ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးမြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်

 

ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးမြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မိသားစု ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်

 

နေပြည်တော်၊ အေပြီ - ၁၃

သင်္ကြန်ဟူသည်မှာ “သင်္ကန္တ” ဆိုသောပါဠိပုဒ်မှ ဆင်းသက်လာပြီး “ ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” ဟုအနက်အဓိပ္ပါယ်ရကာ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းပင်ဖြစ် သည်။  ထိုကဲ့သို့သော နှစ်ကူးချိန်ခါမင်္ဂလာအခါသမယတွင်  နှစ်ဟောင်းမှ အညစ်အကြေး များ ကင်းပျောက်၍ ကောင်းခြင်းမင်္ဂလာတို့ရောက်ရှိလာစေရန်ရည်သန်၍ ရေစင်ရေသန့်တို့ ဖြင့် ပက်ဖျန်းဆေးကြောလေ့ရှိကြပြီး ရေသည် အကြားအလပ်မရှိ ပြင်ညီတစ်သားတည်း သဘောရှိသည့်အလျောက် လူတစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ စည်းလုံးညီညွတ်ချစ်ခင် စွာ နေထိုင်ဆက်ဆံစေလိုခြင်းဟူသော သဘောဆောင်သည့်အတွက် နွေရာသီအပူများကို  အေးမြစေကြောင်း ရေပက်ဖြန်း၍ မြန်မာ့ရိုးရာအတာရေသင်္ကြန်ပွဲတော်ကို နိုင်ငံ တစ်ဝှမ်း လုံးတွင် ခြိမ့်ခြိမ့်သဲသဲဖြင့် ပျော်ရွှင်စွာဆင်နွှဲလေ့ရှိကြပါသည်။

ထို့သို့ပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ) မိသားစု များ၏  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြက်ခင်းပြင်၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားကို  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်စား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ် ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ အနုပညာ ရှင်များ၊ ယိမ်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်အဖွဲ့ဝင်များသည် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားအား  ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

၎င်းနောက် ယိမ်းအဖွဲ့သမီးပျိုများက “ မြူမှောင်ဝေကင်း” သီချင်းဖြင့် ကပြဖျော်ဖြေ ကြရာ ဖွင့်ပွဲအခမ်းအနားတက်ရောက်လာကြသူများက ယိမ်းအဖွဲ့များနှင့် ဧည့်ပရိတ်သတ် များအား အောင်သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးကြသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများအား သင်္ကြန်စတုဒိသာ အစား အစာများဖြင့် တည့်ခင်းဧည့်ခံ၍ မြဝတီတေးဂီတအဖွဲ့နှင့်အတူ နိုင်ငံကျော်အနုပညာရှင်များ၊ ယိမ်းအဖွဲ့များက တေးသီချင်းများ၊ ယိမ်းအကအလှများဖြင့် သီဆိုကပြဖျော်ဖြေကြသည်။

ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်း အိမ်ထောင်သည်လိုင်းများအနီးရှိ စိန်ပန်း မိသားစုရေကစားမဏ္ဍပ်နှင့် မန်ကျည်းရိပ်မိသားစုရေကစားမဏ္ဍပ်တို့၏ ရေကစားမဏ္ဍပ် ဖွင့်ပွဲများကို အသီးသီးသွားရောက်ဖွင့်လှစ်ပေးကြပြီး ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ရေကစားမဏ္ဍပ်များတွင် မဟာသင်္ကြန်အကြိုနေ့မှ အတက်နေ့အထိ သင်္ကြန် ယိမ်းအကအဖွဲ့များနှင့် တေးသံရှင်များက ယိမ်းအကများ၊ တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေသွားမည်ဖြစ်ပြီး သင်္ကြန်စတုဒိသာများဖြင့်လည်း ဧည့်ခံသွားမည်ဖြစ်သည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်း အစဉ်အလာ များနှင့်အညီရိုးရာမပျက် ဆက်လက်ထိန်းသိမ်းရန်၊ ပြည်သူများကိုယ်စိတ်နှစ်ပါး ရွှင်လမ်း ချမ်းမြေ့စွာ ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ရန်၊ ပြည်သူများသည် မိမိတို့ပင်ပန်းနွမ်းနွယ်သမျှကို အတာရေပက်ဖျန်းလန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင် နိုင်ငံ တော်၏တာဝန်များကို စွမ်းအားပြည့်ဆောင်ရွက်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်များ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်တတ်ကြစေရန်စသည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် နှစ်စဉ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။