အစိုးရပါဠိ ပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ် ပူဇော်ပွဲကျင်းပ

 

 

အစိုးရပါဠိ ပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ် ပူဇော်ပွဲကျင်းပ

 

    ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် အစိုးရပါဠိပထမပြန် စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားကို ဧပြီလ ၉ ရက် ညနေပိုင်းတွင် ကြံခင်းမြို့ ရွှေညောင်ပင်ကျောင်းတိုက်  ပညာဆီမီးဓမ္မာရုံ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ရပ်မိရပ်ဖများနှင့် စေတနာရှင် အလှူ့ဒါယကာ၊ ဒါယိကာမများက နမောတဿ သုံးကြိမ်ရွတ်ဆို၍   အခမ်းအနား ဖွင့်လှစ်ပြီး    အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ   မြို့နယ်သံဃာ့ မဟာနာယကဥက္ကဋ္ဌ ရွှေညောင်ပင်  ကျောင်းတိုက်ဆရာတော် ဦးဝါယမထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားပြီး အစိုးရ ပါဠိပထမပြန် စာမေးပွဲတွင် ကြီးကြပ်ခဲ့သည့်ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုပစ္စည်းများကို တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ၂၀၂၃ ခုနှစ် အစိုးရပါဠိ ပထမပြန်စာမေးပွဲတွင် အောင်မြင်ခဲ့သည့် စာအောင်သံဃာတော် ပထမလတ်တန်းတစ်ပါး၊ ပထမငယ်တန်း ၁၀ ပါး၊ အခြေပြုမူလတန်း ကိုးပါးအား အောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စေတနာရှင် အလှူရှင်များက ဆက်ကပ် လှူဒါန်းကြသည်။

ဆက်လက်၍ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ရွှေညောင်ပင်ကျောင်းတိုက် ဆရာတော်က တရားတော်များ ဟောကြားကြောင်း   သိရသည်။