မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  ဧပြီ  ၁၁

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် ဧပြီလ  ၉ ရက် နံနက် ၁၁ နာရီတွင် မိုးညှင်းမြို့နယ်၊ ပင်လုံကျေးရွာအုပ်စု၊ နန့်စီးအောင်ကျေးရွာ အနီးတွင် EXPRESS ခရီးသည်တင်မော်တော်ယာဉ်ကို  ရပ်တန့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ  ၂ ဒသမ ၈၈  ကီလိုကိုလည်းကောင်း၊  အလားတူ ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက် ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် EXPRESS  ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၉ ဒသမ ၈ ကီလိုကိုလည်းကောင်း။

 ထို့ပြင် ပူးပေါင်းအဖွဲ့သည် ဧပြီလ ၁၀ ရက် ညနေ ၃ နာရီတွင်   သာစည်မြို့၊ အမှတ်(၁) မင်းရန်နိုင်ရပ်ကွက်၊ နွားပွဲဈေးအနီးရှိ မညိမ်းညိမ်းလတ်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ  အောင်အောင်အား တွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား   ၆၁၅၀ ကို  လည်းကောင်း၊ ထို့ပြင် ဧပြီလ ၉ ရက် မွန်းတည့် ၁၂ နာရီတွင် ပူးပေါင်းအဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊   (၉)ရပ်ကွက်၊ ဘားအံလမ်းတွင် သန်းဇော် မောင်းနှင်ပြီး ဝင်းထွန်းစိုး(ခ) ကရင်နှင့်   မချယ်ရီဖြိုးတို့ လိုက်ပါလာသည့် BELTA အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းတို့ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ ည ၉ နာရီတွင်  သင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ ဝေဇယန္တာလမ်းမကြီးတွင် ဟန်နီကိုကိုအား စိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ အလားတူ ဧပြီလ ၁၀ ရက် ညနေ ၅ နာရီတွင် ပူးပေါင်းအဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ (၁၉) ရပ်ကွက်ရှိ မဇင်မာဝင်း(ခ)ပိုင်ပိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၂၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ  အရေးယူထားကြောင်း သိရသည်။