အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ကိုလတ်သည် အောင့်ကို ကမန်းကတန်း ဆွဲထူပြီးရယ်လျက် လှမ်းဖက်လိုက်လေ သည်။
အောင်သည် ကိုလတ်၏ကျောပြင်ကို ဖြန်းခနဲရိုက်လိုက်ပြီး...
“ကိုလတ် တော်တော်ဆိုးပါလား”
ကိုလတ်သည် တသောသောနှင့် ရယ်မောနေမိပြီး အောင့်ကို ဒုတိယအကြိမ် နမ်းလိုက်ပြန်သည်။
သည့်နောက် ကိုလတ်သည် အောင့်ကို ပြန်လွှတ်ကာ နှစ်ယောက်သား ဣန္ဒြေရရ ပင် ထိုင်ကြကာ စကားတွေပြောနေကြ တော့သည်။
ကိုလတ်သည် ရယ်နေရာမှ သူ့မျက်လုံး တွေသည် အတွေးနှင့်ငေးသွားတာ သူ့ အကျင့်လိုပင် ဖြစ်နေတော့သည်။
ပြီးတော့ ကိုလတ်နှင့်အောင်တို့မှာ သမီးရည်းစားဖြစ်လာကြသည့် ဘဝတွင် ထိုနေရာ သည်နေရာလည်း မသွားကြ။
မြင်တွေ့နေကျ “အတွဲ” ပုံစံတွေလိုလည်း မနေမိအောင်ဆင်ခြင်သည်။
ချစ်သူမဖြစ်ခင်တုန်းက တတွဲတွဲ တွဲနေ ခဲ့သော ကိုလတ်နှင့် အောင်တို့သည် သမီးရည်းစားဘဝ ရောက်တော့ လွတ်လွတ်လပ်လပ်တွဲရုံပင်။
အောင်ဆိုတာက ဘယ်သူ့ကိုမှ ဂရု မစိုက်တာ။
သို့သော်လည်း သူတို့နှစ်ယောက်စလုံး ကို သမီးရည်းစားလို့ ဘယ်သူမှမထင်ရ အောင် ဣန္ဒြေရရနေလာကြသည်။
အရင်တုန်းက ချောစုတို့၊ အောင်တို့ စိတ်ကူးယဉ်ခဲ့ကြတဲ့ စံပြစုံတွဲပုံစံမျိုးပဲ။
ရုပ်ရှင်ကြည့်လျှင်ပင် ကိုလတ်သည် ချောစုနှင့် ဆန်းဆန်းမြင့်ပါ ခေါ်ပြတတ်ပြီး သူကတော့ အမြဲလိုပင် ကိုအောင့်ကို ခေါ်လာတတ်သည်။
ကိုအောင်နှင့် သူကလည်း ခွဲလို့က သိပ် မရတတ်ဘူးတဲ့။
ရုပ်ရှင်ကြည့်လျှင် သူတို့နှစ်ယောက်က အမြဲပင်တွဲကြည့်နေကျ။
ချောစုတို့က ကွယ်ရာတွင်...
“မိန်းမလည်း နှစ်ယောက်တွဲယူလိုက်ကြပေါ့” ဟု အောင့်ကို နောက်ပြောင်နေ ကြသေးသည်။
စုစုပြီး ရုပ်ရှင်ကြည့်ကြပြန်တော့လည်း ရုပ်ရှင်ရုံထဲကျ အောင်က တစ်ခါတလေ ကိုအောင်နှင့်တွဲလျက် ထိုင်မိလျှင် ထိုင်မိတတ်ပြီး ကိုလတ်က ချောစုကိုဖြစ်စေ၊ ဆန်းဆန်းမြင့်ကိုဖြစ်စေ တွဲမိလျှင် တွဲမိ သွားသည်။
သည်ရည်ရွယ်ချက်မျိုး တစ်ခုတည်းနဲ့ တွဲနေရင် လမ်းပေါ်မှာ ပျော်ပါးနေကြတဲ့ ခွေးသတ္တဝါတွေနဲ့ ဘာထူးသေးသလဲ။
ချစ်သူတွေ ဖြစ်ပြီးခါစပေါ့။
ရုံထဲ နှစ်နာရီခွဲအချိန်တစ်ချိန်လုံး နီးနီး ကပ်ကပ်ထိုင်နေကြတာပဲ။
ကိုလတ်ကလည်း အောင့်ကို ရှက်တတ်သူမို့ တကယ့်မောင်နှမရင်းနှစ်ယောက် ထိုင်ကြည့်နေသလို ကြည့်ခွင့်ရခဲ့တယ်။
ရင်ထဲမှာ သိပ်ကြည်နူးတာပဲ။
ကိုလတ်ကို လေးစားတယ်၊ ကျေးဇူး လည်းတင်တယ်။
ပြီးတော့ ပိုလည်းချစ်လာတယ်။
အခန်း(၂၈)
အောင်သည် နေ့စဉ်မှတ်တမ်းတွင် ရေး စရာတွေများလာသောအခါ သူ့ဒိုင်ယာရီ စာအုပ်တွင် နေ့စွဲစာမျက်နှာတွေအတိုင်း မရေးတော့ဘဲ မှတ်တမ်းရှည်ကြီးပမာ တောက်လျှောက် ရေးလာခဲ့လေသည်။
ကျောင်းတွေ ခဏခဏပိတ်လိုက်၊ ဖွင့် လိုက်ဖြစ်ဖြစ်နေလို့ အိမ်ကိုမပြန်တော့ဘူး။ ဘကြီးနေတဲ့ထောက်ကြန့်က အိမ်မှာပဲ ပြန်နေတော့တယ်။ အခုတစ်လော ကိုလတ် ရော၊ ကိုအောင်ရော သိပ်အလုပ်များနေ တာကြောင့်မို့လို့ မတွေ့ရတာတောင် တော်တော်ကြာနေပြီ။ စာတော့ အဆက် အသွယ်ရှိကြတယ်၊ ကိုလတ်က သိပ်စေ့စပ် တာပဲ။ သူ့စာတွေကို နံပါတ်တပ်တပ်ပြီး ရေးတတ်တယ်။ ဖိုင်တွဲရတာလွယ်တယ်။ စာတစ်စောင်တစ်စောင်ကို Writing Pad မှာ သူ့လက်ရေးသေးသေး စိပ်စိပ်လေးတွေ နဲ့ စာမျက်နှာနှစ်ဆယ် အစိတ်လောက်ရှိတယ်။ ငါ့ဆီကို သူရေးတဲ့စာတွေကို ဘယ် သူမဆိုဖတ်လို့ရတယ်။ နိုင်ငံရေး၊ လူမှုရေး၊ အိမ်ထောင်ရေး၊ ဒဿနိကတွေနဲ့ တကယ့် ဆောင်းပါးရှည်ကြီးတွေ ဖတ်ရသလိုပဲ၊ ဒါပေမဲ့ ကိုလတ်က စကားပြောကောင်း သလို စာရေးကောင်းလို့လားမသိဘူး၊ သူ့ စာတွေဖတ်ရတာ မငြီးငွေ့ပါဘူး၊ စိတ်ဝင် စားဖို့ကောင်းပါတယ်။ ချောစုကတော့ “ဒါ ရည်းစားစာလား” လို့နောက်နေတယ်။
လမ်းတွေအားလုံးဟာ ရောမမြို့ဘက် ကို ညွှန်နေကြတယ်။ နောက်ဆုံး အဆုံး သတ်နိဂုံးမှာ ကာသေ့(ဂျ်) (Carthage) ကတော့ မလွှဲသာမရှောင်သာ ဖျက်ဆီးပစ်ရမှာပဲ ဆိုတာ လီနင်ရဲ့စာတမ်းတစ်စောင်ထဲက ထုတ်ပြီး ရေးထားတာတွေလည်း စာထဲ ထည့်ရေးထားတယ်။ All road led to Rome. It should lead to the corclu- sion that Carthage must be destroyed. တဲ့။
ကျား-မ ပြဿနာရေးရာတွေမှာ နစ်မြုပ်နေတတ်တဲ့ လူစားမျိုးတွေကို ကျွန်တော် စိတ်မချဘူးလို့ လီနင်က ပြောဖူးသတဲ့။ ကိုလတ်စာကိုဖတ်ရတဲ့ ကိုအောင်တောင် မူလအင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့ I mistrust those Who are always absorbed in the sex problems လို့ပြောပြလို့ မှတ် မှတ်ရရမှတ်သားခဲ့တယ်။ သူတို့နှစ်ယောက် ဟာ တကယ့်အမြွှာပူးညီအစ်ကိုလိုပဲ တစ် ယောက်သိတာကို တစ်ယောက်သိနေတတ် လို့ အံ့သြနေမိတယ်။ စာတစ်အုပ်ကို ဖတ်ရုံတင်မကဘူး၊ နှစ်ယောက်သား ကျေညက် အောင် အမြဲဆွေးနွေးနေပုံရကြတယ်။ တစ်ညနေက ကိုလတ်တစ်ယောက် ပင်ပန်းပြီး ပန်းဖျားဖျားနေလို့ ကိုအောင်တစ် ယောက်တည်း အိမ်ကိုလာလည်တယ်။ သူ နဲ့အတူ ကိုလတ်ရဲ့စာပါ ပါလာခဲ့တယ်။ ကိုလတ်ရဲ့စာကို ကိုအောင့်ရှေ့မှာပဲ ဖတ်ခဲ့တယ်။
ဆက်လက်ဖော်ပြပါမည်။