မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူးအခါသမယတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့်မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား

 

ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာများ ကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာ ပြုလုပ်မိတဲ့ မကောင်းတဲ့ အတွေး၊ အပြုအမူနဲ့ လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင် ကြတဲ့ကာလဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေဖြင့် ပြီးခဲ့တဲ့ နှစ်ဟောင်းကာလ အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနှင့် စိန်ခေါ်မှုများကို ရင်ဆိုင် ကျော်လွှားနိုင်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယခုနှစ်သစ်မှာလည်း ကျွန်တော်တို့ အစိုးရအနေနဲ့ ပြည်သူအားလုံးရဲ့ ဇွဲ၊ သတ္တိ၊ ခိုင်မာတဲ့ ယုံကြည်ချက် တို့နဲ့အတူ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို အောင်မြင်အောင် ဆက်လက် ရင်ဆိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေနဲ့ ပြည်သူအားလုံးလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို မယိမ်းယိုင်စေဖို့ ဥပဒေနှင့်အညီ ထိန်းသိမ်းတည့်မတ်ပေးနေသလို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ဖို့အတွက်လည်း ခိုင်မာတဲ့ ရည်မှန်းချက်ထား ကြိုးပမ်း ဆောင်ရွက်နေပါတယ်။

ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံသားအားလုံးရဲ့ လူမှုစီးပွား ဘဝတိုးတက် ကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်များ၊ စီမံခန့်ခွဲမှုများ၊ နည်းလမ်းများကို အသုံးပြုပြီး ဆောင်ရွက်သွားမှာ ဖြစ်သလို နိုင်ငံတော်ရဲ့ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ တိုးတက် လာစေဖို့လည်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ပညာရေးကဏ္ဍမြှင့်တင်ရေးဟာ နိုင်ငံအတွက် အရေးကြီးပါတယ်။ ကျွန်တော့်အနေနဲ့ အထူးမေတ္တာရပ်ခံလိုတာကတော့ လာမယ့်ပညာ သင်နှစ်မှာ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားနိုင်ရေး နိုင်ငံသူနိုင်ငံသားများအားလုံး ပူးပေါင်းဆောင်ရွက်ပေးစေလိုပါ တယ်။

တစ်ဆက်တည်းမှာပဲ နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ဖို့အတွက်လည်း ကုန်ထုတ်လုပ်မှု နယ်ပယ်အားလုံးက ကြိုးစားဆောင်ရွက်ကြ စေလိုပါတယ်။ အခက်အခဲအကြပ်အတည်း မျိုးစုံကြားက နိုင်ငံ့စီးပွား အတိုင်း အတာတစ်ခုအထိ တိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ပိတ်ဆို့ တားဆီးမှုအပါအဝင် အခက်အခဲအချို့သာမရှိခဲ့ရင် နိုင်ငံ့ စီးပွားဟာဒီထက်မက များစွာတိုးတက်နေမှာဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။

အလားတူ တည်ငြိမ်အေးချမ်းမှသာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို ဆောင်ရွက်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ရေတိုကာလအတွက်မဟုတ်ဘဲ အနာဂတ် မျိုးဆက်များအထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်း ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ နှစ်ဟောင်းကာလအတွင်းမှာ အရှည်မမျှော်တွေးတဲ့ လိုအင်ဆန္ဒတွေ၊ ဘေးပယောဂတွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် အချို့သော ကိုယ်ကျိုးအတ္တလွန် ကဲတဲ့သူတွေဟာ ဒေသမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်ခဲ့ကြပါ တယ်။ ကိုယ့်ပြည်ထောင်စုဖွား တိုင်းရင်းသားအချင်းချင်းကို ဒုက္ခတွင်း ထဲရောက်အောင်တွန်းပို့ခဲ့တာကို တွေ့ကြုံခဲ့ရပြီးဖြစ်တာကြောင့် အရှည် ကိုမျှော်တွေးပြီး ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုပါတယ်။ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးကွဲအောင် သပ်လျှိုသွေးခွဲနေ တာကို ကျွန်တော်တို့အားလုံးရဲ့ သွေးစည်းညီညွတ်မှုနဲ့တုန့်ပြန် ပြသဖို့ လိုပါတယ်။

“စုပေါင်းညီညာ အောင်ကြောင်းဖြာ” “ကြိုးစားအားထုတ်မှု ကောင်းမှ ရလဒ်ကောင်းမည်” ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး နှစ်ဟောင်းက တွေ့ကြုံခဲ့ရတဲ့ဖြစ်ရပ်များကို သုံးသပ်ပြီး လာမယ့်နှစ် သစ်မှာ နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းပြီး နိုင်ငံတော်က ဆက်လက်လျှောက်လှမ်းမယ့် ပါတီစုံဒီမိုကရေစီ လမ်းကြောင်း မှာ တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစား ဆောင်ရွက် ပေးကြဖို့ ပြောကြားရင်း နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား ပြောကြား အပ်ပါတယ်။