နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော် ဧပြီ ၁၀

    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၃/၂၀၂၄)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့အနေဖြင့် တရားမဝင် ကုန်သွယ်ရေး လုပ်ငန်းများ မရှိစေရေးအတွက်  အထူးအလေးထား ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊  တရားမဝင်ကုန်ပစ္စည်းများကို စဉ်ဆက်မပြတ်စစ်ဆေး ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး အလေးထား ကြပ်မတ်ဆောင်ရွက်စေလိုကြောင်း၊ နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်မှုမရှိစေရေး၊ တာဝန်ကျဝန်ထမ်းများ အနေဖြင့် ဝန်ထမ်းစည်းကမ်း၊ ဝန်ထမ်းကျင့်ဝတ်များနှင့်အညီ  လိုက်နာဆောင်ရွက် ကြရမည်ဖြစ်ကြောင်း၊ တရားမဝင် လုပ်ငန်းများကို တားဆီးကာကွယ် ဆောင်ရွက်နေသည့်အပြင် တရား ဝင်လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊  တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် သတ်မှတ်၍ အားလုံးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နေပြည်တော်အတွင်း တရားမဝင် ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးအတွက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ် သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် ပြည်ထောင်စုနယ်မြေ နေပြည်တော် အားကစားရုံ၌ကျင်းပသည့် ၂၀၂၄ ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ရှစ်မြို့နယ် အသက် ၂၅ နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်ဖြစ်သည့် တပ်ကုန်းမြို့နယ်အသင်းနှင့် ပျဉ်းမနားမြို့နယ် အသင်းတို့ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူ များက ပြိုင်ပွဲတွင်ပွဲစဉ် တစ်လျှောက် အကောင်းဆုံး အားကစားသမားဆုရရှိသည့် အားကစားသမားနှင့် ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ပျဉ်းမနားမြို့နယ် အသင်းကို တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆု ဖလားကို လည်းကောင်း၊ ဒုတိယဆုရရှိသည့် တပ်ကုန်းမြို့နယ် အသင်းနှင့် တတိယဆုရရှိသည့် ဇမ္ဗူသီရိမြို့နယ် အသင်းတို့ကို တစ်ဦးချင်း ဆုတံဆိပ်နှင့်   ဂုဏ်ပြုဆုငွေများကို လည်းကောင်း  ချီးမြှင့်ကြသည်။

ထို့နောက်နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ကျောက်မျက်ရေပေးဝေရေး ဝင်းအတွင်း ရေသန့်စင်နေမှုနှင့် ရေပေးဝေနေမှု၊ ဇမ္ဗူသီရိမြို့နယ် ဧရာဝတီလမ်းဘေးရှိ  ဗေဗေ့မောင်ဆည်အတွင်း  ရေဝင်ရောက်မှုနှင့် ရေသုံးစွဲမှု၊ ဆည်ပတ်လမ်း ဆောင်ရွက်ထားရှိမှုများ၊ ပျဉ်းမနားမြို့နယ် အမှတ်(၈၅)တံတားနှင့် သံလမ်းတံတား ငလိုက်ချောင်း တစ်လျှောက်တို့တွင် သန့်ရှင်းသာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို   ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။