နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား အနုပညာရှင်များ နေပြည်တော်သို့ ရောက်ရှိ

 

နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား အနုပညာရှင်များ နေပြည်တော်သို့ ရောက်ရှိ

 

နေပြည်တော်  ဧပြီ  ၁၀

    ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် အခါသမယတွင် မြန်မာ-ကိုရီးယား နှစ်နိုင်ငံယဉ်ကျေးမှု ဖလှယ်နိုင်ရန်နှင့် ပြည်သူများအား ဖျော်ဖြေတင်ဆက်နိုင်ရန်အတွက် နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့် ကိုရီးယား K-pop  အနုပညာရှင် ၂၄ ဦးပါဝင်သည့် ပထမအဖွဲ့သည် ယမန်နေ့ညပိုင်းက ရန်ကုန်မြို့သို့ ရောက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ သီးသန့်မော်တော်ယာဉ်များ ဖြင့် ထွက်ခွာခဲ့ကြရာ မွန်းလွဲပိုင်းက  နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်သို့ ရောက်ရှိကြသည်။

အဆိုပါကိုရီးယား အနုပညာရှင်များ အဖွဲ့အား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ   သင်္ကြန်ယိမ်းအဖွဲ့များက  အတာရေပက်ဖျန်း၍ လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြပြီး ယင်းအဖွဲ့သည် ညနေပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ ရောက်ရှိကြရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  တာဝန်ရှိသူများနှင့်  တိုင်းရင်းသားလူမျိုးများ ရုပ်သံလိုင်းမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုကြသည်။

ထို့နောက် Conference Room တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တာဝန်ရှိသူများနှင့် ကိုရီးယား   K-pop  အနုပညာရှင်များသည် ဧပြီလ ၁၂ ရက် ညပိုင်းတွင်   MRTV HD Channel  မှ ရိုက်ကူးထုတ်လွှင့်မည့် နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ Friday Night Live Show ၌ ပူးပေါင်းပါဝင် ဖျော်ဖြေနိုင်ရန်နှင့် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း နေပြည်တော် လမ်းလျှောက်သင်္ကြန်၌ ကိုရီးယား K-pop အဆို၊ အကများဖြင့် တင်ဆက်နိုင်ရန်တို့အတွက်   အသေးစိတ် ဆွေးနွေးကြသည်။

 အဆိုပါ ကိုရီးယား K-pop  အနုပညာရှင် ၂၄ ဦးပါ    ပထမအဖွဲ့တွင်    ရုပ်ရှင်/ရုပ်သံ ဇာတ်လမ်းတွဲပေါင်းများစွာ ရိုက်ကူးထားသည့် သရုပ်ဆောင် ဘတ်အွန်းဟီး ၊ K-pop အဆိုတော်များ ဖြစ်ကြသည့် Rejen ၊ Henny နှင့် 7 Kids Doll Group ၊   Astel Dance Group နှင့် DJ-Saemi တို့ပါဝင်ကြပြီး ၎င်းတို့အဖွဲ့မှ ငါးဦးပါအဖွဲ့သည် ဧပြီလ ၁၁ ရက်တွင်လည်းကောင်း၊ ၁၉ ဦးပါ ဒုတိယအဖွဲ့သည် ဧပြီလ ၁၄ရက်တွင် လည်းကောင်း အသီးသီး ထပ်မံရောက်ရှိကြမည် ဖြစ်ကြောင်း သိရသည်။