အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(၁/၂၀၂၄) ညှိနှိုင်း အစည်းအဝေး ကျင်းပ

 

အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ(၁/၂၀၂၄) ညှိနှိုင်း အစည်းအဝေး ကျင်းပ

 

အမျိုးသားရေဥပဒေ  ဒုတိယမူကြမ်း အချောသတ် ဆွေးနွေးအတည်ပြုရန်နှင့်  ရှေ့လုပ်ငန်းစဉ်များနှင့်  ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီ၏ (၁/၂၀၂၄)  ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင်  နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ရေနှင့် ဆက်နွှယ်သည့် ဝန်ကြီးဌာနများနှင့် စည်ပင်သာယာရေး ကော်မတီများမှ အမျိုးသား ရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။

ဦးစွာ အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး ဗဟိုကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များ၊ ဝန်ကြီးဌာန အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ အကြံပြုချက်များကို ပေါင်းစပ်ညှိနှိုင်းကာ အမျိုးသားရေဥပဒေ  ဒုတိယမူကြမ်းကို အချောသတ် ရေးဆွဲပြီးဖြစ်၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုသွားမည်ဖြစ်ကြောင်း၊  အတည်ပြုပြီး ရရှိလာမည့် အမျိုးသားရေဥပဒေ တတိယမူကြမ်းကို  ရေနှင့်ဆက်နွှယ်သည့်   ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများထံ ပေးပို့ကာ အကြံပြုချက်နှင့် သဘောထားမှတ်ချက်များ ရယူပြီး ဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေး အတွက် အဆင့်ဆင့် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ ရေကဏ္ဍရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အရေးပါပြီး လိုအပ်ချက်တစ်ခု ဖြစ်သည့် အမျိုးသားရေဥပဒေ တစ်ရပ်ပေါ်ပေါက်ရေးအတွက် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များ အနေဖြင့် တတ်စွမ်းသမျှ ဆက်လက်ပူးပေါင်း ပံ့ပိုးကူညီဆောင်ရွက် ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက်  အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး(၁) ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်က အမျိုးသားရေဥပဒေ မူကြမ်းရေးဆွဲရေးနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်း၊ အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ချောနှင့် ရှေ့လုပ်ငန်းစဉ် လျာထားချက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အမျိုးသားရေဥပဒေ ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များနှင့် တာဝန်ရှိသူများက အမျိုးသားရေဥပဒေ ဒုတိယမူကြမ်း/ချောအပေါ် ပြင်ဆင်လိုသော အချက်များ၊   ထပ်မံဖြည့်စွက်လိုသော အချက်များ၊ ပြုပြင်လိုသော စကားရပ်များနှင့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍   အသေးစိတ်ညှိနှိုင်း ဆွေးနွေးအတည်ပြုခဲ့ကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။