တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျ ခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

 

တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးမှ အကျဉ်းကျ ခံနေရသူများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

နေပြည်တော် ဧပြီ ၁၇

          အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတို့တွင် အကျဉ်းကျခံနေကြရသော နိုင်ငံသား အကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၃၆ ဦး၊ စုစုပေါင်း ၃၃၃၉ ဦး တို့ကို ယနေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

          ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်း အသီးသီးမှ အကျဉ်းကျခံနေကြသောအကျဉ်းသား၊ အကျဉ်းသူ ၃၃၀၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ ၃၆ ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ “နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်းနှင့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူတို့ကို ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သိရသည်။

          အကျဉ်းသား၊ အကျဉ်းသူများကို တစ်ဦးလျှင် ခရီးစရိတ်အဖြစ် ခရီးမိုင်တစ်မိုင်အား ငွေကျပ် ၃၅ ကျပ်နှုန်း၊ စားစရိတ်အား တစ်ရက်လျှင် ငွေကျပ် ၁ဝဝဝ နှုန်းဖြင့်  ဦးစီးရန်ပုံငွေမှလည်းကောင်း၊ စခန်းများမှလွတ်မြောက်သည့် အကျဉ်းသား/ အကျဉ်းသူများကို အလုပ်ဆင်းရက်အပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားဖြင့် တွက်ချက်ထားသော လုပ်အားခဆုငွေများကို အကျဉ်းသားများ လုပ်အားဖြင့် ကုန်ထုတ်လုပ်ရေးအဖွဲ့ ရန်ပုံငွေမှ လည်းကောင်း ပြည့်ဝစွာထုတ်ပေးခဲ့ကြောင်း သိရသည်။

          အကျဉ်းသားများအား လွှတ်ပေးရာတွင် အကျဉ်းထောင်ရုံးစိုက်ရာမြို့ရှိ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး၊ တိုင်းဒေသကြီး/ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ အကျဉ်းထောင် တာဝန်ခံအရာရှိ၊ သက်ဆိုင်ရာဒေသရှိခရိုင်/ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးတို့ ပါဝင်သောအဖွဲ့ဖြင့် ဆုံးမသြဝါဒစကား ပြောကြား၍ ထောင်လွတ် လက်မှတ်ပေးအပ်ခဲ့ကြောင်း သိရသည်။

          လွတ်မြောက်သွားသူ ၃၃၃၉ ဦးအနက် ကချင်ပြည်နယ်မှ ၇၀ ဦး၊ ကယားပြည်နယ် မှ ၁ ဦး၊ ကရင်ပြည်နယ် မှ ၄၀ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၉၈ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၇၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၃၆၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၁၅၈ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၅၃၀ ဦး၊ မွန်ပြည်နယ်မှ ၂၀၄ ဦး၊ ရခိုင်ပြည်နယ်မှ ၂၄၇ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၉၃၆ ဦး၊ ရှမ်းပြည်နယ်မှ ၁၆၁ ဦး၊ ဧရာဝတီတိုင်းမှ ၂၇၀ ဦးနှင့် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ သင်တန်းကျောင်းများမှ လူငယ် ၁၉၀ ဦး လွတ်မြောက်သွားကြောင်း သိရသည်။

          ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများနှင့် အကျဉ်းထောင်ရှေ့သို့ လာရောက်ကြိုဆိုသော ၎င်းတို့၏ မိသားစုဝင်များမှာ ပျော်ရွှင်ကြည်နူးစွာ ဖက်ရမ်းနှုတ်ဆက်ကြပြီး ခရီးဝေးသွားရောက်ကြမည့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ရသူများအား ဘူတာရုံ၊ သင်္ဘောဆိပ်၊ ကားဂိတ်များသို့ မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့များက လိုက်လံပို့ဆောင် ပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

          ထို့အတူ ပြစ်ဒဏ်ကျခံနေရသော နိုင်ငံခြားသား အကျဉ်းသား/အကျဉ်းသူ ၈ ဦး၊ နိုင်ငံခြားသား (သီရိလင်္ကာနိုင်ငံသား)အကျဉ်းသား ၁၅ ဦး၊ နိုင်ငံခြားသား(အင်ဒိုနီးရှားနိုင်ငံသား) အကျဉ်းသား ၁၃ ဦးတို့အား နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အလေးထား သောအားဖြင့် လည်းကောင်း နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသောစည်းကမ်း ကန့်သတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြု၍ ပြည်နှင်ဒဏ် ပေးလိုက်ကြောင်း သတင်းရရှိပါ သည်။