တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ပိတ်ပွဲများ ပြုလုပ်

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ပိတ်ပွဲများ ပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဧပြီ - ၁၇

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရေကစားမဏ္ဍပ်ပိတ်ပွဲများကို  တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ် များမှ ရေကစားမဏ္ဍပ်များမှာ အသီးသီးကျင်းပရာ သင်္ကြန်ယိမ်းပြိုင်ပွဲများတွင် ဆုရရှိ ကြသည့် ပြိုင်ပွဲဝင်ယိမ်း အဖွဲ့များအား တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ က ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

အလားတူ ရေကစားမဏ္ဍပ်ပိတ်ပွဲများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ မိသားစု မြန်မာ့ရိုးရာအတာသင်္ကြန်မဏ္ဍပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရွှေနေကြာ ရေကစားမဏ္ဍပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် တပ်ရင်း/ တပ်ဖွဲ့အသီးသီးရှိ ရေကစားမဏ္ဍပ် များ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန် ဗဟိုမဏ္ဍပ်နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ ခေမရဌ်မဟာသင်္ကြန်မဏ္ဍပ်၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် ရေကစားမဏ္ဍပ်နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကမ်းနားလမ်းရှိ မွန်ပြည်နယ်အစိုးရမဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ကမ်းရိုးတန်း ဒေသတိုင်း စစ်ဌာနချုပ်ရှိ ပုလဲရွှေပြည်ရေကစားမဏ္ဍပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် မိသားစု မဟာသင်္ကြန်ရေသဘင် ပွဲတော် ရေကစားမဏ္ဍပ်၊ ပုသိမ်မြို့၊ ရှုခင်းသာဗဟိုမဏ္ဍပ်နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ မုံရွာမြို့၊ စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့သူမဟာသင်္ကြန် မဏ္ဍပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ်နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အသီးသီး ပြုလုပ်ကြရာ သင်္ကြန်ယိမ်းပြိုင်ပွဲများတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများနဲ့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

          ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာပိတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။