မြန်မာအမျိုးသားတို့၏ နှစ်တစ်ရာပြည့်သမိုင်းဝင် အမျိုးသားနေ့

၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် မြန်မာတစ်နိုင်ငံလုံးနှင့် မြန်မာလူမျိုးတို့  သူ့ကျွန်ဘဝသို့  တရားဝင်ရောက်ရှိပါသည်။ ကိုလိုနီခေတ်စာဆိုရှင် အချုပ်တန်းဆရာဖေမှ (စာဇင်တောင် ဒူးချလို့၊ ပလူးရပြေးကြို့ခါခါ၊ ခွေးသို့ပမာ)ဟူ၍ နယ်ချဲ့အင်္ဂလိပ်တို့၏ ဆာဂျင်အဆင့်ကိုပင် ပြေးလွှားဒူးထောက်ကြိုဆိုကာ ခွေးလိုအမြီးနှံ့ပြရသည်ဟု  စပ်ဆိုခဲ့ပါသည်။  မြန်မာနိုင်ငံ  ကျွန်ဘဝသို့ ရောက်ရှိစကာလတွင် တစ်နိုင်ငံလုံး စာတတ်သူဦးရေ ၈၅ ရာခိုင်နှုန်းရှိသော်လည်း ကိုလိုနီဖြစ်ပြီး ၃၅ နှစ်အကြာတွင် ၃၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း မှတ်တမ်းများတွင် ဖတ်ရပါသည်။

ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသားရေးစိတ်ဓာတ်များ ငုပ်လျှိုးခဲ့ရာမှ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက် (မြန်မာသက္ကရာဇ်   ၁၂၈၂ ခုနှစ်   တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်)  တွင်    ပေါ်ပေါက်ခဲ့သည့် တက္ကသိုလ်သပိတ်သည်  အမျိုးသားရေး စိတ်ဓာတ်နှိုးဆော်သည့် တပ်လှန့်မှုကြီး ဖြစ်ပါသည်။ တက္ကသိုလ်သပိတ်မှ အစပြု၍ လယ်သမား၊ အလုပ်သမားသပိတ်များ ဆက်လက်ပေါ်ပေါက်ကာ အဆုံးတွင် လွတ်လပ်ရေး ရရှိခဲ့ရာ တက္ကသိုလ်သပိတ်စတင်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် မြန်မာအမျိုးသားတို့၏ သမိုင်းဝင်နေ့ဖြစ်သည်။

နိုးကြားလာသည့်အမျိုးသားရေးစိတ်

၂၀ ရာစုနှစ်ဦးပိုင်းတွင် ရန်ကုန်မြို့တော်၌ ယူနီဗာစီတီမရှိသေးဘဲ ယခင်ရန်ကုန် အထက်တန်းကျောင်းအား ပြင်ဆင်ဖွဲ့စည်းထားသည့် ရန်ကုန်ကောလိပ်နှင့် အမေရိကန်သာသနာပြု ပုဂ္ဂိုလ်ဒေါက်တာဂျပ်ဆင်နှင့် အဖွဲ့က ဖွင့်လှစ်သည့်ဂျပ်ဆင်(ယုဒသန်) ကောလိပ်နှစ်ခုသာ ရှိပါသည်။ ၎င်းကောလိပ်နှစ်ခုသည် အိန္ဒိယနိုင်ငံကာလကတ္တား ယူနီဗာစီတီ၏  ကျောင်းခွဲများဖြစ်ပြီး ၎င်းယူနီဗာစီတီ၏သင်ရိုးနှင့် စာမေးပွဲစနစ်အတိုင်း ဆောင်ရွက်ရပါသည်။

ပညာမင်းကြီး မက်သယူးဟန်းတား ဦးဆောင်သည့် အဖွဲ့ဝင် ၃၀ ဦးပါ ယူနီဗာစီတီအက်ဥပဒေရေးဆွဲရေး ကော်မတီအား  ၁၉၁၈   ခုနှစ်  ဇွန်လတွင်ဖွဲ့စည်းပြီး ၎င်းကော်မတီမှ သိပ္ပံယူနီဗာစီတီဥပဒေကြမ်းတစ်ရပ်ရေးဆွဲကာ ၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် တင်သွင်းပါသည်။ ဥပဒေကြမ်းတွင်ပါရှိသည့် အချက်များအနက် မြန်မာလူမျိုးများ မနှစ်သက်သည့်အချက်ခုနစ်ချက်မှာ အောက်ပါအတိုင်းဖြစ်သည်-

၁။ မြန်မာပြည်တွင် တက္ကသိုလ်တစ်ခုသာရှိရမည်။

၂။ ကောလိပ်ကျောင်းသားများ    ကျောင်းအိပ်ကျောင်းစားဖြစ်ရမည်။

၃။      တက္ကသိုလ်ဝင်စာမေးပွဲမရှိဘဲ ဟိုက်စကူးဖိုင်နယ်ခေါ် ၁၀ တန်းစာမေးပွဲအောင်မြင်ပြီးသူ ဖြစ်ရမည်။

၄။ အင်္ဂလိပ်နှင့်အခြားဘာသာရပ်တစ်ခုခု ထူးချွန်မှ ဝင်ခွင့်ရမည်။

၅။      ဝင်ခွင့်ရပါက ဦးစွာတက္ကသိုလ်ပြင်ဆင်ခွင့်အတန်းတွင် တစ်နှစ်တက်ရမည်။

၆။      ပြင်ဆင်ခွင့်အတန်းတွင် မလိုက်နိုင်ဟု သတ်မှတ်ခံရလျှင် ဆက်လက်သင်ယူခွင့်ရမည်မဟုတ်။

၇။ ဂုဏ်ထူးနှင့်ဝိဇ္ဇာတန်းတွင်     တစ်ခါဖြေဆို၍ မအောင်မြင်ပါက ထပ်မံဖြေဆိုခွင့်မပြု။

အထက်ပါ အချက်ခုနစ်ချက်အပါအဝင် ဥပဒေကြမ်းအား မြန်မာလူမျိုးများ ကန့်ကွက်သည်ကို လျစ်လျူရှု၍ ဘုရင်ခံဆာရယ်ဂျီနယ်ကရက်ဒေါက်သည် ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြုထုတ်ပြန်တော့မည် ဖြစ်သည်။

သို့ဖြစ်၍  ရန်ကုန်ကောလိပ်မှ  ကျောင်းသားကြီးများသည်  တက္ကသိုလ်ဥပဒေပျက်စီးရန်၊ တက္ကသိုလ်မဖွင့်လှစ်နိုင်ရန် တိုင်ပင်ခဲ့ကြပါသည်။

သံတွဲဦးဘဦးအား   ဥက္ကဋ္ဌအဖြစ်တာဝန်ပေး၍ သပိတ်ခေါင်းဆောင် ၁၁ ဦးသည် ဒီဇင်ဘာ ၃ ရက်တွင် ရွှေတိဂုံစေတီ စနေထောင့်၌စည်းဝေးကာ အစိုးရအား သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါသည်။ နှစ် ၅၀ ပြည့်ရွှေရတုအမျိုးသားနေ့  အထိမ်းအမှတ်ကျောက်စာအား ရွှေတိဂုံစေတီ စနေထောင့်တွင်စိုက်ထူထားရှိရာ    မူလကျောင်းသားခေါင်းဆောင် ၁၁ ဦးမှာ-

 ၁။ ဘခင်       ၂။ ဘိုးကွန်း

 ၃။ ဘဦး                 ၄။ အောင်ဒင်

 ၅။ ထွန်းဝင်း  ၆။ ဖေသိန်း

 ၇။ ဘရှင်(သံတွဲ)       ၈။ ဘရှင်(ထားဝယ်)

 ၉။ ကေညီပိတ်         ၁၀။ လှတင်

၁၁။ မောင်ဧတို့ဖြစ်ပါသည်။

၎င်းင်းကျောက်စာတွင်        ပါရှိသည့်သပိတ်ခေါင်းဆောင်များ၏ သစ္စာပြုချက်မူရင်းအား အင်္ဂလိပ်ဘာသာဖြင့် (We the following, are the leaders of the movement in boycotting the Rangoon University. We affirm it on  oath that we will stand  by or fall together in case our movement miscarries. 3.12.20) ဖြစ်ပြီး သပိတ်ခေါင်းဆောင် ၁၁ ဦးမှ လက်မှတ်ရေးထိုးခဲ့ပါသည်။

ဒီဇင်ဘာ ၄ ရက်တွင်    ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်မှ ကျောင်းသား ၆၀၀ ခန့်စုဝေးမိပြီး အောက်ပါဆုံးဖြတ်ချက် (၃)ရပ်ချမှတ်ပါသည်-

၁။ ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ကြောင်း    ကြေညာသည့်အခါ   ကျောင်းသားများ စာအုပ်ပိုက်၍ သပိတ်မှောက်ပြီဟု အော်ဟစ်ကာ ကျောင်းတွင်းမှထွက်ခွာရန်။

၂။ အက်ဥပဒေအရ မြန်မာများပညာသင်ကြားရာတွင် နစ်နာအောင်ချုပ်ချယ်သည်ဖြစ်၍   ပြုပြင်ပေးရေးအတွက် အင်္ဂလိပ်အစိုးရအား အရေးဆိုရန်။

၃။ ပြုပြင်မပေးသရွေ့ ကျောင်းပြန်မတက်ရန်တို့ဖြစ်သည်။

သပိတ်မှောက်ရန်ဆွေးနွေးတိုင်ပင်မှုများအား ဗဟန်းကြားတောရလမ်းရှိ ဦးအရိယကျောင်းတိုက်တွင် ပြုလုပ်ခဲ့ပြီး သပိတ်စခန်းကို တိုင်တစ်ရာကျောင်းတိုက်တွင် ဖွင့်လှစ်သည်။ ဆက်လက်၍ သပိတ်ကော်မတီဝင် ၂၆ ဦး  တိုးချဲ့ဖွဲ့စည်းကာ   ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါစေ၊ ဆာရယ်ဂျီနယ်ကရက်ဒေါက်ပြန်သွားဟူသည့် ကြွေးကြော်စာများ ဖြန့်ဝေကြပါသည်။ သပိတ်မှောက်ကော်မတီ၏ ဒီဇင်ဘာ ၈ ရက်ကြေညာချက်တွင် (ကျွန်တော်တို့သည်   တစ်တိုင်းပြည်လုံး  ကျွန်ဘဝက မည်သည့်အခါမှ မလွတ်ကင်းသည့် ဗျူရိုကရက်တို့၏ သိပ္ပံကျောင်းဥပဒေကို ဖျက်ဆီးရန်ရှိပါသည်။ တိုင်းသူပြည်သားတို့၏ စိတ်အားထက်သန်သော အကူအညီဖြင့် လူငယ်တို့မှ ခုခံချေဖျက်ခြင်းမှတစ်ပါး  အခြားသောနည်းဖြင့်  တိုင်းပြည်ကိုကယ်တင်ဖို့ရာ နည်းလမ်းမရှိပြီဟု ယုံကြည်ပါ၏)ဟု ပါဝင်လေသည်။

ထိုကြေညာချက်ထုတ်ပြန်ပြီး ရန်ကုန်မြို့ရှိ ကျောင်းအားလုံး သပိတ်မှောက်ကြပါသည်။ မန္တလေး ကျောင်းသား သပိတ်သည် ဒီဇင်ဘာ ၁၀ ရက်တွင်စတင်ကာ မော်လမြိုင်၊ ပြည်၊ ပုသိမ်၊ ပဲခူး၊ လက်ပံတန်း၊ သာယာဝတီ၊ ညောင်တုန်း၊ သထုံ၊ ပျဉ်းမနား၊ စစ်ကိုင်း၊ ရွှေတောင်၊   မြင်းခြံ၊  ဟင်္သာတ၊  သုံးခွ၊  မင်းဘူး၊ မြန်အောင်မြို့တို့သို့ကူးစက်ကာ ကျောင်းပေါင်း ၄၄ ကျောင်း သပိတ်မှောက်ကြသည်။ ၁၉၂၀ ပြည့်နှစ် သပိတ်သည် ကျောင်းသားများ၏ ပညာရေးဆိုင်ရာ လှုပ်ရှားမှုမှ    အမျိုးသားအရေးတော်ပုံကြီးအဖြစ်   တစ်ဟုန်ထိုးကြီးထွားကာ ပြည်သူ့အရေးတော်ပုံဖြစ်ခဲ့သည်။

ကျောင်းသားသပိတ်ပေါက်ဖွားလာပုံ

အကျဉ်းနယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံအား ကျူးကျော်စစ်သုံးကြိမ်ဖြင့်   သိမ်းပိုက်ကာ   ကိုလိုနီပြုခဲ့သလို ပညာရေးတွင်လည်း ဖိနှိပ်ချုပ်ချယ်မှုများဖြင့် လူရာမဝင်အောင် ကြံဆောင်ခဲ့သည်။ ၁၈၉၄-၁၈၉၅ ခုနှစ်တွင် မူလရန်ကုန်အထက်တန်းကျောင်းအား ရန်ကုန်ကောလိပ်အဖြစ် ဖွဲ့စည်းပြီး ပညာရေး ဆင်ဒီကိတ်အဖွဲ့ဖြင့်   အုပ်ချုပ်ကာ  ပထမဆုံးကျောင်းအုပ်ကြီးမှာ ဂျေအိပ်ချ်ဂီးလ်ဘတ်ဖြစ်သည်။   ၁၉၀၄   ခုနှစ်တွင် ရန်ကုန်ကောလိပ်အား အစိုးရမှ တာဝန်ယူခဲ့ပြီး ရန်ကုန်အစိုးရကောလိပ် ဖြစ်လာပါသည်။

ထိုကာလအတွင်း အမေရိကန်သာသနာပြုအဖွဲ့သည် မြန်မာကျောင်းသားများ ကာလကတ္တားတက္ကသိုလ်တွင်  ပညာသင်ကြားနိုင်ရန် ၁၈၉၄ ခုနှစ်တွင် ကူရှင်ကျောင်း၌   ဥပစာတန်းဖွင့်လှစ်ပါသည်။   ရန်ကုန်ကောလိပ်အား အစိုးရမှ တာဝန်ယူချိန်တွင် အမေရိကန်သာသနာပြုအဖွဲ့သည် ဂျင်ဆင်ကောလိပ်ကိုဖွင့်လှစ်ပြီး သာသနာပြုပုဂ္ဂိုလ်   ဒေါက်တာဂျပ်ဆင်အား  ဂုဏ်ပြုသည့်အနေဖြင့် ၁၉၀၈ ခုနှစ်တွင် ဂျပ်ဆင်ကောလိပ်ဟု အမည်ပေးခဲ့သည်။

မြန်မာတိုင်းရင်းသားများသည် ၁၈၉၂ ခုနှစ်မှစတင်၍ သီးခြားလွတ်လပ်သော တက္ကသိုလ်တစ်ခုဖြစ်လာရန် လှုံ့ဆော်ခဲ့ကြရာ ၁၉၁၃ ခုနှစ်တွင် အိန္ဒိယအစိုးရမှ ရန်ကုန်မြို့တွင်   သီးခြားတက္ကသိုလ်ထူထောင်မည့် မူဝါဒချမှတ် ထားကြောင်း ဗြိတိသျှအောက်လွှတ်တော်၌ တင်ပြကြသည်။  ထို့နောက်   ဗြိတိသျှမဟာမင်းကြီး မစ္စတာမက်သယူး ဟန်းတား ဦးစီးအဖွဲ့ဝင် ၃၀ ပါ ယူနီဗာစီတီ အက်ဥပဒေရေးဆွဲရေး ကော်မတီကို ၁၉၁၈ ခုနှစ် ဇွန်လတွင် ဖွဲ့စည်းသည်။ ၎င်းကော်မတီတွင် အဖွဲ့ဝင် မြန်မာလူမျိုးခြောက်ဦးပါဝင်ပြီး ဝတ်လုံ ဦးမေအောင်၊ အမ်အေ ဦးမောင်ကြီး၊ ဘီအေ ဦးဘဖေ၊ ဘီအေ ဦးကွမ်း၊ ဘီအေ ဦးဘလှိုင်နှင့် ဦးအမ်အုံးခိုင်တို့ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် စက်တင်ဘာလတွင် မြန်မာပြည်ဥပဒေပြုကောင်စီမှ ရန်ကုန်တက္ကသိုလ်ဥပဒေကြမ်းကို အတည်ပြုပြီး စက်တင်ဘာ ၂၆ ရက်တွင် ဒုတိယဘုရင်ခံချုပ်မှလည်းကောင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ဘုရင်ခံချုပ်မှလည်းကောင်း အတည်ပြုကာ ဒီဇင်ဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာရန်လျာထားခဲ့သည်။

မြန်မာနိုင်ငံသားများသည် ရန်ကုန်တွင် တက္ကသိုလ်တစ်ခုထူထောင်ခြင်းကို ကျေနပ်သော်လည်း ဥပဒေပြဋ္ဌာန်းချက် အချို့သည်    နယ်ချဲ့ကျွန်သက်ရှည်ရေးနှင့် ကျွန်ပညာရေးစနစ်ကို   အထောက်အကူပြုလျက်ရှိကြောင်း သုံးသပ်မိ၍ ကန့်ကွက်ကြခြင်းဖြစ်ပါသည်။

မူလက ဒီဇင်ဘာ ၇ ရက်တွင် ဒုတိယဘုရင်ခံချုပ်မှ ရန်ကုန်တက္ကသိုလ်ဖွင့်လှစ်ကြောင်း ကြေညာသည့်အခါ သပိတ်မှောက်ရန်ဖြစ်သော်လည်း သတင်းပေါက်ကြားသဖြင့်   ဒီဇင်ဘာ ၅ ရက်တွင်   သပိတ်မှောက်ရန် ဆုံးဖြတ်ကြပါသည်။     ဤအခြေအနေများသည် ကျောင်းသားသပိတ်  ရုတ်ခြည်းပေါ်ပေါက်လာသော အကြောင်းရင်း ဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်တွင် သပိတ်မှောက်သည့် လုပ်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာကာ နိုင်ငံနှင့်အဝှမ်း ပျံ့နှံ့သွားပါသည်။ အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ (ကျွန်တော်တို့လွတ်လပ်ရေးရတာ အဲဒီနေ့ကြောင့်ပဲ) ဟူသည့် ဆိုစကားသည် သမိုင်းမှတ်တမ်းတစ်ခုဖြစ်ပါသည်။

အမျိုးသားနေ့သတ်မှတ်ခြင်း

လွတ်လပ်ရေးရရှိရန် ကြိုးပမ်းကြသည့် နိုင်ငံတိုင်းသည် နိုင်ငံနှင့်လူမျိုးတို့နှင့်သက်ဆိုင်သည့် အောင်မြင်မှု ရရှိသောနေ့ကို အမျိုးသားနေ့သတ်မှတ်သလို ဇာတိသွေး ဇာတိမာန်တက်ကြွ ထက်သန်စွာ ရည်မှန်းချက် ဆွတ်ခူးနိုင်မည့် ခြေလှမ်းစတင်သည့်နေ့ကိုလည်း အမျိုးသားနေ့အဖြစ်   သတ်မှတ်ပါသည်။  

၁၉၂၁ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် မန္တလေးမြို့၌ပြုလုပ်သည့် ဂျီစီဘီအေအသင်းချုပ်ကြီး၏ နဝမအကြိမ်  ညီလာခံမှ    အမျိုးသားနေ့ သတ်မှတ်ရေးဆွေးနွေးရာတွင်  သီပေါမင်းပါတော်မူသည့်နေ့၊ ဦးဥတ္တမအဖမ်းခံရသည့်နေ့၊  ရန်ကုန်တက္ကသိုလ် ဥပဒေအား   စတင်သပိတ်မှောက်သည့်နေ့များ ပါဝင်ပြီး  သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမြင့်က ရန်ကုန်တက္ကသိုလ်ဥပဒေကို  စတင်သပိတ်မှောက်သည့်နေ့အား အဆိုပြုကာ  ၎င်းအဆိုပြုချက်ဖြင့်   နောင်တွင်   နေရှင်နယ်ဦးမြင့်ဟု အမည်တွင်ခဲ့သည်။

၁၉၂၂ ခုနှစ် ဇွန်လတွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသည့်  ဂျီစီဘီအေအသင်းချုပ်ကြီး၏ အထူးညီလာခံမှ ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို  စတင်သပိတ်မှောက်သည့်နေ့အား   အမျိုးသားနေ့အဖြစ်   သတ်မှတ်ခဲ့သည်။ ကိုလိုနီခေတ်အတွင်း ကျင်းပသည့်  ၁၅   နှစ်မြောက်  အမျိုးသားနေ့တွင်   ဆရာကြီး သခင်ကိုယ်တော်မှိုင်းက      (လွတ်မြောက်ခြင်းကို အလိုရှိကြကုန်သော အမျိုးသား၊ အမျိုးသမီးမှန်သမျှတို့သည်    နှစ်စဉ်မပြတ်   အထိမ်းအမှတ်ပွဲလမ်းသဘင်ဖြင့် ဝှဲချီးဆင်ယင်ဖို့ရန် ဝတ္တရားရှိကြပေသည်) ဟု ပြောကြားသည်။

အမျိုးသားကောလိပ်စတင်ပေါ်ပေါက်ခြင်း

၁၉၂၁ ခုနှစ် သြဂုတ်လတွင် အမျိုးသားကောလိပ်အား ဗဟန်း ရွှေကျင်ကျောင်းတိုက်၌ စတင်ဖွင့်လှစ်ပြီး မြို့မကျောင်းအပါအဝင် နိုင်ငံအနှံ့ အမျိုးသားကျောင်းများ  ဆက်လက်ပေါ်ပေါက်ခဲ့သည်။   အမျိုးသားကောလိပ်တွင် ဒီးဒုတ်ဦးဘချိုက ကထိကတာဝန်ယူကာ ဘာသာရပ်နည်းပြများအဖြစ် သခင်ကိုယ်တော်မှိုင်း (မြန်မာစာနှင့်သမိုင်း)၊ ဆရာတော်ဦးဉာဏက(ပါဠိ)၊မစ္စတာရောင်း(နိုင်ငံရေးနှင့်စီးပွားရေး)၊ မစ္စတာချင်ဘမ်ဒရာ(စက်မှု၊ ကူးသန်း)၊  မစ္စတာဘနာဂျီ(ဘောဂ)တို့ ဖြစ်ပြီး စေတနာ့ဝန်ထမ်းနည်းပြများ ဖြစ်ကြသည်။

စာဆိုတို့၏အမြင်

ပထမဆုံးအမျိုးသားနေ့အတွက်     ဆရာကြီး သခင်ကိုယ်တော်မှိုင်းစပ်ဆိုခဲ့သည့် နေရှင်နယ်ဒေးဘွဲ့လေးချိုးတွင်

အေးဆုမြတ်လှုံ ယမုံသောင်ရေကမ်းပေပ၊

လေးဆူဓာတ်ပုံ ဒဂုံတောင်ခြေစခန်းတွင်မှ

နောင်အရှည်မနွမ်း ပြောင်သရေလျှမ်းဝေသောရယ်လို့

ဇောစိတ်ပဋ္ဌနာ(အိုရှင်) အောင်မြေဗဟန်းဆီက

ညောင်သပြေပန်းတွေနဲ့

အောင်ဝေမှန်းပါတဲ့ ကောလိပ်ပါ

ဟု အစချီကာ ပါရမီပြောင်ပြောင်   အကဲရယ်နဲ့   မကြာမီအခေါင်စွဲရအောင်ပ (အမယ်မင်း) အနှောင်မမြဲစေရ မှောင်ထဲက ထရမယ့် မြန်မာ့သဘင်အခါ ရွေးကြတဲ့ (အိုရှင်)ချောင်ထဲက တကာမတွေတောင်မှ  နောင်အထဲလှစေမယ့် အောင်ပွဲအစ  ပထမမင်္ဂလာဒေးဟု ကြည်နူးဖွယ်စပ်ဆိုခဲ့ပါသည်။

၁၉၃၅ ခုနှစ် နိုဝင်ဘာလထုတ် ကြီးပွားရေးမဂ္ဂဇင်းတွင်   ဆရာကြီးမင်းသုဝဏ်က 

အိုးဝေတဲ့တညံညံ၊

ရွှေဒေါင်းပျို   တောင်ညိုဦးမှာ၊  

ကျူးရင့်အောင်သံ၊ အောင်ပွဲရယ်ခံ၊

နိုင်ငံတဲ့သာရေး၊ မင်္ဂလာစည်တော်ရွမ်းချိန်မို့၊ 

ခွန်းချိုဆက်တေး 

ဟု  အမျိုးသားနေ့မင်္ဂလာနှုတ်ခွန်းဆက်ကဗျာကို ရေးသားစပ်ဆိုခဲ့သည်။

အမျိုးသားရေးစိတ်ဓာတ်ဆိုင်ရာ နမူနာများ

ပထမဆုံးအမျိုးသားနေ့အား   ၁၉၂၂   ခုနှစ် နိုဝင်ဘာ ၁၃ ရက်တွင်  ရန်ကုန်မြို့ ကန်တော်မင်္ဂလာပန်းခြံအနီး ကျင်းပခဲ့ရာ  ဆာမောင်ကြီးက  British Soldier Minus Gun Equal to Zero ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လိုဟောပြောပြီး ဗြိတိသျှအာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသည်။

ရေနံချောင်း အ.ထ.ကတွင် (၁၁)ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စကားရည်လုပွဲပြုလုပ်ရာ ခေါင်းစဉ်မှာ(မြန်မာတိုင်းရင်း ဖြစ်ကိုသာ ဝတ်ဆင်သင့်သည်) ဟူ၍ဖြစ်သည်။ အဆိုရှင်မောင်အောင်ဆန်း တင်သွင်းပြီးနောက် အချေရှင်တစ်ဦးက အဆိုတင်သွင်းသူသည် အသံကောင်းဟစ်နေကြောင်း၊ ၎င်းကိုယ်တိုင်နိုင်ငံခြား ဖြစ်စွပ်ကျယ်ဝတ်ထားမည် ဖြစ်ကြောင်း ချေပပါသည်။ မောင်အောင်ဆန်းသည် ချက်ချင်းဆိုသလို ခုံပေါ်တက် မတ်တတ်ရပ်ပြီး ဝတ်ထားသည့်ဖျင်အင်္ကျီကို ချွတ်ခဲ့ရာ စွပ်ကျယ်မပါသည့် ကိုယ်လုံးဖြစ်၍ ပရိသတ်များပွဲကျပြီး သြဘာလက်ခုပ်တီးကြရာ ကျောင်းခန်းမအား ဖုံးလွှမ်းခဲ့လေသည်။

၁၉၃၄ ခုနှစ် ဒိုင်အာခီအုပ်ချုပ်ရေးတွင် ဒေါက်တာဘမော်    ပညာရေးဝန်ကြီးဖြစ်လာပြီး      နှစ်စဉ်တန်ဆောင်မုန်း လပြည့်ကျော်    ၁၀    ရက်အား အမျိုးသားနေ့အဖြစ်  ကျောင်းများအားလုံးပိတ်ရန် အမိန့်ထုတ်ခဲ့သည်။ ဒေါက်တာဘမော် ဝန်ကြီးချုပ်ဖြစ်သည့်အခါ ၁၉၃၇  ခုနှစ်မှစတင်၍ အမျိုးသားနေ့အား    တရားဝင်ရုံးပိတ်ရက်အဖြစ်   သတ်မှတ်ခဲ့သည်။

ထို့အတူ  မြန်မာအမျိုးသားတို့၏ သမိုင်းဝင်အောင်ပွဲနေ့အား ပိုမိုပေါ်လွင်လေးနက်စေရန် ရန်ကုန်တက္ကသိုလ် ဥပဒေစတင် သပိတ်မှောက်သည့်   အင်္ဂလိပ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၅ ရက်အား အမျိုးသားနေ့ မသတ်မှတ်ဘဲ မြန်မာရက်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်အား အမျိုးသားနေ့အဖြစ် သတ်မှတ်ခြင်းသည် ရှေးလူကြီးသူမများ၏ အမြော်အမြင်ကြီးမားမှုနှင့် အမျိုးသားရေးလက္ခဏာကို ပေါ်လွင်စေသည်မှာ အမှန်ဖြစ်သည်။

အမျိုးသားနေ့သန္နိဋ္ဌာန်

အမျိုးသားနေ့သည် နယ်ချဲ့၏ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို ဆန့်ကျင်ကန့်ကွက်သည့်နေ့ ဖြစ်သည်။

ထိုမှတစ်ဆင့် တစ်နိုင်ငံလုံးအမျိုးသားရေး စိတ်ဓာတ်များ    နိုးကြားရှင်သန်ပြီး    လွတ်လပ်ရေးကြိုးပမ်းမှုအတွက်    အင်အားဖြစ်ခဲ့သည့် အရင်းခံစိတ်လည်း ဖြစ်သည်။ နယ်ချဲ့လက်အောက်ရောက်ရှိစဉ် မြန်မာလူမျိုးတို့၏ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်မှုအား   နောင်လာနောက်သားများ အတုယူနိုင်ရန် အမျိုးသားနေ့ (သို့) မြန်မာအမျိုးသားတို့၏ သမိုင်းဝင်နေ့အား  နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ်သည် ရာပြည့်အမျိုးသားနေ့ ဖြစ်သည်။

၁၉၂၀ ပြည့်နှစ် ကျောင်းသားသပိတ်သည် နိုင်ငံရေး အကျိုးအမြတ်များစွာ   ပေါ်ပေါက်ခဲ့ပြီး   ဖြစ်တည်လာသည့်   အမျိုးသားရေး စိတ်ဓာတ်ဖြင့်   နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်သည့်    တောင်သူလယ်သမား၊ အလုပ်သမားသပိတ်များနှင့် ၁၃၀၀ ပြည့်အရေးတော်ပုံများ   ဆက်လက်ပေါ်ပေါက်ခဲ့သည်။  

မျိုးချစ်စိတ်ဓာတ်နိုးကြား တက်ကြွမှုကြောင့် ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေ၊ တို့ဗမာအစည်းအရုံး၊ ဗမာ့ထွက်ရပ်ဂိုဏ်း  စသည်များဖွဲ့စည်းလှုပ်ရှား၍  လွတ်လပ်ရေး ရောင်ခြည်သန်းခဲ့သည်ကို တွေ့နိုင်ပါသည်။

မျက်မှောက်ကာလတွင် တိုင်းရင်းသားများလိုလား တောင့်တလျက်ရှိသည်မှာ   ထာဝရငြိမ်းချမ်းရေးပင်ဖြစ်ပါသည်။ မရှိအတူ ရှိအတူ၊   အေးအတူ ပူအမျှနေထိုင်ကာ   မည်သည့်အခြေအနေတွင်မဆို ပြည်ထောင်စုကြီးမှ ခွဲမထွက်ဟူသည့်    ခိုင်မာသည့် သန္နိဋ္ဌာန်များ မြဲမြံခဲ့ပါလျှင် မကြာမီကာလအတွင်း ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီး ပေါ်ပေါက် လာမည်မှာ      မြေကြီးလက်ခတ်မလွဲ ပါကြောင်း မှတ်တမ်းပြု ရေးသားအပ်ပါသည်။   ။

မောင်နေ(မြကျွန်း)