စ၍ ယခုအချိန်အထိ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးတွင် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း(၁၃၀)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီး ခြင်း (၅၃)ကြိမ်၊ ဘူတာအဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း (၁၂)ကြိမ် ကျူးလွန်ခဲ့ကြပြီးဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှု အဆင်ပြေချောမွေမြန်ဆန်စေရေးအတွက် ရထားလမ်းအခြေခံအဆောက်အဦများပိုမိုကောင်းမွန် လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများ ကမူ နိုင်ငံတော်ပိုင် ရထားစက်ခေါင်းများ၊ တွဲများ၊ ရထားလမ်းများ၊ တံတားများ၊ ကုန်စည်များနှင့် ခရီးသည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေ ရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမိုကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက် သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက် ရှိကြောင်း သတင်းရရှိပါသည်။